COVID-19 ကန့်သတ်မှုများကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်ရာ၌ အခက်အခဲများရှိနေပြီး ကော်မရှင်၏ ဆောင်ရွက်ဆုံးဖြတ်မှုများသည် လာမည့်ရွေးကောက်ပွဲ၌ ဘက်လိုက်မှုရှိလိမ့်မည်ဟု နိုင်ငံရေးပါတီများက ယုံကြည်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောကြား

COVID-19 ကန့်သတ်မှုများကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်ရာ၌ အခက်အခဲများရှိနေပြီး ကော်မရှင်၏ ဆောင်ရွက်ဆုံးဖြတ်မှုများသည် လာမည့်ရွေးကောက်ပွဲ၌ ဘက်လိုက်မှုရှိလိမ့်မည်ဟု နိုင်ငံရေးပါတီများက ယုံကြည်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောကြား
Published 18 August 2020
နေရိုင်း၊ ဇေယျာထွန်း

COVID-19 ကန့်သတ်မှုများကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်ရာ၌ အခက်အခဲများရှိနေပြီး ကော်မရှင်၏ ဆောင်ရွက်ဆုံးဖြတ်မှုများသည် လာမည့်ရွေးကောက်ပွဲ၌ ဘက်လိုက်မှုရှိလိမ့်မည်ဟု နိုင်ငံရေးပါတီများက ယုံကြည်နေကြောင်း နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီရုံးချုပ်၌ သြဂုတ် ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူများက ပြောကြားသည်။

COVID-19 ရောဂါကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီတွင်းလုပ်ဆောင်နေသည် ့ကိစ္စရပ်များအား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ညီ မညီ ထိန်းကျောင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင် ၂ ရက်တွင် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ စာပို့ထားပြီး ရွေးကောက်ပွဲအတွက် စည်းရုံးရေးရက် နီးကပ်လာသည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူနှင့် ထိတွေ့မှုများ နှောင့်နှေးကြန့်ကြာနေမှုမျိုး ဖြစ်ပေါ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုသည်။

“ ကျွန်တော်တို့ ရွေးကောက်ပွဲကျင်းပမယ့်ရက်ဟာ တဖြည်းဖြည်းနဲ့စည်းရုံးရေး ရက်ကို နီးကပ်လာပြီ။ ဒီကြားထဲမှာ ကျွန်တော်တို့ ဘာလုပ်ရလဲဆိုရင် ပြည်သူလူထုကို မဲပေးပုံစနစ်တွေ။ ပြည်သူလူထုနဲ့ ထိတွေ့မှုတွေ။ ပေးရမယ့်သင်တန်းတွေမှာ အရမ်းနှောင့်နှေးကြန့်ကြာတာမျိုး ဖြစ်တယ်။ လုပ်ချင်တိုင်း ကိုင်ချင်တိုင်းက ဥပဒေရဲ့ကန့်သတ်ချက်က ပြိုင်ဘက်ကို ကြိုးတုတ်ပြီးတော့ လုပ်ထားသလို ဖြစ်နေတယ်။ တစ်ဖက်မှာကျတော့ အခွင့်အရေးတွေပေးပြီးတော့ တစ်ဖက်မှာကျတော့ ယှဉ်ပြိုင်ဘက် နိုင်ငံရေးပါတီတွေကျတော့ ကြိုးတုတ်ထားသလို ဖြစ်နေတယ်။ ဒါက ကျွန်တော်တို့ COVID-19 ကြောင့်မို့လို့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေကနေပြီးတော့ ထိန်းချုပ်ခံထားရတဲ့ နိုင်ငံရေးပါတီတွေရဲ့ဘဝကို ကျွန်တော်လက်ရှိအခြေအနေကို တင်ပြခြင်းဖြစ်တယ်” ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။

COVID-19 ရောဂါကြောင့် မဲပေးမည့်ပြည်သူများ အခက်အခဲမရှိစေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ဆောင်နေမှုများအား ပွင့်လင်းမြင်သာစွာချပြရန် နိုင်ငံရေးပါတီများအနေဖြင့် တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ ပွင့်လင်းမြင်သာမှုမရှိဘဲ ပါတီများ၏ ပြောဆိုအကြံပြုချက်များအပေါ် မျက်ကွယ်ပြုထားကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။

