ကတိသစ္စာဟူသည်ကား ...

ကတိသစ္စာဟူသည်ကား ...
Published 18 July 2020

“ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဟူသော ဆိုရိုးစကားသည် မြန်မာစာပေ၌ အထင်အရှား ရှိနေဆဲဖြစ်သည်။ လူအများစုသည် အချိန်မရွေး ကတိများပေးတတ်ကြသည်။ သို့သော် ပေးခဲ့သည့် ကတိများတည်စေရန် မည်သို့မည်ပုံ ထိန်းသိမ်းတတ်ကြပါသနည်း။ လူတစ်ဦးအတွက် ဘဝ၌ ပေးခဲ့သမျှ ကတိအားလုံး တစ်ခုမကျန် တည်အောင် ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။ မိမိအနေဖြင့် ကတိမည်မျှကို ချိုးဖောက်ခဲ့ပြီး ကတိများအား မည်သို့မည်ပုံ ကိုင်တွယ်ခဲ့သနည်းဟူသည်မှာ မိမိကိုယ်မိမိ နားလည်ရန်အတွက် အဓိကအချက်ဖြစ်သည်။ အဘိဓာန်၌ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကတိဟူသည် တစ်စုံတစ်ဦးအနေဖြင့် သတ်မှတ်ထားသည့် တစ်စုံတစ်ရာကို ပြုလုပ်ပါမည် သို့မဟုတ် ရှောင်ကြဉ်ပါမည်ဟူသော ကြေညာချက်ဖြစ်သည်။ လူတစ်ဦးကို သတ်မှတ်ထားသော လုပ်ရပ်တစ်ခုအား ပြုလုပ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို မျှော်လင့်ရန် သို့မဟုတ် အာမခံချက်ပေးရန် အခွင့်အရေးပေးမည်ဟူသည့် စည်းမျဉ်းသဘောအရ ကြေညာချက် ဖြစ်သည်။

လူတစ်ဦးအနေဖြင့် အခြားသူတစ်ဦးအပေါ် ကတိမတည်သည့်အခါ ထိုသူသည် အဆိုပါအခြားသူကို တန်ဖိုးမထားဟူသည့် ဆက်ဆံရေးသဘောကို ဆောင်သည်။ မိမိ ကတိပေးထားသည့် အရာအစား အခြားတစ်ခုကို ရွေးချယ်လိုက်ခြင်းလည်း ဖြစ်သည်။ အခြားသူများက ၎င်းတို့အနေဖြင့်  မိမိကို အားကိုးအားထားပြုရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်သွားကြပေလိမ့်မည်။ ဆက်ဆံရေး၌ သေးငယ်သော အက်ကြောင်းကလေးများ ဖြစ်ပေါ်လာခြင်းသည်ပင်လျှင် ကတိချိုးဖောက်မှု၏ အမှတ်အသားဖြစ်သည်။ ကတိချိုးဖောက်ခြင်းသည် အခြားသူများနှင့် ဆက်ဆံရေးကို တန်ဖိုးမထားရုံသာမက မိမိကိုယ်တိုင်၏ စကားကိုပင် မိမိအနေဖြင့် တန်ဖိုးမထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မိမိကိုယ်တိုင်ကိုပင် တန်ဖိုးမထားခြင်းဖြစ်သည်။ မိမိကိုယ်တိုင်ကို တန်ဖိုးမထားသူအား အခြားသူများက ၎င်းတို့ကို တန်ဖိုးထားမည်ဟု ယုံကြည်နိုင်ပါမည်လား။ ထို့ကြောင့် ကတိများ ချိုးဖောက်ခြင်းသည် မိမိကိုယ်တိုင်၏ ပုံရိပ်၊ မိမိကိုယ်မိမိ ယုံကြည်မှုနှင့် မိမိ၏ ဘဝတစ်ခုလုံးကို ထိခိုက်စေနိုင်သည်။

အကယ်၍ တစ်စုံတစ်ဦးအနေဖြင့် မိမိတည်နိုင်သည်ထက်ပိုသော ကတိများပေးခဲ့ပါက “ကတိ၏ နောက်ကွယ်ရှိ စေ့ဆော်ချက်ကား အဘယ်နည်း”၊ “သက်ဆိုင်ရာ ကတိတစ်ခုကို အဘယ်ကြောင့် ပေးလိုက်ရသနည်း”၊ “ရည်မှန်းချက်ကား အဘယ်နည်း” နှင့် “ကတိတည်အောင် ပြုလုပ်ခြင်းသည် သက်ဆိုင်ရာ လက်ခံသူအတွက်လား၊ မိမိကိုယ်တိုင်အတွက်လား” ဟူသည့် မေးခွန်းများ ပေါ်လာသည်။ တစ်ခါတစ်ရံ၌ ကတိများပေးခြင်းသည် ကောင်းမွန်သော ရည်မှန်းချက်များသက်သက်အတွက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တစ်ခါတစ်ရံ၌ ကတိများသည် မိမိတို့ လက်ခံရရှိမည့် အရာအတွက် ဖြစ်သည်။ တစ်စုံတစ်ဦးက မိမိအား နှစ်သက်စေရေး သေချာစေရန်အတွက်လည်းကောင်း၊ မိမိလိုလားသောအရာ ရရှိစေရန်အတွက်လည်းကောင်း ကတိတစ်လုံးကို လွယ်လွယ်ပေးလိုက်တတ်ကြသည်။ အခြားသူများ ကြားချင်သည့်စကားကို ပြောလိုက်ခြင်း ဖြစ်သည့်အတွက် ထိုသူများ ပျော်ရွှင်သွားကြသည်။ သို့သော် မိမိအနေဖြင့် ကတိပေးလိုက်သော အရာနှင့် ပတ်သက်၍ မိမိကိုယ်မိမိ ရိုးသားကြောင်း လိပ်ပြာသန့်ရန်လိုသည်။ ဘဝသည် အလင်းသွားနှုန်းဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားနေပြီး လူသားတို့အနေဖြင့် မိမိ၏ အချိန်များကို မည်သို့မည်ပုံ ကုန်ဆုံးစေမည်နည်းဟု ရွေးချယ်မှုများ ပြုလုပ်နေရတတ်သည်။ ထို့ကြောင့်ဘဝ၏ အစီအစဉ်များကို စဉ်းစားသတ်မှတ်ထားရန် လိုအပ်သကဲ့သို့ပင် ကတိမပေးမီ မိမိတည်နိုင်မည့်ကတိ ဟုတ်မဟုတ် မိမိကိုယ်မိမိ အသေအချာ မေးရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ မိမိ၏ ကတိများကို တည်အောင် ထိန်းသိမ်းခြင်းသည် အခြားသူများအတွက် ကောင်းကျိုးပြုခြင်းသာမက မိမိကိုယ်တိုင်အတွက် ကောင်းကျိုးပြုခြင်းပါ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (ဇူလိုင် ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent