ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရာတွင် အားလုံးအတွက် အကျိုးရှိမည်ဆိုပါက အလျှော့အတင်းပြုလုပ်ရန် လိုအပ်ကြောင်း RCSS ဥက္ကဋ္ဌ ပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရာတွင် အားလုံးအတွက် အကျိုးရှိမည်ဆိုပါက အလျှော့အတင်းပြုလုပ်ရန် လိုအပ်ကြောင်း RCSS ဥက္ကဋ္ဌ ပြောကြား
ဇူလိုင် ၁၀ ရက်က PPST အစည်းအဝေးအား Online Video Conferencing ဖြင့် ပြုလုပ်စဉ် (Photo: NCA-S EAO)
ဇူလိုင် ၁၀ ရက်က PPST အစည်းအဝေးအား Online Video Conferencing ဖြင့် ပြုလုပ်စဉ် (Photo: NCA-S EAO)
Published 11 July 2020
မင်းနိုင်စိုး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရာတွင် အားလုံးအတွက် အကျိုးရှိမည်ဆိုပါက အလျှော့အတင်းပြုလုပ်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးကို ဇူလိုင် ၁၀ ရက်တွင် Online Video Conferencing ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လျာထားသတ်မှတ်ထားသော အချိန်ကာလအတိုင်း အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အဓိပ္ပာယ်ရှိသော အနှစ်သာရပြည့်ဝသော ညီလာခံဖြစ်ရေးအတွက် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့များအနေဖြင့် ကြိုးပမ်းညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

“ ညှိနှိုင်းဆွေးနွေးရာမှာ အားလုံးအတွက် အကျိုးရှိတဲ့အရာဆိုရင် အလျှော့အတင်းလုပ်ဖို့ လိုအပ်ပါတယ်။ လုပ်ရဲရပါမယ်။ သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်စေဖို့ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့်သြဂုတ်လအတွင်း ကျင်းပရန် အစိုးရနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သတ်မှတ်လျာထားပြီး အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်အလက်များနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ပါဝင်မည့် အပိုင်းသုံးပိုင်းဖြစ်သော NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုနှင့် ပတ်သက်သော လမ်းညွှန်ချက်များ၊ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ အစီရင်ခံ တင်ပြချက်နှင့်ပတ်သက်သော သဘောထားများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်သော လမ်းညွှန်ချက်များကို ယခုအစည်းအဝေးတွင် ချမှတ်နိုင်ခဲ့သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာကိစ္စများ၊ ဆက်စပ်အစည်းအဝေးများ၏ အချိန်ဇယားများကို ယခုအစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့သကဲ့သို့ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

တစ်ဖက်တွင်လည်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးကို ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

Most Read

Most Recent