ထိပ်တန်းကစားသမားသစ်(၄)ဦး ခေါ်ယူအားဖြည့်မည့် မန်စီးတီးအသင်း အပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း(၃ဝဝ)ခန့် အသုံးပြုဖွယ်ရှိ

ထိပ်တန်းကစားသမားသစ်(၄)ဦး ခေါ်ယူအားဖြည့်မည့် မန်စီးတီးအသင်း အပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း(၃ဝဝ)ခန့် အသုံးပြုဖွယ်ရှိ
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 24 July 2020

မန်စီးတီးအသင်းသည် ရာသီသစ်အတွက် ပြင်ဆင်ရာတွင် ထိပ်တန်းကစားသမားသစ်(၄)ဦး ခေါ်ယူအားဖြည့်ရန် ပစ်မှတ်ထားနေသည့်အတွက် လာမည့်အပြောင်းအရွှေ့ဈေး ကွက်တွင် ပေါင်သန်း(၃ဝဝ)ခန့် အသုံးပြုဖွယ်ရှိနေကြောင်း ကတ်တလန်အခြေစိုက် Sport သတင်းစာက ဖော်ပြခဲ့သည်။

    

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း(၁၅၀)ခန့် သုံးစွဲလိမ့်မည်ဟု အစောပိုင်းက သတင်းထွက်ခဲ့သော်လည်း ယခုအခါ ယင်းပမာဏ၏ (၂)ဆ အသုံးပြုလိမ့်မည်ဖြစ်ကြောင်း Sport က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသင်း၏ခံစစ်ပိုင်းကို အဓိကအားဖြည့်ရန် ဆန္ဒရှိနေပြီး ခံစစ်အတွင်းလူနှစ်ဦး ခေါ်ယူရန် ပစ်မှတ်ထားနေသလို၊ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ဆာနေး၏နေရာတွင် အစားထိုးရန် တောင်ပံကစားသမားတစ်ဦးနှင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် ရည်ရွယ်နေကြောင်းလည်း Sport က ဖော်ပြခဲ့သည်။ 

ဂွါဒီယိုလာ ချိန်ရွယ်နေသည့် ကစားသမားများထဲ၌ နာပိုလီမှ ကူလီဘလီ၊ ဆီဗီလာမှ ဒီယေဂိုကားလို့စ်၊ အင်တာမီလန်မှ ရှကရီညာ၊ ဘိုင်ယန်မြူးနစ်မှ အလာဘာ၊ ဗလင်စီယာမှ ဖယ်ရန်တောရက်စ်၊ လေဗာကူဆင်မှ ဟာဗက်ဇ်တို့ ပါဝင်နေကြောင်းလည်း သိရသည်။

    

မန်စီးတီးအသင်းသည် ဖယ်ရန်တောရက်စ်ကို ခေါ်ယူရန် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပြီဟုပင် သတင်းထွက်နေသော်လည်း ဟာဗက်ဇ်မှာမူ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိရန် နီးစပ်နေပြီဟုလည်း ဂျာမန်မီဒီယာအချို့က ဖော်ပြနေကြသည်။ 

ဘိုင်ယန်မြူးနစ်အသင်းနှင့် တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည့် ဆာနေးကလည်း သတင်းစာရှင်းလင်းပွဲ၌ ချယ်လ်ဆီးသို့ ဟာဗက်ဇ် ရောက်ရှိမည်ဟု ထည့်သွင်းပြောကြားသွားခဲ့ကြောင်း သိရသည်။ 

မန်စီးတီးအသင်းသည် ဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင်(၅၅)သန်းဝန်းကျင်ဖြင့် ရောင်းချထားခြင်းကြောင့်လည်း အပြောင်းအရွှေ့ဈေးကွက်၌ ပေါင်သန်း(၃ဝဝ) ခန့် သုံးစွဲနိုင်သည့်အနေအထား ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို ဇူလိုင်(၂၇)ရက်တွင် စတင်ဖွင့်လှစ်ပြီး အောက်တိုဘာ(၅) ရက်တွင် ပိတ်သိမ်းမည်ဖြစ်သည်။

Most Read

Most Recent