ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ စီမံကိန်းများနှင့် တိုးတက်မှု အပေါင်းအနုတ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ စီမံကိန်းများနှင့် တိုးတက်မှု အပေါင်းအနုတ်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေတွင် အနားယူရေကစားနေသည့်မြင်ကွင်းကို ယခင်နှစ် ခရီးသွားရာသီက တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေတွင် အနားယူရေကစားနေသည့်မြင်ကွင်းကို ယခင်နှစ် ခရီးသွားရာသီက တွေ့ရစဉ်
Published 26 July 2020
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီးဟာ ဧရိယာစတုရန်းမိုင် ၁၃၅၅၆ ခန့် ကျယ်ဝန်းကာ လူဦးရေ ၆ ဒသမ ၅ သန်းကျော် နေထိုင်တဲ့ တိုင်းဒေသကြီး ဖြစ်ပါတယ်။ စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်သည့်အပြင် လူ့စွမ်းအားအရင်းအမြစ် ပေါလျှံခြင်း၊ မြေယာနယ်နိမိတ် ကျယ်ဝန်းခြင်း၊ ရှည်လျားတဲ့ ကမ်းခြေများ ရှိနေခြင်းကြောင့် လာရောက်ရင်းနှီးမြှုပ်နှံလိုသူတွေ များပြားခဲ့ပါတယ်။ ၂၀၁၀ ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက်ကနေစပြီး ၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအထိ ဧရာဝတီတိုင်းဒေသကြီးဟာ ဘာတွေဖွံ့ဖြိုးတိုးတက် ပြောင်းလဲခဲ့ပါပြီလဲ။

ဧရာဝတီတိုင်းဒေသကြီးအစိုးရဟာ အခြားသော တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များနဲ့ နှိုင်းစာလျှင် အပြောင်းအလဲများစွာ ရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်အပြောင်းအလဲ၊ ဝန်ကြီးများအပြောင်းအလဲ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ အပြောင်းအလဲများနဲ့ လေ့လာစောင့်ကြည့်သူများ စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အစိုးရသစ် စတင်တက်လာခဲ့ပြီးနောက် ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်ခဲ့ပေမဲ့ နှစ်နှစ်ကျော်ခန့်အကြာမှာ ကျန်းမာရေးကြောင့်ဟု အကြောင်းပြကာ ဝန်ကြီးချုပ်နေရာမှ အငြိမ်းစားယူခဲ့ပါတယ်။ ဦးမန်းဂျော်နီဟာ ကျန်းမာရေးကြောင့်ဟုဆိုကာ ဝန်ကြီးချုပ်နေရာမှ အနားယူခဲ့ပေမဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်အစည်းအဝေးများကို ကျန်းမာစွာ ပုံမှန်တက်ရောက်လျက် ရှိနေဆဲပါပဲ။ ဝန်ကြီးချုပ် ဦးမန်းဂျော်နီနေရာမှာတော့ မြန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှမိုးအောင်ကို ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲတာဝန် ပေးခဲ့ပါတယ်။ ဒါ့အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်ဟာ ပြည်ထောင်စုအဆင့်သို့ ပြောင်းရွှေ့တာဝန်ပေးခံရတာကြောင့် ဝန်ကြီးအသစ်အဖြစ် ဦးဌေးဝင်းကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းကိုလည်း ကျန်းမာရေးအရ အနားပေးခဲ့ပြီး ဦးတင်အောင်ဝင်းကို အစားထိုးခန့်အပ်ခဲ့တာကြောင့် အစိုးရအဖွဲ့အတွင်းမှာပဲ ဝန်ကြီးချုပ်နေရာ အပြောင်းအလဲနဲ့ ဝန်ကြီးနှစ်နေရာ အပြောင်းအလဲဖြစ်ခဲ့တဲ့ အစိုးရအဖွဲ့ပါပဲ။ ဒါ့အပြင် လွှတ်တော်ပိုင်းမှာဆိုလျှင် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးစံမင်းအောင်ကို လွှတ်တော်တွင်း အသုံးပြုရန် မော်တော်ယာဉ်များ ဝယ်ယူရာမှ လွဲမှားမှုတွေရှိတယ်ဆိုပြီး တာဝန်မှဖယ်ရှားကာ ဓနုဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးစန်းထွေးအား အစားထိုး တာဝန်ပေးခဲ့ပါတယ်။ တိုင်းနှင့်ပြည်နယ်အားလုံးထဲမှာ အပြောင်းအလဲအများဆုံးဟာ ဧရာဝတီပဲဖြစ်ပါတယ်။

 

ဘာတွေ ဖွံ့ဖြိုးတိုးတက်ခဲ့လဲ

ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ အပြောင်းအလဲများစွာ လုပ်ခဲ့တာကြောင့် ဧရာဝတီတိုင်းဒေသကြီးဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်လာမယ်လို့ လေ့လာသုံးသပ်သူများဟာ ယူဆခဲ့ကြပါတယ်။ စိုက်ပျိုးရေးကိုအခြေခံတဲ့ တိုင်းဒေသကြီးဖြစ်ပြီး ရေလုပ်ငန်း၊ ဆားလုပ်ငန်း၊ သစ်တောစိုက်ခင်းများစွာ၊ ခရီးသွားလုပ်ငန်းနဲ့ ရှည်လျားတဲ့ကမ်းခြေကို ပိုင်ဆိုင်ထားတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ဘာတွေများတိုးတက်ခဲ့ပြီး အစိုးရအဖွဲ့ဟာ သူတို့လုပ်ဆောင်မယ်လို့ ပြည်သူများအကြား ပြောဆိုခဲ့တဲ့ ပြောဆိုချက်တွေအနက် ဘယ်အရာတွေကို ကျေပွန်ခဲ့ပြီလဲဆိုတာ သိချင်နေကြပါတယ်။

 

ယခင်အစိုးရလက်ထက် စီမံကိန်းများနှင့် မိုးပျံလမ်းမကြီး

ဦးသိန်းအောင်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငရုတ်ကောင်းဒေသမှာ ရေနက်ဆိပ်ကမ်းများ စီမံကိန်းများကို လုပ်ဆောင်နိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ကြပါတယ်။ ဦးမန်းဂျော်နီ ဦးဆောင်တဲ့ အစိုးရလက်ထက်ကို ရောက်ရှိချိန်မှာတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ ပုသိမ်ဟိုတယ်မှာ ပြုလုပ်တဲ့ ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး Asia Pacific Finance Co,Ltd နဲ့ စင်ကာပူနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် Apcol Pte.Ltd တို့ ပူးပေါင်းလုပ်ဆောင်မယ့့် စီမံကိန်းအကြောင်းကို အစိုးရသစ်ထံ ကုမ္ပဏီတာဝန်ရှိသူတို့က ရှင်းလင်းပြခဲ့ပါတယ်။ ထိုပွဲမှာပင် ဒီစီမံကိန်းဟာ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သင့်တဲ့ စီမံကိန်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီက ပြောဆိုခဲ့ပါတယ်။ ထိုသို့ ရှင်းလင်းပြောကြားခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အကောင်အထည်ဖော် အောင်မြင်နေတယ်ဆိုတာကို မတွေ့ရှိရသေးပါဘူး။

