ဒေါ့မွန်မှ အင်္ဂလန်ကြယ်ပွင့် ဆန်ချိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်ယူအသင်း ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု မီဒီယာများစွာ ဖော်ပြနေပြီး ရက်ပိုင်းအတွင်း အတည်ပြုကြေညာဖွယ်ရှိနေ

ဒေါ့မွန်မှ အင်္ဂလန်ကြယ်ပွင့် ဆန်ချိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်ယူအသင်း ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု မီဒီယာများစွာ ဖော်ပြနေပြီး ရက်ပိုင်းအတွင်း အတည်ပြုကြေညာဖွယ်ရှိနေ
Published 4 August 2020

မန်ယူအသင်းသည် ဒေါ့မွန်အသင်းမှ အင်္ဂလန်ကြယ်ပွင့်တောင်ပံကစားသမား ဆန်ချို(၂၀ နှစ်)ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း မီဒီယာများစွာက ဖော်ပြနေကြပြီး ရက်ပိုင်းအတွင်း

အတည်ပြုကြေညာဖွယ်ရှိနေသည်။

ဆန်ချိုသည် ဝက်ဖို့ဒ်နှင့် မန်စီးတီးလူငယ်အသင်းများမှ တစ်ဆင့် ၂၀၁၇ ခုနှစ်တွင် ဒေါ့မွန်အသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဒေါ့မွန်အသင်းသည် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းသာ ပေးချေခဲ့ရသည်။

သို့သော် အချိန်တိုအတွင်းမှာပင် ဒေါ့မွန်အသင်း၌ နေရာရရှိလာပြီး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဒေါ့မွန်အသင်းက ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သလို၊ ထိပ်သီးအသင်းများစွာကလည်း ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားလာခဲ့ကြသည်။

ယင်းအတွက် ဒေါ့မွန်အသင်းက အနည်းဆုံးပေါင်သန်း(၁၀၀) ရရှိမှသာ ဆန်ချိုကို ရောင်းထုတ်မည်ဟု စျေးနှုန်းသတ်မှတ်ခဲ့သော်လည်း မန်ယူအသင်းက ဆက်လက်ကြိုးပမ်းနေခဲ့ပြီး ယခုအခါ ပြောင်းရွှေ့ကြေးအား (၃)ရစ်ခွဲပေးမည့် အစီအစဉ်ကို ဒေါ့မွန်အသင်းက လက်ခံဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းသည် ယခုနွေရာသီတွင် ပေါင်(၆၃)သန်း ဦးစွာပေးချေမည်ဖြစ်ပြီး လာမည့်နွေရာသီစျေးကွက်နှစ်ခု၌ ပေါင်(၂၇)သန်းနှင့် ပေါင်(၁၈)သန်း ထပ်မံပေးချေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စုစုပေါင်းပြောင်းရွှေ့ကြေးမှာ ပေါင်(၁၀၈)သန်းရှိမည်ဖြစ်ပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ဆန်ချိုကို (၅)နှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်သလို၊ လက်ရှိ ဒေါ့မွန်အသင်းတွင် ရရှိနေသော တစ်ပတ်လုပ်ခ ပေါင်(၁၉၀၀၀၀)ထက် တိုးမြှင့်ပေးရန် ကမ်းလှမ်းခဲ့ခြင်းကို ဆန်ချိုက သဘောတူလက်ခံခဲ့ကြောင်းလည်း သိရသည်။

ဒေါ့မွန်အသင်းသည် ဆန်ချို၏အပြောင်းအရွှေ့ကို သြဂုတ်(၁၀)ရက် နောက်ဆုံးထား၍အပြီးသတ်ရန် တောင်းဆိုထားသောကြောင့် ယခုအပြောင်းအရွှေ့မှာ ရက်ပိုင်းအတွင်း အတည်ပြုနိုင်ဖွယ်ရှိနေသည်ဟု သိရသည်။

 

Most Read

Most Recent