(၁)
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ညွှန်ကြားချက်များကို သြဂုတ် ၁၅ ရက်အထိ အမျိုးသားအဆင့် ဗဟိုကော်မတီက ထပ်မံတိုးမြှင့်လိုက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း လူငါးဦးထက် ပိုမစုဝေးရအစား လူ ၁၅ ဦးထက် ပို၍စုဝေးခြင်းမပြုလုပ်ရန် ဇူလိုင် ၂၉ ရက်တွင် အသီးသီးထုတ်ပြန် ကြေညာခဲ့သည်။
ထုတ်ပြန်ချက်တွင် Coronavirus Disease 2019 (COVID-19) ရောဂါပိုးကူးစက်ပျံ့နှ့ံမှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို သြဂုတ် ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားသည်။
ထိုသို့ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်ရာတွင် ဖြေလျှော့/ တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များ မပါဝင်ကြောင်း အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပိုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက် နေ့စွဲပါ အမိန့်အမှတ် ၃၇/၂၀၂၀ နှင့် မေ ၂၈ ရက် နေ့စွဲပါ အမိန့်အမှတ် ၅၆/ ၂၀၂၀ တို့ဖြင့် ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ငါးဦးဖြစ်စေ၊ လူ ငါးဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်းမပြုရန် ထုတ်ပြန်ခဲ့ပြီး ယခုအခါ COVID-19 ရောဂါ၏ လက်ရှိဖြစ်ပွားမှု အခြေအနေအရ သြဂုတ် ၁ ရက်မှ စတင်၍ အဆိုပါအမိန့်များတွင် ဖော်ပြထားသော ကိစ္စရပ်များမှအပ လူငါးဦးအစား လူ ၁၅ ဦးဖြစ်စေ၊ လူ ၁၅ ဦးထက် ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်လိုက်သည်။
ထို့ပြင် COVID-19 နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
(၂)
ယခုအခါ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော နိုင်ငံသားများ နိုင်ငံတွင်းသို့ တစ်နေ့တခြား များပြားစွာ ပြန်လည်ဝင်ရောက်လာခြင်း၊ စက်ရုံနှင့် အလုပ်ရုံများ ပြန်လည် လည်ပတ်လာခြင်း၊ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်လာခြင်း စသည်များကို ဖြေလျှော့မှု ပေးထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည့် ဆောင်ရန် ရှောင်ရန် အချက်များကို တိကျစွာလိုက်နာရန် အသိပေးနှိုးဆော်ထားသည်။ ထိုကဲ့သို့ ဆောင်ရန်ရှောင်ရန် အချက်များကို မလိုက်နာပါက ကူးစက်မှု ဒုတိယလှိုင်း ဖြစ်လာဖွယ်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သတိပေး တိုက်တွန်းထားသည်။
သို့သော် သြဂုတ် ၁၅ ရက်အထိ သက်တမ်းတိုးထားသော COVID-19 ကာကွယ် ထိန်းချုပ်တားဆီးရေး ညွှန်ကြားချက်များအရ မတ်လလယ်ခန့်မှစ၍ ရပ်နားထားသည့် ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးရန် ခွင့်ပြုလိုက်ပြီဖြစ်ကာ ရိုက်ကူးမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြန်ကြားရေးဝန်ကြီး ဌာနရုပ်ရှင် မြှင့်တင်ရေးဌာနခွဲသို့ တစ်ပတ်ကြိုတင် သတင်းပေးပို့ရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။ ဇာတ်ကားများ ရိုက်ကူးရန် ခွင့်ပြုခြင်းကို ဇူလိုင် ၂၇ ရက်ထုတ် နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းသို့ ထုတ်ပြန်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြုစုထားသည့် ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးရာတွင် လိုက်နာဆောင်ရွက်ရမည့် လက်စွဲစာစောင်နှင့် Checklist များကို ရုပ်ရှင်နှင့် ရုပ်သံအဖွဲ့အစည်းများသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ရိုက်ကူးမှုများ ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချ ဘေးကင်းမှုရှိစေရေးအတွက် လိုအပ်သလို လာရောက်စစ်ဆေးနိုင်ရန် ရိုက်ကူးမည့်ဇာတ်ကားအမည်၊ ရိုက်ကူးမည့်နေရာ၊ အချိန်နှင့်ပါဝင်မည့် လူအရေအတွက်အား ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ အနည်းဆုံး တစ်ပတ်ကြို တင်ပေးပို့ရန်နှင့် အဆိုပါပေးပို့လာသည့်စာရင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့လည်း ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ထိုသို့ ရိုက်ကူးမှုများကို ကျန်းမာရေးဆိုင်ရာ လာရောက်စစ်ဆေးမှုတွင် အဆင်ပြေချောမွေ့မှု ရှိစေရန်အတွက် တစ်ရက်တွင် ရိုက်ကူးနိုင်မည့် ရိုက်ကွင်းအရေအတွက် (ဥပမာ ငါးနေရာ သို့မဟုတ် ခုနစ်နေရာ) မည်သို့ဆောင်ရွက်ရမည်ကို ကြိုတင်ညှိနှိုင်းထားရန် မေတ္တာရပ်ခံထားသည်။
ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးခွင့်ပြုလိုက်ပြီဖြစ်သဖြင့် စတင်ရိုက်ကူးရန်အတွက် ရုပ်ရှင်လောကသားများ ပြင်ဆင်လျက်ရှိနေသည်။ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သွားရောက်ကြည့်ရှုပြီး လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍ ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ချိန်တွင် ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု ဇူလိုင် ၂၈ ရက်က သမ္မတအိမ်တော်၌ ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာ၊ ထိန်း၊ ကုကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရုပ်ရှင်ရုံများအုပ်စု ဥက္ကဋ္ဌတို့၏ အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ်တွင် ပြောကြားချက်များအရ သိရသည်။
(၃)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီတော်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုဦးမည် မဟုတ်ဘဲ ဆက်လက်ပိတ်ထားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။
“ အကုန်လုံးပိတ်ရမယ်လို့ ညွှန်ကြားချက်လာလို့ ပိတ်လိုက်ရတာ။ တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် ပိတ်ထားတာပါ” ဟု စွယ်တော်မြတ်စေတီ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၃၀ ရက်တွင် ပြောကြားထားသည်။
