COVID-19 ကာလဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ မျှော်မှန်းထားသည့်အတိုင်း ဝင်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် လုပ်ငန်းစဉ်များကို OECD ၏ အကူအညီဖြင့် ပြန်လည်သုံးသပ်လျက်ရှိသည်။
ထို့ပြင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် လွယ်ကူချောမွေ့စေမည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာသေးမီက ဂျပန်ကုမ္ပဏီသုံးခုဖြစ်သည့် Marubeni ၊ Sumitomo Corporation နှင့် Mitsru & Co.တို့ ဦးဆောင်ရင်းနှီးမြှုပ်နှံမည့် LNG to Power စီမံကိန်းအတွက် Notice to proceed ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတွင် လျှပ်စစ်ဓာတ်အား ၁၂၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့်စက်ရုံ ပါဝင်သဖြင့် မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုတွင် အဓိကကျသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် စွမ်းအင်ကဏ္ဍ၏ အခြေခံအဆောက်အအုံများကို တိုးချဲ့ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အထူးစိတ်ဝင်စားမှုများ ရှိနေသည်ကိုသိရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။
အမေရိကန်အခြေစိုက် US-ASEAN Business Council မှ Senior Vice President & Regional Managing Director ဖြစ်သူ Mr.Michael W. Michalak ဦးဆောင်သော စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံအခြေစိုက် အမေရိကန်ကုမ္ပဏီ ၁၀ ခုမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် အမေရိကန်-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်သို့ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
မွန်ပြည်နယ်တွင် ဖော်ဆောင်မည့် အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်အနောက်ပိုင်းစက်မှုဇုန်စီမံကိန်း
COVID-19 အလွန်စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များ ပိုမိုဖော်ဆောင်နိုင်ရေးအတွက် မြန်မာ- ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဇူလိုင် ၂၉ ရက်က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
မဟာမဲခေါင်ဒေသခွဲ အရှေ- အနောက်စီးပွားရေးစင်္ကြံနှင့် ချိတ်ဆက်ပေးနိုင်မည့် မြန်မာနိုင်ငံ၏ အကြီးဆုံးဖြစ်လာနိုင်မည့် အထူးစီးပွားရေးဇုန်ကို မွန်ပြည်နယ်တွင် တည်ဆောက်ရေးနှင့် ရန်ကုန်အနောက်ပိုင်း စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်း နှစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ- ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။
ထိုသို့အကောင်အထည်ဖော်ရာတွင် အထူးစီးပွားရေးဇုန်အသစ်သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မဲခေါင်ဒေသခွဲ အရှေ့- အနောက် စင်္ကြံတို့ကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါအထူးစီးပွားရေးဇုန်သည် အခြားရှိနှင့်ပြီးသော အထူးစီးပွားရေးဇုန်များထက် ပိုမိုကြီးမားပြီး ချိတ်ဆက်မှု ပိုမိုရရှိမည်ဟု သိရသည်။
ထို့အပြင် အထူးစီးပွားရေးဇုန်အသစ်၏ နေရာရွေးချယ်ရေးနှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံများအကြား ဆက်သွယ်ထားသည့် စီးပွားရေးစင်္ကြံနှင့် အလွယ်တကူချိတ်ဆက်နိုင်သည့် နေရာဖြစ်ခြင်း၊ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်မည့် နေရာဖြစ်ခြင်း၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေး ကွန်ရက်မှတစ်ဆင့် သီလဝါအထူးစီးပွားရေးဇုန်နှင့် အလွယ်တကူချိတ်ဆက်နိုင်မည့် နေရာဖြစ်ခြင်း စသည့် အချက်များနှင့် ပြည်စုံသည့်နေရာတွင် အထူးစီးပွားရေးဇုန်အသစ်ကို တည်ဆောက်သွားရန် လျာထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က ဆိုသည်။
အဆိုပါ အထူးစီးပွားရေးဇုန်အသစ်နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့ ချိတ်ဆက်၍ အထူးစီးပွားရေးဇုန် တစ်ခုတည်းအသွင်ဖြင့် ဆောင်ရွက်သွားနိုင်မည်ဟု သိရသည်။
