ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေချိန်တွင်ပင် စစ်ရေးလှုပ်ရှားမှုများနှင့် စစ်အင်အားတိုးချဲ့မှုများ ပိုမိုများပြားလာနေသည်ကို တွေ့ရပြီး အဆိုပါနှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီက သြဂုတ် ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုသည်။
ယခုအချိန်တွင် COVID-19 ရောဂါပိုးသည် ရခိုင်ပြည်နယ် စစ်တွေမြို့မှစတင်ပြီး ကပ်ရောဂါအသွင် တစ်ဖန်ကူးစက်ပျံ့နှံ့နေပြီး ကူးစက်ပျံ့နှံ့မှုနှုန်းမှာလည်း အလွန်ပင် လျင်မြန်နေသောကြောင့် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက အလွန်ပင်စိုးရိမ်ပူပန်နေကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြခဲ့သည်။
လက်ရှိကာလတွင် ဗိုင်းရပ်စ်ရောဂါ ကူးစက်ခြင်းခံရ၍ ကျန်းမာရေးစောင့်ရှောက်မှုခံနေရသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ခံထားရသည့် မိသားစုဝင်များ၊ ဆင်းရဲနွမ်းပါး ပြည်သူများအပြင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသော စစ်ရှောင်ဒုက္ခသည် နှစ်သိန်းခန့်အတွက် စားဝတ်နေရေးနှင့် အခြေခံရိက္ခာစားကုန်များ ရရှိနိုင်ရေးအတွက် အစိုးရအနေဖြင့် ရခိုင်ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားသောအားဖြင့် တာဝန်ယူဆောင်ရွက်ပေးရန် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီက တောင်းဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများအား လာရောက်ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများအား လွတ်လပ်စွာ ကူညီဆောင်ရွက်ခွင့်ပေးရန်လည်း ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီက တောင်းဆိုခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြည်တွင်းစစ်ပွဲကာလသည် နှစ်နှစ်ခန့် ကြာရှည်လာပြီး ယခု COVID-19 ပြင်းထန် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေချိန်တွင်ပင် စစ်ရေးလှုပ်ရှားမှုများနှင့် စစ်အင်အားတိုးချဲ့မှုများ ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုကဲ့သို့ COVID-19 ကပ်ရောဂါဆိုး ကျရောက်နေချိန်တွင် ပြည်သူများ၏အကျိုးကို ရှေးရှုခြင်းအားဖြင့် လည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အားလုံးပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ရန်နှင့် ၎င်းဖြစ်စဉ်တွင် မည်သူတစ်ဦးတစ်ဖွဲ့ကိုဖြစ်စေ၊ လူမျိုး တစ်မျိုးကိုဖြစ်စေ ချန်လှပ်ထားခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်နှင့် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများကို လုံးဝရပ်တန့်ထားရန် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီက တောင်းဆိုခဲ့သည်။
ထို့ပြင် အပြစ်မဲ့အရပ်သားပြည်သူများ မတရားသဖြင့် ဖမ်းဆီးခံရမှုများ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှုများ၊ သေဆုံးဒဏ်ရာ ရရှိမှုများကိုလည်း ရခိုင်ပြည်သူလူထုက နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့်အတွက် ရခိုင်ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို သက်ဆိုင်သူအားလုံးက အမြန်ဆုံး ရပ်တန့်ပေးရန်လည်း ၎င်းတို့က တောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ပြည်တွင်းစစ်ပွဲနှင့် COVID-19 ကပ်ရောဂါဘေးဆိုးကြီး ကျရောက်နေချိန်တွင် ပြည်သူများ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရေးအတွက် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် အင်တာနက်လိုင်း 4G အမြန်ဆုံး ဖွင့်ပေးရန် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီက အစိုးရအား တိုက်တွန်းတောင်းဆိုခဲ့သည်။
ယခုကြေညာချက်ကို ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီနှင့်အတူ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဦးဆောင်ကော်မတီ၊ ကရင်ပြည်နယ်အရပ်ဘက် အဖွဲ့အစည်းများဖိုရမ်ကော်မတီ၊ မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီစသည့် အရပ်ဘက်အဖွဲ့အစည်းကိုးဖွဲ့ကလည်း ပူးပေါင်းပါဝင်ခဲ့သည်။