COVID-19 ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဇူလိုင် ၂၈ ရက် နေ့စွဲဖြင့် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် ဇူလိုင် ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း အပါအဝင် တာဝန်ရှိသူများက ရွှေတိဂုံစေတီ၊ ဆူးလေစေတီ၊ ဗိုလ်တထောင်စေတီ၊ စွယ်တော်မြတ်စေတီ၊ ကမ္ဘာအေးစေတီတို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ ဆောင်ရွက်ထားခြင်း ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
သို့ရာတွင် ဇူလိုင် ၃၀ ရက်တွင်မူ ယခင်ထုတ်ပြန်ထားသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ဘုရား၊ စေတီများကို ပြန်လည်ဖွင့်လှစ်ခြင်းမရှိခဲ့ဘဲ ဆက်လက်ပိတ်ထားသည်ကို တွေ့ရပြီး မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ဆိုခြင်းကိုလည်း မသိရှိရပေ။
ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့တွင်းရှိ ဆူးလေစေတီ၊ ဗိုလ်တထောင်စေတီတို့ ပိတ်ထားဆဲဖြစ်သည်ကို တွေ့ရပြီး အလားတူ မယ်လမုဘုရား၊ ဥက္ကလာပစေတီတော် စသည့် စေတီဘုရားများလည်း ပိတ်ထားသည်ကို တွေ့ရသည်။ ရွှေတိဂုံစေတီတော်မှာမူ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အခြားသော ဘုရား၊ စေတီတော်များနှင့် မတူဘဲ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို သီးသန့်လုပ်ဆောင်မှုများ ဆောင်ရွက်နေသည်ဟု သိရသည်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ပြန်ကြားရေးတာဝန်ယူထားသူ ဦးအေးထွန်းက “ ကျွန်တော်တို့ ရွှေတိဂုံဘက်က အခြားစေတီတွေနဲ့ သပ်သပ်စီပေါ့။ ကျွန်တော် အရင်ကလည်း ဖြေထားခဲ့သလိုပါပဲ။ ဘယ်ရက်မှာပြန်ဖွင့်မယ်ဆိုတာကို ဝန်ကြီးဌာနရယ် COVID-19 ကော်မတီတို့ရယ်ကို တင်ပြထားပြီး သူတို့ဘက်ကနေ ပြောလာမှာကို စောင့်နေပါတယ်။ ရွှေတိဂုံကတော့ သပ်သပ်စီပေါ့။ တိုင်းအစိုးရက ဘယ်လိုညွှန်ကြားချက် ထပ်ထုတ်ထားလဲကတော့ သူတို့ကို မေးမှရမယ်ထင်တယ်” ဟု ပြောကြားသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသအတွင်းရှိ သမိုင်းဝင်တန်ခိုးကြီးဘုရား ၁၇ ဆူအတွင်းသို့ ဘုရားဖူးများ ဝင်ရောက်ဖူးမြော်ခွင့်ကို ဇူလိုင် ၂၉ ရက်မှစတင်၍ ပြန်လည်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဘုရားဂေါပကများထံမှ သိရသည်။
ဇူလိုင် ၂၈ ရက် ညနေ ၆ နာရီက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ ထိုသို့သမိုင်းဝင်တန်ခိုးကြီး ဘုရားများအတွင်းသို့ ဘုရားဖူးများ ဝင်ရောက်ဖူးမြော်ခွင့်ကို ယာယီပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဗူးဘုရားဂေါကပ အတွင်းရေးမှူး ဦးခင်ရှိန်က ဆိုသည်။
“ ညွှန်ကြားချက်တာတော့ မလာသေးဘူးဗျ။ အခု ယာယီ ဒီလကုန်အထိပဲ ပိတ်ထားရတာ။ စာတော့ ထွက်မလာသေးဘူးလေ။ မနေ့က အစည်းအဝေးမှာတော့ အဲဒီလိုအတိုင်း ချပြလိုက်တာ။ လကုန်အထိ ယာယီခေတ္တ ပိတ်ထားပါလို့ဆိုပြီး ညွှန်ကြားထားပါတယ်။ ဘုရားဖူးတွေ လာရင် ဘေးကနေပဲဘုရားဖူးရမယ်။ ဒီမှာရှိတဲ့ ဘုရား ၁၇ ဆူစလုံး ပိတ်ခိုင်းထားတာဆိုတော့ အကုန်လုံး ပိတ်သွားပြီ။ ပုဂံမှာက ဘုရားဖူးနဲ့ လုပ်ထားတဲ့အတွက် ဘုရားဖူးရှိမှ ပြည်သူလူထုက စားဝတ်နေရေး ပြေလည်မှာကိုး” ဟု ၎င်းက ပြောကြားသည်။
COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသအတွင်းရှိ သမိုင်းဝင်စေတီ၊ ပုထိုးများအတွင်း ဘုရားဖူး ဧည့်သည်များ ဝင်ရောက်ဖူးမြော်ခွင့်ကို ပြီးခဲ့သည့် ဧပြီလအတွင်းမှစ၍ ယာယီပိတ်ထားခဲ့ရာမှ ဇွန်လ တတိယပတ်မှစ၍ ပုဂံဒေသရှိ ဟိုတယ်၊ တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသည်ယာဉ်လိုင်းများ ဖွင့်လှစ်သည့်အတွက် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှုများ ရှိသောကြောင့် ပုဂံဒေသစည်ကားလာပြီး ယာယီပိတ်ထားသည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားအချို့မှလည်း ကျန်းမာရေး ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်၍အတွင်းသို့ ဝင်ရောက်ဖူးမြော်ခြင်းများ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၃ ရက်အထိကို အီဒုလ်အဿွဟာ (ကုရ် ဘာနီအီးဒ်) နေ့နှင့် ၀ါဆိုလပြည့်နေ့ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့်အတွက် ရုံးပိတ်ရက်ရှည်ရ၍ ပုဂံဒေသသို့ ခရီးထွက်ရန် ပြင်ဆင်ထားသူ၊ သွားရောက်သူ များစွာရှိခဲ့သော်လည်း ယခုကဲ့လို ယာယီပြန်ပိတ်လိုက်သည့်အတွက် ခရီးသွားများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ တုပ်တုပ်လုပ်ငန်းရှင်များ၊ e-bike လုပ်ငန်းရှင်များ၊ ဘုရားစျေးသည်အားလုံး အခက်အခဲအချို့ ဖြစ်ခဲ့သည်။
“COVID ကာလတစ်လျှောက်လုံး ဘယ်မှမသွားခဲ့ရတော့ အခုရုံးပိတ်ရက်ရှည်ရတုန်း ပုဂံသွားမယ်ဆိုပြီး မိသားစုတွေ ပြင်ဆင်ထားတာ။ ဟိုတယ်တွေလည်း ဖွင့်ခွင့်ပေးလိုက်ပြီ။ ကားလိုင်းတွေလည်း ဖွင့်ခွင့်ပေးလိုက်ပြီဆိုတော့ ဘုရားဖူးလို့ အဆင်ပြေလောက်ပြီ ထင်လို့ သွားဖို့ပြင်ခဲ့တာ။ အခု အနားကပ်မှ တန်ခိုးကြီးဘုရားတွေကို မဖွင့်ဘူး။ ပိတ်ထားတယ်ဆိုတော့ ဘုရားကို အပြင်ကပဲဖူးရမယ့်ကိန်းပေါ့။ မတတ်နိုင်ဘူး။ ဟိုတယ်ခတွေ ကားခတွေ ပေးထားပြီးပြီဆိုတော့ သွားရမှာပဲပေါ့” ဟု ရုံးပိတ်ရက်ရှည်တွင် ပုဂံဒေသသို့ ဘုရားဖူးသွားရောက်ရန် ပြင်ဆင်ထားသည့် ကိုကျော်လွင်က ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

(၄)
ယခုကဲ့သို့ ၁၅ ရက် သက်တမ်း ဆက်လက်တိုးမြှင့်နေရခြင်းသည် COVID-19 ဒုတိယလှိုင်း ဖြစ်ပေါ်လာမည့်အပေါ် ကြိုတင်ကာကွယ်နေရခြင်းဖြစ်ပြီး အမှန်တကယ် ကြုံတွေ့လာပါက နိုင်ငံအနေဖြင့် ခံနိုင်ရည်မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။