“ ကျွန်တော်တို့ပြောသမျှကို သူတို့မျက်ကွယ်ပြုထားပြီးတော့ ရွေးကောက်ပွဲကို ကျင်းပကြတော့မယ်။ အဲဒီလိုကျင်းပလိုက်ရင် လူတစ်ထောင်လောက် မဲပေးနိုင်တဲ့ဟာသည် လူ ၄၀၀ လောက် မဲမပေးရဘူးဆိုရင် အဲဒါသည် အုတ်အုတ်ကျက်ကျက် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်မလာနိုင်ဘူးလား။ အဲဒီလိုဖြစ်လာရင် အရေးပေါ်အခြေအနေတွေ ဖြစ်မလာနိုင်ဘူးလား။ ဒီလိုဖြစ်လာတယ်ဆိုရင် ပွင့်လင်းမြင်သာစွာ ပြည်သူကို ချမပြဘဲ ကျွန်တော်တို့တတွေရဲ့ အကြံပြုချက်တွေကို မဆောင်ရွက်ခြင်းဆိုသောအဖွဲ့အစည်းမှာသာ တာဝန်ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီအောင်နိုင်ရေးကို ဦးဆောင်မည့်သူဖြစ်ပြီး ပါတီဥက္ကဋ္ဌအနေဖြင့် COVID-19 ရောဂါကြေညာချက်မတိုင်မီအချိန်အထိ နိုင်ငံတော်၏အစီအမံများဖြင့် တစ်နိုင်ငံလုံးတွင် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း၊ COVID ကြေညာချက်ထုတ်ပြန်ပြီးနောက် တိုင်းပြည်ခေါင်းဆောင်တစ်ယောက်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာမှတစ်ဆင့်  ပြောဆိုနေမှုများအား မိမိတို့အနေဖြင့် နားလည်လက်ခံသော်လည်း ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စု တာဝန်ထမ်းဆောင်နေသည့်ပုဂ္ဂိုလ်များအား ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးနှင့် လူထုစည်းရုံးရေးများ ဆောင်ရွက်၍ရကြောင်း ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် လက်ရှိအချိန်အထိ ပါတီဥက္ကဋ္ဌအနေဖြင့် Live လွှင့်၍ ပြည်သူလူထုနှင့်တွေ့ဆုံမှု တောက်လျှောက်ဆောင်ရွက်နေကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

“ သို့သော် တစ်ဖက်ပါတီရဲ့အောင်နိုင်ရေးကို အဓိကဆောင်ရွက်မယ့်ပုဂ္ဂိုလ်က ဒီနေ့ ဒီအချိန်အထိ ပြည်သူနဲ့ ထိတွေ့ခွင့် အပြည့်အဝ နိုင်ငံပိုင်မီဒီယာတွေကို အသုံးပြုပြီးရနေတယ်။ တစ်ဖက်ပါတီပေါင်း ၉၀ ကျော် ပြိုင်ဘက်ပါတီတွေက ဒီနေ့ဒီအချိန်အထိ COVID ညွှန်ကြားချက်ကြောင့် ပါတီစည်းရုံးခွင့်။ ပြည်သူလူထု ထိတွေ့ခွင့်မရဘူး။ နိုင်ငံရေးသမားတွေက ပြည်သူလူထုနဲ့ထိတွေ့ခွင့်ကို COVID ကြောင့် တားမြစ်ခံထားရတယ်။ အဲဒါဆိုရင် COVID အမိန့်ထုတ်နေသော်လည်း အရပ်တကာမှာ စျေးထဲမှာ။ ဘတ်စ်ကားတွေပေါ်မှာ။ စားသောက်ဆိုင်တွေမှာ Social Distancing မညီ သွားလာနေထိုင်နေတဲ့ အခြေအနေတွေကျတော့ မထိန်းချုပ်ဘူး။ ဥပဒေအရဆောင်ရွက်ခြင်းမရှိဘူး။ လိုရင်လိုသလို ဥပဒေကို ကိုင်တွယ်သုံးစွဲပြီးတော့ မလိုရင်လည်း ဥပက္ခာပစ်ထားပြီးတော့မှ ပြည်သူကြားမှာရှိမှ ရှင်သန်နေမယ့် နိုင်ငံရေး ကိုယ်စားလှယ်လောင်းတွေကိုကျတော့ ဥပဒေ အကန့်အသတ်နဲ့ နေရမယ်။ ထောက်ရင်လည်း ဥပဒေအကြောင်းပြပြီး အရေးယူမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေက အခုအချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တဲ့နေရာမှာ အကန့်အသတ်တွေ အခက်အခဲတွေ အများကြီးရှိတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ထို့ပြင် ဦးလှသိန်းကော်မရှင်အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အငြင်းပွားမှုများမှစ၍ ယနေ့ကာလအထိ စီစဉ်ဆောင်ရွက်ဆုံးဖြတ်မှုများသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သေချာပေါက် ဘက်လိုက်မှုများ ရှိမည်ကို နိုင်ငံရေးပါတီများက ယုံကြည်နေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ဦးတင်အေးကော်မရှင်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာအသိအမှတ်ပြုအောင် ဆောင်ရွက်ပြီးတော့မှ ဒီနေ့ NLD အစိုးရဖြစ်ပေါ်လာတဲ့ အခင်းအကျင်းကို နိုင်ငံရေးပါတီတွေအားလုံးက ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံရေးပါတီတွေဟာ ဦးလှသိန်းကော်မရှင်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အငြင်းပွားမှု ပြဿနာတွေကနေ စတင်ထိတွေ့ခဲ့ကြပြီးတော့ ဒီကာလရောက်လာတဲ့အချိန်အထိ ဦးလှသိန်းကော်မရှင်ရဲ့ စီစဉ်ဆောင်ရွက် ဆုံးဖြတ်မှုတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ သေချာပေါက်ဘက်လိုက်လိမ့်မယ်လို့ ယုံကြည်ကြတယ်။ မြင်နေကြတယ်။ အကြောင်းမဲ့မပြောဘူး။ ကျွန်တော်တို့မှာ အထောက်အထား အတိအကျ အခိုင်အမာတွေ ရှိတယ်။ လုပ်ဆောင်ချက်တွေရှိတယ်။ ဥပမာပြောရရင် ရွေးကောက်ပွဲအငြင်းပွားမှုတွေကို ဆုံးဖြတ်ခဲ့တဲ့အမှုဖြစ်စဉ်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့အထောက်အထားနဲ့ ပြောလို့ရတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Most Read

Most Recent