ယင်းမဟာဗျူဟာမြောက် နေရာကို ရွေးချယ်ရန်အတွက် နိုင်ငံတကာ အကြံပေးအဖွဲ့ဖြင့် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုများနှင့် Master Plan ကို ရေးဆွဲကာ ရင်းနှီးတည်ဆောက်သူကို ပွင့်လင်းမြင်သာစွာ ရွေးချယ်သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်အနောက်ပိုင်း စက်မှုဇုန်တည်ဆောက်ရေးအတွက် ရင်းနှီးတည်ဆောက်မည့် ကုမ္ပဏီရွေးချယ်ရန် နိုင်ငံတကာအကြံပေးအဖွဲ့ကို ရွေးချယ်လျက်ရှိကြောင်း၊ ယင်းနိုင်ငံတကာ အကြံပေးအဖွဲ့နှင့်ပေါင်းစပ်၍ ပွင့်လင်းမြင်သာသည့် စွစ်ယှဉ်ပြိုင်မှု တင်ဒါစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။
ဂျပန်နိုင်ငံရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ထိုသို့ဖန်တီးပေးနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ အဓိကအချက်တစ်ခုဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူစသည့် အထူးစီးပွားရေးဇုန်သုံးခုဖော်ဆောင်ရန် စီစဉ်ထားပြီး ယင်းအနက် သီလဝါအထူးစီးပွားရေးဇုန်မှာ လုပ်ငန်းများ လည်ပတ်နေကာ အအောင်မြင်ဆုံး အထူးစီးပွားရေးဇုန်အဖြစ် ရှိနေသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဂျပန်နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်ခဲ့သည့် သီလဝါ အထူးစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကိုးလကျော်အတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၁၆ ဒသမ ၅၅၇ သန်းအထိ ခွင့်ပြုပေးထားသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၂ ခုခန့်က ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန်ဥပဒေအရ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ ကုန်ထုတ်လုပ်မှုလုပ်ငန်း ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး အရောင်းအဝယ်လုပ်ငန်း ကိုး ရာခိုင်နှုန်းနီးပါးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွင် ငါးရာခိုင်နှုန်းခန့် ပါဝင်ကြောင်း သိရသည်။
သြဂုတ် ၁၀ ရက်နောက်ဆုံးထား လျှောက်ထားရမည့် COVID-19 ချေးငွေများ
COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများအတွက် COVID-19 Fund သို့ ကျပ် ဘီလျံ၁၀၀ ထပ်မံဖြည့်တင်းကာ ချေးငွေထုတ်ချေးမည်ဖြစ်ပြီး ချေးငွေများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးမည်ဖြစ်သည်။
လျှောက်လွှာများကို ကုန်သည်စက်မှုအသင်းချုပ်၊ ရန်ကုန်မြို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် ရယူနိုင်ကြောင်းနှင့် အွန်လိုင်းမှ လျှောက်ထားလိုသူများအနေဖြင့်လည်း https://umfccicovid19loan.mitcloud.com သို့ ဝင်ရောက်၍ လျှောက်ထားနိုင်သည်။
ချေးငွေထုတ်ချေးမည့်လုပ်ငန်းများသည် COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသာ နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်း ဖြစ်ရမည်၊ လက်ရှိလည်ပတ်နေသည့်လုပ်ငန်းဖြစ်ရမည်။ သို့မဟုတ် ယခုကြေညာချက် ထုတ်ပြန်သည့်နေ့မတိုင်မီ ယခင်ငါးလအတွင်းက ယာယီရပ်စဲထားသော်လည်း ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်နိုင်သည့် လုပ်ငန်းဖြစ်ရမည်။ လွန်ခဲ့သည့် နှစ် နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေ ရရှိနေသောလုပ်ငန်းဖြစ်ရမည်၊ ချေးငွေများ ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသော လုပ်ငန်းဖြစ်ရမည်၊ ချေးငွေအား ဝန်ထမ်းနှင့် လုပ်သားများ လစာပေးချေရန်နှင့် လက်ရှိလုပ်ငန်းလည်ပတ်ရန် ကိစ္စအတွက်သာ အသုံးပြုမည့်ကုမ္ပဏီဖြစ်ရမည်၊ COVID-19 Fund မှ ထုတ်ပေးမည့်ချေးငွေကို ယခင်က ရယူထားပြီး ဖြစ်သည့်လုပ်ငန်း မဖြစ်စေရစသည့်အချက်များ ပါဝင်သည်။
လက်ရှိအချိန်တွင် COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ်အဖြစ် ချေးငွေလျှောက်လွှာများ စတင်လက်ခံနေပြီး ချေးငွေများ ထုတ်ချေးတော့မည်ဖြစ်သည်။
အခြားတစ်ဖက်တွင် အမေရိကန်ကုမ္ပဏီများနှင့် ဂျပန်လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စင်ကာပူနှင့် တရုတ်နိုင်ငံတို့က ထိပ်ဆုံးမှ ရပ်တည်နေသည်။ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၆ ဘီလျံကျော်အထိ ရှိနေပြီး ဂျပန်နိုင်ငံက ဒေါ်လာ သန်း ၁၅၀၀ ကျော် မြှုပ်နှံထားပြီး အမေရိကန်အနေဖြင့်မူ စင်ကာပူတစ်ဆင့်ခံကာ မြန်မာနိုင်ငံသို့ ဝင်ရောက်မြှုပ်နှံနေခြင်း ဖြစ်သည်။