COVID-19 ပိုးတွေ့လူနာများ၏ ရာခိုင်နှုန်း ၆၀ မှာ ရောဂါ လက္ခဏာ မပြခြင်းကြောင့် ဂရုမစိုက်မိ၍ ဒုတိယ၊ တတိယလှိုင်း ဖြစ်လာပါက ခံနိုင်ရည်မရှိကြောင်း ဇူလိုင် ၂၈ ရက်က သမ္မတအိမ်တော်၌ ပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာ၊ ထိန်း၊ ကုကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရုပ်ရှင်ရုံများ အုပ်စုဥက္ကဋ္ဌတို့၏ အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ တွေ့ရှိချက်အရ ရာခိုင်နှုန်း ၆၀ သော ပိုးတွေ့တဲ့သူတွေမှာ လက္ခဏာမရှိပါဘူး။ ပြည်သူထဲမှာ လက္ခဏာမရှိဘဲနဲ့ ပိုးရှိတဲ့သူတွေက အများကြီးရှိနိုင်ပါတယ်။ ဒီအချက်ကို ပြည်သူတွေ သတိပြုဖို့လိုပါတယ်။ အရင်တုန်းကဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ချောင်းဆိုးရင် အမှုန်အမွှားလေးတွေက လေးငါးပေပဲ ရောက်တယ်လို့ သတ်မှတ်ထားပါတယ်။ အခုမဟုတ်တော့ပါဘူး။ အမေရိကန်နိုင်ငံ ၊ အိန္ဒိယနိုင်ငံတွေမှာ ကူးစက်နှုန်းက အလွန်မြန်တဲ့အခါကျတော့ ဒီလိုမဖြစ်နိုင်တော့ဘူး။ ဆိုးလိုက်တဲ့ အသေးအမွှား အမှုန်လေးတွေက လေထဲမှာ ပျံ့လွင့်နေပါတယ်။ အဲဒါတွေကို ရှူမိရင် လူက ဖြစ်ပါတယ်။ ဒါ အလွန်ကြောက်စရာ ကောင်းပါတယ်။ ဒီဗိုင်းရပ်စ်ရောဂါ ရဲ့ အပြုအမူ၊ သဘောသဘာဝက အမြဲပြောင်းလဲနေပါတယ်။ သူ့ရဲ့ သဘောသဘာဝအပြုအမူ ပဋိဇီဝ ပစ္စည်း ဘယ်လောက်ထုတ်သလဲ။ ဘယ်လောက် Level အထိ ထုတ်သလဲ။ ဒါတွေကအခုအထိ ကောင်းကောင်းမသိသေးပါဘူး။ ဒါတွေက အရမ်းအရေးကြီးပါတယ်။ အခုချိန်မှာ ဒီရောဂါကို ကုဖို့ တိတိကျကျ ဆေးမရှိပါဘူး။ ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာပေါ် မူတည်ပြီး ဆေးကုသခြင်းဖြစ်တဲ့အပြင် ဒီရောဂါကူးစက်မှုက အလွန်မြန်ပါတယ်။ လူတစ်ယောက်မှာ ပိုးတွေ့လို့ရှိရင် တော်တော်ကြာမှ ပျောက်သွားပါတယ်။ အခုဆို ကျောင်းတွေလည်း ပြန်ဖွင့်လိုက်ပါပြီ။ စားသောက်ဆိုင်တွေရော၊ လက်ဖက်ရည်ဆိုင်တွေရော အားလုံးပြန်ဖွင့်တဲ့အခါကျတော့ တော်တော်ကို ဂရုစိုက်ရပါမယ်။ ဂရုမစိုက်ရင် ဒုတိယလှိုင်း၊ တတိယလှိုင်း ဒါမျိုးကို လာဖို့ ဖြစ်ပါတယ်။ လာလို့ရှိရင် အမေရိကန်နိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့နေ့က တစ်ရက်ကို ၇၂၀၀၀ တက်တယ်။ အိန္ဒိယနိုင်ငံမှာ အသစ်ပိုးတွေ့တဲ့ သူက ၄၈၀၀၀။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုသာဖြစ်ရင် ရိုးရိုးသားသား ပြောရရင် ဘယ်လိုမှ မခံနိုင်ပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ယခုအခါ ထိန်းချုပ်မှုများကို ဖြေလျှော့မှုများ ပြုလုပ်ရာ၌ ‘ စပရိန်တစ်ခုကို ဖိထားရာမှ ရုတ်ခြည်းလွှတ်လိုက်ပါက တွန်းကန်ခုန်ထွက်သွားနိုင်သဖြင့် တဖြည်းဖြည်းသာ ဖိအားကို လျှော့ချရသည့် အလားသဏ္ဌာန်နှင့်တူစွာ’ ရောဂါ၏ ဖြစ်ပွားမှုအရှိန်အဟုန်နှင့် ပျံ့နှံ့ကူးစက်မှုပေါ် မူတည်၍ ဖြေလျှော့မှုများကို တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း လျှော့ချ၍ ဆောင်ရွက်နေရကြောင်းကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သော ‘COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် လက်ရှိအခြေအနေအား ယေဘုယျ ခြုံငုံသုံးသပ်ချက် အကျဉ်းချုပ်’ တွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ သတင်းများကို လေ့လာကြည့်မည်ဆိုပါက အခြားနိုင်ငံများတွင် ကောင်းသွားပြီဆိုပြီး ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ဝင်လာသည်ကို တွေ့ရပါကြောင်း၊ မိမိတို့အနေဖြင့် ဒုတိယလှိုင်းကို ဖြစ်နိုင်ပါက လုံးဝကာကွယ်လိုပါကြောင်း၊ ဆိုးရွားစွာ မဖြစ်စေလိုပါကြောင်း၊ ထို့ကြောင့် ကာကွယ်ရေး ရှုထောင့်နှင့် ကုသရေးရှုထောင့်များအနေဖြင့် မည်သည်တို့ကို သတိပြုရန် လိုအပ်သည်၊ မည်သည့်အတွက်ကြောင့် သတိပြုရန် လိုအပ်သည် စသည်တို့ကို အများပြည်သူ ရှင်းရှင်းလင်းလင်းနားလည်နိုင်စေရန် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပေါ့ဆ၍ မဖြစ်သေးပါကြောင်း” ဇွန် ၃၀ ရက်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပါဝင်ဆောင်ရွက်နေသူများနှင့်အပြန်အလှန် ဆွေးနွေးရာတွင် ပြောကြားထားသည်။
(၅)
လက်ရှိအစိုးရအနေဖြင့် စက်ရုံအလုပ်ရုံများ၊ အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများ၊ စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သော်လည်း အခြားကဏ္ဍများဖြစ်သည့် ဘုရားစေတီများ၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ လူစုလူဝေး ဖြစ်စေသော ပွဲလမ်းသဘင်များ၊ ဖျော်ဖြေရေးကဏ္ဍများ အစရှိသည့် ကဏ္ဍများကိုမူ ခွင့်မပြုသေးပေ။ သို့သော် ဖျော်ဖြေရေးကဏ္ဍတွင် ပါဝင်သည့် ကာရာအိုကေဆိုင်များ၊ နိုက်ကလပ်များမှာမူ အောက်ခြေ၌ နားလည်မှုဖြင့် ဖွင့်လှစ်မှုများ ရှိနေသည့်အတွက် ပြည်သူများအကြား မေးခွန်းထုတ်မှုများလည်း ရှိနေသည်။
“ လက်ရှိ အုပ်ချုပ်ရေးပိုင်းကနေပြီး ပိတ်ခိုင်းထားတာတွေလည်း ဆက်ပိတ်ထားတုန်းပဲ။ တရားဝင် ဖွင့်ခွင့်ရနေတဲ့ စားသောက်ဆိုင်တွေလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ လုပ်ရမယ်လို့ စာထွက်ထားပေမဲ့ လမ်းညွှန်ချက်အတိုင်းလုပ်တာ နည်းပါတယ်။ နာမည်ကြီးဆိုင်အချို့မှာတော့ လိုက်နာတာကို တွေ့ရတယ်။ ဒါပေမဲ့ အများစု ညပိုင်းဖွင့်တဲ့ အရက် ဘီယာ ရောင်းကြတဲ့ စားသောက်ဆိုင်တွေဆိုရင်တော့ ပုံမှန်အတိုင်း ဖွင့်နေကြတာပဲ။ ကျွန်တော်သိရသလောက် ဘားတွေက တရားဝင်ဆိုရင် ဖွင့်ခွင့်မရသေးဘူးလို့ ကြားထားတာ အခုကျတော့ ညပိုင်းဖွင့်တဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေအားလုံးနီးပါးကတော့ ဖွင့်နေကြပြီ။ KTV တွေဆိုလည်း ပိတ်ထားဆဲဆိုပေမဲ့ မြေပြင်မှာတော့ အများစုက နားလည်မှုနဲ့ ဖွင့်နေကြပြီ။ ဘာ Social Distancing လည်း သိပ်မတွေ့ရဘူး။ ကျွန်တော်တို့ ဆိုလိုချင်တာက ဖွင့်လို့ရတဲ့အခြေအနေတွေဆိုလည်း ပေးဖွင့်လိုက်ပါ။ ဥပမာ ဘုရားတွေ၊ ဘာသာရေးဝတ်ပြုကျောင်းတွေဆိုရင် အခုချိန်အထိ ပိတ်ထားဆဲပဲ။ ဒီတော့ ရောဂါက စားသောက်ဆိုင်တွေမှာ မကူးဘဲနဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့နေရာတွေမှာပဲ ကူးနိုင်တယ်ဆိုတဲ့ အခြေအနေ ပုံစံမျိုးတောင် ဖြစ်နေတယ်လို့ ပြောရမယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ကိုကျော်ကျော်ဝင်း က ၎င်း၏အမြင်ကို ပြောကြားသည်။