ဒါ့အပြင် ပြည်သူများအကြားမှာ နာမည်ကျော်ကြားသွားရတဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ကတော့ မိုးပျံလမ်းစီမံကိန်းပါပဲ။ ဟင်္သာတမြို့မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲတစ်ခုမှာ ဝန်ကြီးချုပ် ဦးမန်းဂျော်နီဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့ကြီးများကို ဆက်သွယ်မယ့် မိုးပျံလမ်းကို ကုမ္ပဏီတစ်ခုက ဖောက်လုပ်ပေးမယ်လို့ ပြောကြားချက်ဟာ လူထုကြားမှာ တကယ့်ကို နာမည်ကျော် ဖြစ်စဉ်တစ်ခုပါ။ မိုးပျံလမ်းနဲ့ပတ်သက်ပြီးတော့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကတော့ ရန်ကုန်မြို့မှ ချောင်းသာကမ်းခြေသို့ မိုးပျံလမ်း ဖောက်လုပ်မည်ဟုဆိုသည်မှာ မဟုတ်မှန်ဘဲ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီတစ်ခုက လုပ်ငန်းအကြို လာရောက်လေ့လာ ဆန်းစစ်ခြင်းသာ ဖြစ်ကြောင်း၊ လမ်းများဖောက်လုပ်ရာမှာ ဧရာဝတီတိုင်းဒေသကြီး၏ မြေမျက်နှာသွင်ပြင် သဘောတရားအရ ရေကြီးကွင်းရေနက်ကွင်းများတွင် လမ်းများဖောက်လုပ်ရန်မှာ တောင်သူများ လယ်ယာများ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လာနိုင်သဖြင့် ရေနက်ကွင်းဒေသများတွင် Elevated Road ပုံစံဖြင့် လမ်းဖောက်လုပ်ပြီးနောက် ကုန်းမြေမြင့်မားသည့် နေရာများတွင် ကုန်းမြေပေါ်တွင် ဆက်လက်ဖောက်လုပ်သည့် ပုံစံမျိုးဖြင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရှင်းလင်းခဲ့ရပါတယ်။ လက်ရှိအချိန်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းက အဝေးပြေးလမ်းမကြီးတွေဟာ ရာသီမရွေး တန်ချိန်ပြည့်နဲ့ သွားလာနိုင်တဲ့ လမ်းမကြီးများအဖြစ် မရောက်ရှိသေးပါဘူး။

 

ရန်ကုန်- ပုသိမ်လမ်းမကြီးနဲ့ BOT ကုမ္ပဏီ

ပုသိမ်မြို့ကနေ ရန်ကုန်မြို့သို့ ၁၁၃ မိုင်၂ ဖာလုံရှည်လျားတဲ့ လမ်းမကြီးဟာ ယခင်အစိုးရ လက်ထက်ကတည်းက Oriental Highway ကုမ္ပဏီကို BOT စနစ်နဲ့ အငှားချခဲ့တဲ့ လမ်းမကြီးပဲဖြစ်ပါတယ်။ လမ်းကြေးများ ပုံမှန်ကောက်ခံနေသော်လည်း ပြုပြင်ထိန်းသိမ်းမှု မရှိတာကြောင့် လမ်းဆိုးရွားစွာ ပျက်စီးလာချိန်မှာ အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေနဲ့ ပြုပြင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ထိုသို့ လုပ်ဆောင်နေစဉ်အတွင်းမှာပဲ BOT ချထားတဲ့ Oriental Highway ကုမ္ပဏီထံကနေ အစိုးရမှ လက်လွှဲပြောင်း ပြန်လည်ရယူခဲ့ပြီးတော့ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများအပြင် ရန်ကုန်မြို့မှ ဗိုလ်မြတ်ထွန်းတံတားအထိ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၉၀၀၀ ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက် ပြင်ဆင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ လမ်းအဆင့်မြှင့်တင်နေတဲ့လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်တာကြောင့် အဆင့်မီလမ်းပိုင်းတစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်း လမ်းအားလုံးပြင်ဆင်ပြီးစီးပါက မူလ BOT ရရှိထားတဲ့ ကုမ္ပဏီကို အငှားပြန်လည်ပေးအပ်မယ်လို့ သတင်းများ ထွက်ပေါ်မှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အစိုးရအဖွဲ့က လုံးဝငြင်းဆန်ခြင်း မရှိသေးပါဘူး။

အစိုးရသစ်လက်ထက်မှာ မြောင်းမြကြိုးတံတား ပြတ်ကျမှုနဲ့ လက်ကျန်ကြိုးတံတားများကို အဆင့်မြှင့်တင် ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆင့်မြင့်တံတားများနဲ့ လမ်းပိုင်းအချို့ ပိုမိုကောင်းမွန်လာတာတော့ အမှန်ပါပဲ။ လုံးဝ တိုးတက်မှုမရှိခဲ့ခြင်းတော့ မဟုတ်ခဲ့ဘဲ အရှိန်မပြတ်ဖွံ့ဖြိုးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

 

အစိုးရသစ်လက်ထက် စီမံကိန်းများ

အစိုးရသစ်လက်ထက် စီမံကိန်းများအနက် အထင်ရှားဆုံးစီမံကိန်းများကို ပြောရမည်ဆိုလျှင် ဧရာဝတီတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ဆက်သွယ်မည့် ကမ်းခြေပတ်လမ်းစီမံကိန်း၊ ငရုတ်ကောင်းမြို့ နံ့သာပုကျေးရွာအနီးမှာ MPRL E & P Group of Companies က တည်ဆောက်မယ့် ကမ်းလွန်ရေနံ သဘာဝဓာတ်ငွေ့ ရှာဖွေရေးထောက်ပံ့ရေးစခန်း Offshore Supply Base စီမံကိန်း၊ ရွှေသောင်ယံမြို့ မီးလောင်ဂျိုင်ဒေသမှာ Zhefu & Supreme ကုမ္ပဏီမှ LNG to Power ဖြင့် မဂ္ဂါဝပ် ၁၃၉၀ ထုတ်လုပ်နိုင်မယ့် ဓာတ်အားပေးစက်ရုံ စီမံကိန်းတို့ပဲ ဖြစ်ပါတယ်။

ကမ်းခြေပတ်လမ်းစီမံကိန်းကတော့ လက်ရှိအချိန်အထိ လမ်းအူကြောင်းရှာဖွေမှု၊ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်များ ရှာဖွေနေမှုကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ကမ်းလွန် ရေနံသဘာဝဓာတ်ငွေ့ရှာဖွေရေး ထောက်ပံ့ရေးစခန်းဟာလည်း တည်ဆောက်ဆဲကာလမှာသာရှိနေပြီး သိသာသောတိုးတက်မှု ပျောက်ဆုံးနေပါတယ်။ အလားတူ LNG ဓာတ်အားပေးစက်ရုံဟာလည်း ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းစတင်အကောင်အထည်ဖော်မယ်ဆိုသော်လည်း အခက်အခဲများစွာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးမန်းဂျော်နီ အနားယူသွားပြီးနောက် ဝန်ကြီးချုပ် ဦးလှမိုးအောင် လက်ထက်မှာတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍကို အဆင့်မြှင့်တင်နိုင်ဖို့ လုပ်ခဲ့ပါတယ်။ လယ်ယာမြေများကို အချဉ်ဓာတ်တိုင်းပေးခြင်း၊ လယ်ယာမြေပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ အောင်မြင်ခဲ့တဲ့ စီမံကိန်းလို့ပြောလို့ရသော်လည်း လယ်ယာမြေအားလုံးကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် လယ်ယာမြေ မှုခင်းများကို အပြီးသတ်ဖြေရှင်းမယ်ဟု ကြေညာခဲ့သော်လည်း မပြီးဆုံးနိုင်သေးသည့် လယ်ယာမြေမှုခင်းများစွာ ကျန်ရှိနေပြီး ငွေဆောင် ဟိုတယ်ဇုန်နဲ့ မူလမြေပိုင်ရှင်များ နစ်နာကြေး ညှိနှိုင်းနေမှုဟာ သက်သေပါပဲ။

 

ပုသိမ်တံတားအသစ်ကြီးနှင့် ပုသိမ်ဆေးရုံ ကိုးထပ်ဆောင်ကြီး

မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကြိုးတံတားအားလုံးကို စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုစစ်ဆေးဆောင်ရွက်ပြီးနောက် ကြံ့ခိုင်မှုနည်းနေတဲ့ တံတားများကို အဆင့်မြှင့်တင်ခဲ့ပြီး ပုသိမ်တံတား၊ ကျွန်းကုန်းတံတားများကို အသစ်ဆောက်လုပ်ခဲ့ပါတယ်။ ပုသိမ်တံတားအမှတ် (၂) ဟာ လက်ရှိအချိန်မှာတော့ လုပ်ငန်းစဉ်အားလုံးနီးပါး ပြီးစီးနေပြီး မြို့ကျက်သရေအဖြစ် ရှိနေပါတယ်။ စတင်တည်ဆောက်စဉ်ကတော့ တံတားတည်ဆောက်မယ့်နေရာဟာ မြို့ရဲ့ အလယ်ဗဟိုအဖြစ်ရှိနေတာကြောင့် လမ်းပိတ်ဆို့မှုတွေ၊ မြစ်ကြောင်းပြောင်းလဲမှုတွေ ဖြစ်လာနိုင်ကြောင်း ဒေသခံများက ဝေဖန်ခဲ့ကြပါတယ်။ လမ်းပိတ်ဆို့မှုတွေကတော့ လက်ရှိအချိန်အထိ တံတား မဖွင့်လှစ်ရသေးတာကြောင့် လက်တွေ့ ဖြစ်လာနိုင်၊ မဖြစ်လာနိုင် မသိရှိရသေးပါဘူး။ သို့သော်လည်း တံတားအသစ်ရဲ့ ချဉ်းကပ်တံတားခြေရင်းမှာ မြို့တော်ခန်းမနဲ့ နိုင်ငံတော် ဧည့်ရိပ်သာရှိနေတာကြောင့် ပြည်ထောင်စုအဆင့် ပွဲတော်များကျင်းပရာနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ တည်းခိုနေထိုင်ဖို့ဆိုရင်တော့ လုံခြုံရေးအရ စိတ်ပူရတဲ့ အနေအထားပါ။ ရေလမ်းကြောင်း ပြောင်းလဲမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ပုသိမ်ကမ်းနားလမ်းတစ်လျှောက်ကို ကမ်းထိန်းနံရံများ တည်ဆောက်ပြီး လမ်းပိုင်းချဲ့ထွင်မှုများပါ ပြုလုပ်လျက် ရှိနေပါတယ်။ မကြာမီ လှပတဲ့တံတားနဲ့ ကမ်းနားလမ်းကို မြင်တွေ့လာရနိုင်ပါတယ်။ အစိုးရသစ်လက်ထက်မှာ စတင်တည်ဆောက်ခဲ့သည့် ပုသိမ်တံတားအမှတ် (၂) ဟာ လုပ်ငန်းပြီးစီးခဲ့ပြီဖြစ်ပေမဲ့ ယခင်အစိုးရလက်ထက်ကတည်းက တည်ဆောက်နေဆဲဖြစ်တဲ့ ပုသိမ်ဆေးရုံ ကိုးထပ်ဆောင် အဆောက်အအုံကတော့ လက်ရှိအချိန်အထိ တည်ဆောက်နေဆဲကာလပဲ ရှိနေပါသေးတယ်။ ပြည်သူများရဲ့ ကျန်းမာရေးအတွက် မကြာမီ ပြည့်စုံကောင်းမွန်သော ဆေးရုံသစ်ကြီး မြင်တွေ့လာရဖို့ မျှော်လင့်ရပါတယ်။

 

အဂတိတရား ကင်းရှင်းရေး

အဂတိတရားကင်းရှင်းရေးအတွက် အစိုးရသစ်လက်ထက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ စစ်ဆေးအရေးယူမှု များစွာကို လုပ်ဆောင်ခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအကြား အထင်အရှား ဖြစ်ခဲ့ရပြီး ကျေနပ်နှစ်သိမ့်နိုင်မှု အားနည်းခဲ့ရတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနဲ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ တစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။ လွှတ်တော်အတွင်း အသုံးပြုနိုင်ရန်အတွက် မော်တော်ယာဉ်များ ဝယ်ယူရာမှာ လွဲမှားမှုများ ရှိခဲ့တယ်လို့ဆိုပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပြီးနောက် တာဝန်ရှိသူများကသာ တရားစွဲသင့်သည်ဟု ဆုံးဖြတ်ကာ လွှတ်တော်ဝန်ထမ်းက တရားစွဲဆိုခဲ့သည့်ဖြစ်စဉ်အပြင် ကျေးရွာမီးလင်းရေးအတွက် ဒေသခံများထံမှ ငွေကြေးများကို ယာယီအလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ တိုင်ကြားခံရသည့် အိမ်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးအောင်ကျော်မြိုင်ကို ကော်မရှင်က စစ်ဆေးပြီးစီးချိန်မှာ လွှတ်တော်အနေနဲ့သာ သတိပေး အရေးယူဆောင်ရွက်မှု ပြုလုပ်သင့်တယ်ဟု ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူသတိပေး ဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထို့အတူ အင်း လေလံများ ရရှိရေးအတွက် လွဲမှားမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပန်းတနော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ဦးစန်းမောင်ကိုလည်း ကော်မရှင်က စစ်ဆေးပြီးနောက် လွှတ်တော်မှသာ အရေးယူသတိပေးရန် ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်ဥက္ကဌက ခေါ်ယူသတိပေးခဲ့သည်ဟုသာ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

 

တိုင်းရင်းသားရေးရာ ဖွံ့ဖြိုးတိုးတက်မှု

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ဗမာလူမျိုးအများဆုံး နေထိုင်ကြပြီး ဒုတိယအများဆုံးဟာ ကရင်လူမျိုးများ ဖြစ်ပါတယ်။ တတိယအဖြစ်ကတော့ ရခိုင်တိုင်းရင်းသားများပါဝင်ပြီး ချင်းတိုင်းရင်းသားများအပြင် အခြားသော တိုင်းရင်းသားလူမျိုးများ နေထိုင်လျက်ရှိပါတယ်။ တိုင်းရင်းသာရေးရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးများကိုလည်း ရွေးချယ် ခန့်အပ်ထားပါတယ်။ တိုင်းရင်းသားများ အများစုနေထိုင်ရာ ဒေသများမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ချက် အစီရင်ခံစာများကို လွှတ်တော်သို့ တင်ပြနေသည်ကို မြင်တွေ့နေရသော်လည်း တိုင်းရင်းသားဘာသာ သင်ကြားရေးအတွက် ယနေ့အချိန်အထိ ညှိနှိုင်းဆောင်ရွက်နေရဆဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် မန်းဂျော်နီလက်ထက်မှာ ဦးမန်းဂျော်နီ ဦးဆောင်မှုနဲ့ ကရင်တိုင်းရင်းသား အဘိဓာန်ပြုစုနေမှုဟာလည်း ဦးမန်းဂျော်နီ အနားယူပြီးနောက်ပိုင်းမှာ ဆက်လက်အောင်မြင်စွာ အကောင်အထည်မဖော်နိုင်သေးပါဘူး။

 

ကတိကဝတ်နှင့် လွှတ်တော်၊ အစိုးရ အပြန်အလှန်ထိန်းကျောင်းနိုင်မှု

“ အချက်အလက်ကို တင်ပြဖို့ ဥက္ကဋ္ဌက သက်သေကို တင်ပြခွင့် မပြုဘူး။ ဒါက မေးခွန်းနဲ့ မဆက်စပ်ဘူး ပြောတယ်။ ဒါက မေးခွန်းနဲ့ မဆက်စပ်တာမဟုတ်ဘူး။ ဒီလိုမျိုး မသမာမှုတွေ၊ ဥပဒေချိုးဖောက်တဲ့ ကိစ္စတွေ လုပ်နေတာဟာ တစ်ယောက်တည်းကို အရေးယူလို့ မရဘူး။ သူ့နောက်မှာ ကြိုးကိုင်နေတဲ့သူတွေရှိတယ်။ ဥပဒေကို လက်တစ်လုံးခြား လုပ်နေတဲ့သူတွေရှိတယ်။ ဒီလိုလူတွေကို အရေးယူဖို့လိုတယ်။ ဒီမှာ တကယ်တမ်း တာဝန်ရှိနေတာသည် အုပ်ချုပ်ရေးမှူးတွေ။ ဒီအုပ်ချုပ်ရေးမှူးတွေကို အရေးမယူတဲ့အခါကျတော့ ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ။ အုပ်ချုပ်ရေးမှူးတွေကို အရေးယူဖို့ မေးခဲ့တဲ့ မေးခွန်းတိုင်းမှာ ဘယ်လိုမှမဖြေကြားရဲဘူး။ အရေးယူမယ်ဆိုတဲ့ စကားလုံးကို မသုံးရဲဘူး။ အဲဒီတော့ အန်တီ့စိတ်ထဲမှာ ဒီတိုင်းအစိုးရဟာ ထွေအုပ်ရဲ့ လက်အောက်ကို ရောက်နေသလား အတွေးတွေ ဝင်မိတယ်။ ဒါ့ကြောင့် မတင်ပြလို့ မဖြစ်လို့ တင်ပြတာဖြစ်တယ်” လို့ ၀ါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်မြင့်မြင့်စန်းက “ လွှတ်တော်သည် အစိုးရကို ထိန်းကျောင်းပေးရမယ်ဆိုတဲ့ တာဝန်ရှိတယ်။ ဒါဆိုရင် ဒီမေးခွန်းတွေ ဖြေတဲ့အခါမှာ အမေးတခြား အဖြေတခြားဖြစ်နေတယ်။ ဒါကတော့ အောက်ခြေက ရေးပြတာကို ဖတ်ပြနေတာ။ ဒါကတော့ ဥပဒေကိုပဲ ဖတ်ပြနေတာ။ တကယ့်မြေပြင်အခြေအနေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ အရေးယူဖို့လိုအပ်တယ်။ သုံးသပ်ချက်ဆုံးဖြတ်ချက် မပေးသင့်ဘူးလား။ မေးခွန်းတွေ အဆိုတွေနဲ့ ပတ်သက်ပြီးတော့ စာသားတွေ ပြင်တာ၊ စာသားတွေဖျက်တာ၊ ပယ်ဖျက်တာ၊ ဆိုင်းငံ့တာ ဒီဟာတော့ ဖြစ်သင့်တယ်။ ဒါကတော့ မဖြစ်သင့်ဘူးဆိုတဲ့ သုံးသပ်ချက်၊ ဆုံးဖြတ်ချက် မပေးသင့်ဘူးလား။ နောက် အန်တီတို့တွေ ကတိကဝတ်မှာ ပေးထားတဲ့ ကတိတွေ။ အစိုးရကလုပ်ပေးရမယ့် ကတိတွေဟာ နှောင့်နှေးနေတယ်။ ဒါကို မြန်မြန်လုပ်ဖို့ မတိုက်တွန်းဘူးလား။ ဒါတွေကို ပြတ်ပြတ်သားသား မလုပ်တဲ့အခါကျတော့ လွှတ်တော် ဘာဖြစ်သွားသလဲ။ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်က ဘယ်မှာလဲ။ ဒါကို အန်တီ မေးချင်တာ။ ဒါ့ကြောင့် ဒီဟာသည် လွှတ်တော်က အစိုးရကို ထိန်းကျောင်းရမယ့် တာဝန်သည်လည်း ပျက်ကွက်တယ်။ ဒီလိုပဲ အန်တီက ပြောပါမယ်။ ဒီလိုအခုဖြစ်နေတဲ့ ပုံကိုကြည့်လေ။ တကယ်ကို အန်တီ တင်ပြတာကို နားထောင်ရမယ်။ ဒါက မဖြစ်သင့်ဘူးဆိုရင် ဖျက်ရင်ဖျက်လိုက်။ ဒါပေမဲ့ အန်တီ အာမခံထားပြီးသား။ အဆုံးအထိ တင်ပြခွင့်ပြုပါ။ ကြိုက်တဲ့ပုဒ်မနဲ့ အရေးယူပါလို့ ပြောထားပြီးသား။ သူတို့ နားမထောင်သင့်ဘူးလား။ ပြည်သူ့အတွက်ပဲ တင်ပြနေတာလေ။ အန်တီ့ ကိုယ်ကျိုးအတွက် အန်တီ တင်ပြနေတာ မဟုတ်ဘူး။ ဒီလိုဟာကို ဒီလိုပုံစံပြောတယ်ဆိုတာကို လုံးဝမကျေနပ်ဘူး။ ဒီဥက္ကဋ္ဌသည် နောင်တစ်ချိန်မှာ လွှတ်တော်ဥက္ကဋ္ဌနေရာ မထိုက်တန်ဘူးလို့ အန်တီပြောရဲတယ်။ ဒီအစိုးရသည်လည်း ထိုက်တန်ရဲ့လားဆိုတာ လေ့လာကြရမယ်” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

လွှတ်တော်အတွင်း ကိုယ်စားလှယ်များရဲ့ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမှုတွေမှာ အစိုးရအဖွဲ့အနေဖြင့် တိကျစွာဖြေကြား အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုတွေ နည်းပါးနေတယ်လို့ ကိုယ်စားလှယ်များက ဆိုပါတယ်။ ထင်ရှားသော ဥပမာကို ဆိုရပါလျှင် သာပေါင်းမြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်နေမှုမှာ ဌာနဆိုင်ရာအချို့ ပါဝင်နေမှုအတွက် စစ်ဆေးအရေးယူဆောင်ရွက်ပေးဖို့ သာပေါင်းမြို့နယ်ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါ ဆွေးနွေးမှုကနေတစ်ဆင့် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်။ ဒီစစ်ဆေးဆောင်ရွက်ချက်ကို လွှတ်တော်ကနေ တိုင်းဒေသကြီးအစိုးရထံကို ပြန်လည်ပေးပို့ခဲ့ပြီး အစိုးရအဖွဲ့က မည်ကဲ့သို့စစ်ဆေးဆောင်ရွက် အရေးယူခဲ့သည်ဆိုသည့် အကြောင်းပြန်ချက် ရရှိခဲ့သည်ဟု ယနေ့အချိန်အထိ သတင်း မထုတ်ပြန်နိုင်သေးပါဘူး။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘာတွေတိုးတက်ပြောင်းလဲခဲ့ပြီလဲ

ဝန်ကြီးချုပ် ဦးမန်းဂျော်နီ လက်ထက်မှာတော့ အဂတိတရား ကင်းရှင်းရေးကို အစဉ်တစိုက် ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးလှမိုး အောင်လက်ထက်မှာတော့ စိုက်ပျိုးရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ဖို့ အစဉ်တစိုက်ကို ပြောဆိုခဲ့ပါတယ်။ ယနေ့အချိန်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံလိုကြတဲ့ လုပ်ငန်းများစွာ ရှိနေပြီး ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှုရရှိပြီးဖြစ်သည့် လုပ်ငန်းများစွာလည်း ရှိနေပါတယ်။ တိုးတက်ပြောင်းလဲမှုများစွာ ရှိခဲ့သော်လည်း ပြည်သူများအကြားမှာ မပြည့်ဝသေးသော လိုအင်ဆန္ဒများစွာလည်း ရှိနေဦးမှာဖြစ်ပါတယ်။ မဲဆွယ် ကတိများနှင့် လက်တွေ့ဖြစ်စဉ် ထပ်တူ ညီ မညီ ဆိုသည်ကိုတော့ ပြည်သူများပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

Most Read

Most Recent