ကိုဗစ်နှင့် စီးပွား​ရေးအပေါ်ရိုက်ခတ်နိုင်မှုပြဿနာ

ကိုဗစ်နှင့် စီးပွား​ရေးအပေါ်ရိုက်ခတ်နိုင်မှုပြဿနာ
Published 5 August 2020

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 သည် လက်ရှိအချိန်အထိ လူသားတို့ကို ကြီးစွာခြိမ်းခြောက်နေဆဲဖြစ်သည်။ နိုင်ငံများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို ဖိဖိစီးစီးလိုက်နာကျင့်သုံးရန် ပျက်ကွက်ခဲ့ပါက ကိုဗစ်ကပ်ဘေးသည် ကမ္ဘာတစ်ဝန်းပို၍ ဆိုးရွားလာနိုင်ဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးခဲ့သည်။ တစ်ကမ္ဘာလုံးတွင် ကိုဗစ်ကူးစက်ခံရသူ ၁၃ သန်းကျော်​ဖြစ်သွားပြီး ယခုဇူလိုင်လအစောပိုင်းမှစ၍ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၂ ဒသမ ၅ သန်း ရှိလာခြင်းကြောင့် သီတင်းပတ်ခြောက်ခုအတွင်း ကူးစက်မှုအသစ် နှစ်ဆတိုးလာသည်ဟု ကိန်းဂဏန်းများက ညွှန်ပြနေသည်။ ထို့ကြောင့် ကိုဗစ်သည် တားဆီးကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဝေနိုင်ခြင်းမရှိပါက ဒုတိယလှိုင်း၊ တတိယလှိုင်းစသဖြင့် ကြီးစွာခြိမ်းခြောက်နေသည့် သဘောတွင် ရှိနေသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်ဒုတိယလှိုင်းအတွက် စိုးရိမ်စရာဖြစ်သဖြင့် ပေါ့ဆမှုမရှိရန် လိုအပ်နေဆဲဟု သုံးသပ်ကြသည်။ ထို့ပြင်လူမှုစီးပွားရေးဆိုင်ရာ အကျပ်အတည်းများကလည်း ပြည်သူများအပေါ်ဖိစီးနေသည်။ ယင်းကို အာဏာပိုင်များအနေဖြင့် မည်သို့တုံ့ပြန်မည်နည်း။ စနစ်တကျထိန်းချုပ်နိုင်မှုနှင့် လိုအပ်သော ပံ့ပိုးကူညီမှုများ မလုပ်နိုင်လျှင် အန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်ခြင်းကြောင့်ပင်ဖြစ်​သည်။ ယခုအကျပ်အတည်းအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုများကို အနာဂတ်အား လှမ်းမျှော်ကြည့်ရှုလျက် လုပ်ဆောင်ရမည်ဖြစ်သည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။ ယင်းအကျပ်အတည်း နှစ်ရပ်စလုံးကို တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာမူ ဒေသအလိုက် မတူညီသော အနေအထားနှင့် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်သည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးလှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေးကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

COVID-19 ရောဂါ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ CNN သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စီးပွားရေးနှင့်ပတ်သက်၍ “ပထမဆုံးက တချို့သောကဏ္ဍတွေအပေါ် တိုက်ရိုက်ရိုက်ခတ်ချက်ရှိတာပါ။ ဥပမာအနေနဲ့ လေကြောင်းလုပ်ငန်းသေပြီ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း သေပြီ၊ ဒါတွေနဲ့ဆက်စပ်နေတဲ့ ခရီးသွားလုပ်ငန်းအားလုံးသေပြီ။ ဟိုတယ်တွေလည်း အထိုက်အလျောက် အကျပ်တွေ့နေပြီ။ အလျင်အမြန် ထွက်ခွာသွားမှာမဟုတ်တဲ့ ရိုက်ခတ်ချက်မျိုးပါပဲ။ ဒုတိယအနေနဲ့ တခြားနိုင်ငံတွေက အပြည့်အဝအလုပ်မလုပ်နိုင်ဘဲ စီးပွားရေး Lockdown ချခံထားရတာမို့ ထောက်ပံ့ရေးလမ်းကြောင်းတွေ မဝင်တာကြောင့် ထောက်ပံ့ရေးလမ်းကြောင်းကွန်ရက် ပြတ်တောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေလည်း ထိခိုက်ပါတယ်။ ကျန်တဲ့ စီးပွားရေးမှာလည်း ကျယ်ပြန့်တဲ့ အခြေခံသက်ရောက်မှု ဖြစ်ပေါ်တာပါပဲ။ အဲဒီနောက် ခင်ဗျားကိုယ့်ကိုယ်ကိုယ် ပြန်အလုပ်ခန့်ထားတဲ့၊ ရေတို ဒါမှမဟုတ် ယာယီကန်ထရိုက်နဲ့သာ အလုပ်ခန့်နိုင်တဲ့ စီးပွားရေးကို ရလိုက်ပါပြီ။ ဖျော်ဖြေရေးအပေါ် အမှီပြုတဲ့လူတွေ၊ ပုံမှန်လူမှုကိစ္စတွေအပေါ် အမှီပြုတဲ့လူတွေ၊ နေ့စားလုပ်ကိုင်ရသူတွေ၊ အဲဒီအလုပ်တွေအားလုံး အငွေ့ပြန်ပျောက်ကွယ်သွားပါပြီ။ လူတွေအနေနဲ့ သူတို့ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့၊ ပုံမှန်လူမှုကိစ္စတွေ၊ ပုံမှန်ခရီးသွားလာမှုတွေ၊ ပုံမှန်လူသားဆက်ဆံရေးတွေ ပြန်လည်ထိန်းသိမ်းနိုင်ပြီလို့ ယုံကြည်မှုရရှိသွားတဲ့အချိန်မျိုးအထိ ပြန်လည်ထောင်မတ်လာဖို့ ကျွန်တော်မမြင်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုထိတော့ ဒီအတိုင်းသွားနေဦးမယ်လို့ထင်ပါတယ်” ဟု ပြောကြားထားခဲ့သည်။

သို့ဖြစ်ရာ COVID-19 အကျပ်အတည်းက လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများကို မှန်မှန်ကန်ကန် လေ့လာသုံးသပ်လျက် အနာဂတ်အား လှမ်းမျှော်ကြည့်ရှုကာ တုံ့ပြန်မှုများ လုပ်ဆောင်ရန် အရေးပါပေသည်။ မြန်မာနိုင်ငံအနေဖြင့် မကြာမီတွင် စီးပွားရေးဆိုးကျိုးသက်ရောက်လာနိုင်မှုကို ခါးစည်းခံရမည့်နိုင်ငံများတွင် ပါဝင်လိမ့်မည်ဟု သုံးသပ်မှုများရှိနေရာ တာဝန်ရှိသူများက ကိုဗစ်တားဆီးထိန်းချုပ်ရေးအပြင် လူမှုစီးပွားဘဝများကိုပါ အဆိုးဆုံးအခြေအနေ ရောက်ရှိမသွားစေရန် သတိကြီးစွာ လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ် ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent