NLD ပါတီအပေါ်သစ္စာရှိကြောင်း အလုပ်ဖြင့် သက်သေပြပြီးသူများအား ကိုယ်စားလှယ်လောင်းအဖြစ် အဓိကထားရွေးချယ်ခဲ့ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

NLD ပါတီအပေါ်သစ္စာရှိကြောင်း အလုပ်ဖြင့် သက်သေပြပြီးသူများအား ကိုယ်စားလှယ်လောင်းအဖြစ် အဓိကထားရွေးချယ်ခဲ့ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Published 24 July 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအပေါ် သစ္စာရှိကြောင်း အလုပ်ဖြင့် သက်သေပြပြီးသူများကို ကိုယ်စားလှယ်လောင်းအဖြစ် အဓိကထားရွေးချယ်ခဲ့သည်ဟု ပါတီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇူလိုင် ၂၃ ရက်က အထွေထွေရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ပြီးနောက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ ပါတီဝင်များအား ရှင်းလင်းမှုတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဝင်ရောက်လာပြီး မိမိလုပ်ချင်ရာလုပ်ဆောင်သည့် ပုဂ္ဂိုလ်အချို့ကို တွေ့ခဲ့ရကာ မိမိလုပ်ချင်ရာ လုပ်ဆောင်မည်ဆိုလျှင် ပါတီဝင်ရောက်ရန် မလိုဘဲ တစ်သီးပုဂ္ဂလအနေဖြင့် ဆောင်ရွက်၍ရကြောင်း NLD ပါတီဥက္ကဋ္ဌက ဆိုသည်။

“ဒါကြောင့်မို့လို့ သစ္စာရှိကြောင်းကို အလုပ်နဲ့သက်သေပြခဲ့သူများကို ဦးစားပေးပြီးရွေးပါတယ်။ ဟိုဘက် ဒီဘက် ဘယ်သူ့ကို ဆုံးဖြတ်ရမှန်းမသိရင် တစ်ဖက်ကနေ ပြတ်ပြတ်သားသားသာနေရင်တော့ သာတဲ့သူကို ကျွန်မတို့ ရွေးပါတယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သို့ရာတွင် ပါတီအပေါ် သစ္စာရှိမှုအပါအဝင် အတွေ့အကြုံနှင့် အရည်အချင်းတို့ရှိသော်လည်း ကျန်းမာရေးနှင့် အသက်အရွယ်အရ ဆက်တာဝန်ထမ်းဆောင်နိုင်ခြေ မရှိသူများကို ချန်လှပ်ပစ်ခဲ့ရမှုများရှိသော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်အများစုသည် လူဟောင်းများဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပါတီအပေါ်သစ္စာရှိမှု အင်မတန်အရေးကြီးပြီး အထူးသဖြင့် နိုင်ငံအတွက်အရေးကြီးသည့် ဥပဒေနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရသည့် ပြည်ထောင်စုလွှတ်တော်အတွက် ပို၍အရေးကြီးသည်ဟု NLD ပါတီ ဥက္ကဋ္ဌက ဆိုသည်။

“ဒါကြောင့်မို့ ကျွန်မတို့ဟာ သစ္စာရှိရှိနဲ့ ကျွန်မတို့အဖွဲ့ချုပ်ရဲ့ မူဝါဒတွေ၊ ဒီမိုကရေစီ      ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုလားချက်တွေကို ထောက်ပံ့သွားမယ့် ကျွန်မတို့နဲ့အတူ လမ်းလျှောက်သွားမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို အထူးအလေးပေးပါတယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

NLD ပါတီ ဖြတ်သန်းလာရသည့်လမ်းသည် အင်မတန်မှကြမ်းတမ်းပြီး ရှည်လျားကာ လက်ရှိတွင်လည်း လမ်းဆုံးမရောက်သေးသည့်အတွက် ခံနိုင်ရည်ရှိမှုနှင့် သစ္စာခိုင်မြဲမှုကို အလေးထားရခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

၂၀၁၅ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်အချို့ ပါတီ၏ ဦးဆောင်မှုနှင့် မူဝါဒများအပေါ် အခြေခံဆောင်ရွက်မည်ဆိုသည့် ခံဝန်ချက်ကို ဖောက်ဖျက်မှုရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်လျှင် နည်းပါးကြောင်း၊ ထို့ကြောင့် ၂၀၁၅ တွင် ရွေးချယ်ခဲ့မှုသည် ယေဘုယျအားဖြင့် မှန်ကန်သည်ဟုဆိုနိုင်ကြောင်း ၎င်းက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးရှိရာတွင် ကိုယ်စားလှယ်ဟောင်း ရာခိုင်နှုန်း ၈၀ ပါဝင်ကြောင်း သိရသည်။

ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌ (၁) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့၊ ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်အားလုံး NLD ပါတီ အထွေထွေရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါဝင်လာခဲ့သည်။     

            ဉာဏ်လင်းထွန်း

Most Read

Most Recent