(၆)
COVID-19 ကပ်ရောဂါသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သဖြင့် အစိုးရတစ်ရပ်လုံး ချဉ်းကပ်မှု၊ လူမှုအဖွဲ့အစည်း တစ်ရပ်လုံး ချဉ်းကပ်မှု၊ ပညာရပ် နယ်ပယ်စုံပါဝင်မှုနှင့် ကဏ္ဍစုံ ပါဝင်ပေါင်းစပ်ချဉ်းကပ်မှု ပုံစံများ ကျင့်သုံး၍ ဆောင်ရွက်လျက်ရှိသည်သာမက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုကိုခံယူကာ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် ဆောင်ရွက်နေမှုအခြေအနေ အရပ်ရပ်ကို စောင့်ကြည့်ဆန်းစစ် အကဲဖြတ်ခြင်းကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျန်းမာရေးဆိုင်ရာ လိုက်နာရန်လိုအပ်သည့် လမ်းညွှန်ချက်များ ထုတ်ပြန်ကြေ ညာထားသော်လည်း ပြည်သူများအနေဖြင့် ယခုအခါ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ခပ်ခွာခွာ နေထိုင်ခြင်းများကို လုပ်ဆောင်မှု အားနည်းလာပြီး ရောဂါဒုတိယလှိုင်းကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေသည်ဟု ပြည်ထောင်စုဝန်ကြီးက သတိပေး ပြောကြားထားသည်။
သို့သော် အစိုးရအနေဖြင့် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ ကျောင်းများပြန်လည် ဖွင့်လှစ်ခြင်း၊ စက်ရုံနှင့် အလုပ်ရုံများ ပြန်လည် လည်ပတ်လာခြင်း၊ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်လာခြင်း စသည်များကို ဖြေလျှော့မှု ပေးထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည့် ဆောင်ရန် ရှောင်ရန် အချက်များကို တိကျစွာ လိုက်နာရန် အသိပေးနှိုးဆော်ထားသည်။ ထိုသို့ ညွှန်ကြားထားဆဲဖြစ်သော်လည်း ပြန်လည် ဖွင့်လှစ်ခွင့်မပြုထားသည့် လုပ်ငန်းအချို့မှာ အောက်ခြေတွင် နားလည်မှုဖြင့် ဖွင့်လှစ်နေခြင်းမှာ နိုင်ငံအတွင်း COVID-19 ဒုတိယလှိုင်း ဖြစ်လာရန် ဖိတ်ခေါ်သလိုဖြစ်နေခြင်းကြောင့် စည်းကမ်းချိုးဖောက်နေသော လုပ်ငန်းကဏ္ဍများကို အစိုးရအနေဖြင့် ဥပဒေအရ ထိထိရောက်ရောက် လုပ်ဆောင်သင့်ကြောင်းကိုလည်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။
“ အဲဒီတော့အစိုးရအနေနဲ့ အုပ်ချုပ်ရေးပိုင်းရော ကျန်းမာရေးပိုင်းရော အခြေအနေမှန်ကို သုံးသပ်ပြီးတော့ ဖွင့်ခွင့်ပေးသင့်တယ် ထင်ရင်လည်း ဖွင့်ခွင့်ပေး။ ဖွင့်ခွင့် မပေးသင့်သေးဘူးဆိုရင်လည်း တိတိကျကျ တားမြစ်မှုတွေ လုပ်သင့်တယ်။ အခုက ထုံးစံအတိုင်းပဲ ဖွင့်တာတွေကဖွင့် ပိတ်တာတွေကပိတ်နဲ့ လူထုကြားမှာလည်း ရောဂါအတွက်ထုတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကိုလည်း ဂရုမပြုကြတော့ဘူး။ ဘာမှမဖြစ်သေးဘူးဆိုပေမဲ့ ဒါက အန္တရာယ်များပါတယ်” ဟု ကိုကျော်ကျော်ဝင်းက သူ၏အမြင်ကို ထောက်ပြပြောဆိုထားသည်။










