၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် တစ်ပါတီတည်းအနိုင်ရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်သည့် အခြေအနေမဟုတ်ဘဲ ညွှန့်ပေါင်းအစိုးရတစ်ရပ်ပေါ်ပေါက်ပါက တိုင်းပြည်ကို ထိရောက်စွာ ဦးဆောင်နိုင်မည့်အဖွဲ့ဘက်ကို လိုက်ပါဆောင်ရွက်မည့် သဘောထားရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
သြဂုတ်၂၄ ရက်က ရန်ကုန်တိုင်းဒေကြီး တွံတေးမြို့နယ် ပါတီရုံးဖွင့်ပွဲအခမ်းအနားတွင် PPP ပါတီ ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့ အမြဲတမ်းပြောနေတဲ့ မူဝါဒကတော့ တကယ်လို့သာ ညွှန့်ပေါင်းအစိုးရ ဖြစ်ခဲ့တယ်။ အမျိုးသားညီညွတ်ရေးအစိုးရ တစ်ကယ်ဖြစ်ခဲ့တယ်ဆိုရင် ဘာကို ကြည့်ရမှာလဲဆိုရင် တကယ်အတွေ့အကြုံရှိပြီးတော့မှ တိုင်းပြည်ကို ထိထိရောက်ရောက်ဦး ဆောင်နိုင်တဲ့အဖွဲ့ဘက်ကပဲ ကျွန်မတို့လိုက်မယ်ဆိုတဲ့ဟာပေါ့။ မူအားဖြင့် ဒါမျိုးဆုံးဖြတ်ထားပါတယ်” ဟု PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိမည်ဟု ကြိုတင်ခန့်မှန်းနိုင်သလို ပြည်သူကအပြောင်းအလဲ လိုလားလျက်ရှိသော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိမည်ဟု ခန့်မှန်းနိုင်သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် မည်သည့်ရလဒ်ထွက် ပေါ်မည်ကိုမှန်းဆရန် ခက်ခဲသည်ဟု ဒေါက်တာသက်သက်ခိုင်က ဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်သည့် သက်တမ်းမကြာသေးမီမှာပင် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်၍ ပါတီကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအောင်နိုင်ရေးကို ဦးစွာအာရုံစိုက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
အပြာရောင်အခြေပြု PPP ပါတီကို အနီ (NLD ပါတီ) နှင့် အစိမ်း (ပြည်ခိုင်ဖြိုးပါတီ) အပေါ် ကြိုက်နှစ်သက်ခြင်းမရှိတော့သည့် ပြည်သူများအတွက် ရွေးချယ်စရာတစ်ခုအဖြစ် တည်ထောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် တစ်ပါတီတည်း အနိုင်ရအစိုးရ ဖွဲ့စည်းနိုင်မည့် အခြေအနေ ဖြစ်နိုင်သလို ညွှန့်ပေါင်းအစိုးရဖြစ်နိုင်ခြေလည်းရှိပြီး ယတိပြတ် ခန့်မှန်းရန်ခက်ခဲသည်ဟု ၎င်းက ပြောကြားသည်။
“အကယ်၍သာ ညွှန့်ပေါင်းအစိုးရထဲ မှာပါခဲ့မယ်ဆိုရင် ဘယ်ဘက်ကိုယိမ်းမှာလဲလို့ပြောရင် တိုင်းပြည်အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ဘက်ကို ကျွန်မယိမ်းမှာပါ။ အဲဒီအချိန်ဆိုရင်တော့ အတိအကျသိမှာပေါ့နော်။ ဒီဘက်ကဆိုရင် သမ္မတက ဘယ်သူ့ကိုခန့်မှာလဲ။ အစိုးရအဖွဲ့မှာ ဘယ်သူတွေထည့်မှာလဲ။ ဟိုဘက်ကလည်း သမ္မတက ဘယ်သူလဲ။ အစိုးရအဖွဲ့ ဘယ်သူတွေပါလဲပေ့ါနော်။ အဲဒီအထဲမှာမှ ကျွန်မတို့က လူမှန်၊ နေရာမှန်နဲ့ ရွေးချယ်ပြီးတော့မှ ထိရောက်တဲ့ အစိုးရဖြစ်တဲ့ဘက်ကို ပေါင်းရမှာဖြစ်ပါတယ်” ဟု PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျတို့သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ် ၉၀ ကျော်တွင် ကိုယ်စားလှယ်ပေါင်း၂၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။