ရှစ်လေးလုံးအရေးတော်ပုံနှင့် ရှစ်လေးလုံးစိတ်ဓာတ်

ရှစ်လေးလုံးအရေးတော်ပုံနှင့် ရှစ်လေးလုံးစိတ်ဓာတ်
Published 7 August 2020

ယနေ့သည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ၃၂ နှစ်ပြည့်မြောက်သော နေ့ဖြစ်သည်။ အဆိုပါအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသည့် အငယ်ဆုံးလူငယ်များသည်ပင်လျှင် အသက် ၅၀ ဝန်းကျင် ရှိကြပြီဖြစ်သည်။ သို့သော် ယခုအခါ ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ပတ်သက်သော စာအုပ်စာတမ်းအချို့ ထွက်ရှိနိုင်ခဲ့ပြီဖြစ်သောကြောင့်လည်းကောင်း၊ ရှေ့မျိုးဆက်က နောက်မျိုးဆက်အား လက်ဆင့်ကမ်း ပြောကြားခဲ့ကြသောကြောင့်လည်းကောင်း ယနေ့ခေတ် လူငယ်အများအပြား အဆိုပါ အရေးတော်ပုံကြီးအကြောင်းကို သိသင့်သလောက် သိရှိကြပြီးဖြစ်ပေလိမ့်မည်။ သို့သော် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ သမိုင်းကို ခိုင်မာပြည့်စုံအောင် ရေးသားပြုစုထားခြင်း မရှိသေးပေ။ ၎င်းအပြင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအား အမျိုးမျိုးပုံဖျက်ပြောဆိုခဲ့ကြသောကြောင့် နှောင်းလူများ တလွဲမှတ်ထားခဲ့ကြသည်များလည်း ရှိနိုင်သည်။

အမှန်တကယ်၌ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးသည် တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ခဲ့သော အရေးတော်ပုံကြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် တစ်နိုင်ငံလုံး တစ်ပြိုင်နက် ဆန္ဒပြခဲ့ကြသည့် ပထမဆုံးနှင့် အကြီးဆုံး အရေးတော်ပုံကြီးဟုပင် ဆိုနိုင်သည်။ မည်သူတစ်ဦးတစ်ယောက်တည်းကမျှ မည်သည့်အဖွဲ့အစည်းတစ်ခုတည်းကမျှ ဦးဆောင်လှုံ့ဆော်ခဲ့သောကြောင့် အရေးတော်ပုံကြီး ဖြစ်ပွားခြင်းမဟုတ်ဘဲ ချွတ်ခြုံကျနေသော စီးပွားရေးနှင့် အာဏာရှင်စနစ်တို့၏ဒဏ်ကို နှစ်ပေါင်းများစွာ ခါးသီးစွာ ကြိတ်မှိတ်ခံလာခဲ့ရသော ပြည်သူလူထုတစ်ရပ်လုံး နိုးကြားလာပြီး တညီတညွတ်တည်း ဆန့်ကျင်တွန်းလှန်ခဲ့ကြခြင်းသာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အဖွဲ့အစည်းတစ်ခုတည်း၏ ခေါင်းဆောင်မှုအောက်၌ ပေါ်ထွန်းလာခြင်းလည်း မဟုတ်ပါ။ အဆိုပါအရေးတော်ပုံကြီး ဖြစ်ပွားအောင် အမှန်တကယ် လှုံ့ဆော်ခဲ့သောအရာမှာ ကြိတ်မှိတ်ခါးစည်းခံခဲ့ရသော ပြည်သူလူထု၏ ဒုက္ခတရားများနှင့် အာဏာရှိသူတို့၏ မတရားဖိနှိပ်မှုများသာဖြစ်သည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံသမိုင်းတွင် အကြီးဆုံး၊ အင်အားအများဆုံး၊ အထိရောက်ဆုံး လူထုအရေးတော်ပုံကြီးဖြစ်သည်။ အာဏာရှင်စနစ်ကို ထိရောက်စွာ ထိုးနှက်နိုင်ခဲ့သောကြောင့် အာဏာရှင်များ ယာယီနောက်ဆုတ်ပေးခဲ့ရသော အရေးတော်ပုံလည်းဖြစ်သည်။ အဆိုပါအရေးတော်ပုံကြီးသည် ဒီမိုကရေစီလိုလားသော နိုင်ငံရေးသမားများ၊ ပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ မွေးထုတ်ပေးခဲ့သည်။ ပြည်ပနိုင်ငံပေါင်းများစွာတွင်လည်း အာဏာရှင်ကို ဆန့်ကျင်သည့် မြန်မာနိုင်ငံသားအစု အဖွဲ့များ၏ လှုပ်ရှားမှုများကို ဖြစ်စေခဲ့သည်။ အာဏာရှင်တို့၏ ဖိနှိပ်မှုနှင့် မြန်မာနိုင်ငံသားတို့၏ ဒုက္ခတရားကို ကမ္ဘာ့နေရာအနှံ့အပြားမှ သိရှိသွားကြသည်မှာလည်း အဆိုပါအရေးတော်ပုံကြီးကြောင့်ဖြစ်သည်။ သို့သော် ပြည်တွင်းနှင့် ပြည်ပရှိ နိုင်ငံရေးလှုပ်ရှား မှုအဖွဲ့များ ဟန်ချက်ညီညီ စုစည်းညီညွတ်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသောကြောင့် ပြည်သူတစ်ရပ်လုံး မတရားဖိနှိပ်ခံရမှုမှ လွတ်မြောက်ရေးဟူသည့် ပင်မရည်မှန်းချက်သည်ပင်လျှင် ယခုတိုင် မအောင်မြင်ရသေးခြင်းဖြစ်သည်။ သို့သော် အဆိုပါအရေးတော် ပုံကြီးကြောင့်ပင် ယခုကဲ့သို့ အရပ်သားအစိုးရဟု ခေါ်ဆိုနိုင်သော အစိုးရတစ်ရပ်ကား ပေါ်ထွန်းလာခဲ့သည်။ မည်သို့ပင်ဆိုစေ၊ ရှစ်လေးလုံး၏ ပင်မရည်မှန်းချက်ပန်းတိုင်မှာ စစ်ဘက်အာဏာရှင်စနစ်မှ အရပ်ဘက်အာဏာရှင်စနစ်သို့ ကူးပြောင်းရေးမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး မတရားဖိနှိပ်ခံရမှုမှ လွတ်မြောက်ရေးသာ ဖြစ်သည်။

အာဏာရှိသူတို့၏ ဖိနှိပ်မှုများနှင့် မတရားမှုများကို ခေါင်းငုံ့မခံဘဲ စုစည်းညီညွတ်စွာဖြင့် တွန်းလှန်ရဲသော စိတ်ဓာတ်သည် ရှစ်လေးလုံးစိတ်ဓာတ်ဖြစ်သည်။ ယင်းကဲ့သို့သော ရှစ်လေးလုံးစိတ်ဓာတ်ကို မျိုးဆက်အဆက်ဆက် ထိန်းသိမ်းကာ လက်ဆင့်ကမ်းပေးခြင်းဖြင့် ရှစ်လေးလုံးအရေးတော်ပုံ၏ ပင်မရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ် ၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent