ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းရှိ ဒေသခံများ၏ ရေကြောင်းပြအမှတ်အသားဖြစ်သော ကျေးနုတ်သီးနားအထိ ရေရောက်နေသဖြင့် ဧရာဝတီမြစ်အောက်ပိုင်းတွင် စိုးရိမ်ရေမှတ်အောက် လေးပေနီးပါးအထိ ရောက်ရှိနိုင်ကြောင်း ရွှေကူမြို့နယ် မိုးဇလစခန်းတာဝန်ခံ ဦးတိုးတိုးထွန်းက ပြောကြားသည်။
အဆိုပါ ကျေးနုတ်သီးတည်ရှိသည့်နေရာသည် ဒုတိယမြစ်ကျဉ်းနေရာတွင်ဖြစ်ပြီး ရွှေကူမြို့နှင့် ဗန်းမော်မြို့ကြား နောင်မိုကျေးရွာနှင့် ဇင်းပုံရွာကြားတွင် ရှိနေပြီး ရွှေကူမြို့မှ ၁၅ မိုင်ခန့်တွင် တည်ရှိသည့်နေရာဖြစ်ကြောင်း သိရသည်။
ရွှေကူမြို့နယ် မိုးဇလစခန်းတာဝန်ခံ ဦးတိုးတိုးထွန်းက '' ကျေးနုတ်သီးက ၈၀၀ စင်တီမီတာလောက် ရှိတယ်။ ရွှေကူမှာတော့ ၉၃၀ စင်တီမီတာဆိုတော့ စိုးရိမ်ရေမှတ် မရောက်ဘူး။ ကျေးနုတ်သီး ရေသောက်တာနဲ့ အနိမ့်ပိုင်းရပ်ကွက်နဲ့ ကျေးရွာတွေ ရေဝင်တာပေါ့။ ဒီဒေသမှာက ဒီကျေးနုတ်သီးက ခေတ်အဆက်ဆက် ရေကြောင်းပြဖြစ်နေတယ်။ ရှေးအဆက်ဆက်ပေါ့။ ဒေသခံတွေက ဒါသတင်းယူပြီး ဘယ်အထိ ရေဝင်မယ် ခန့်မှန်းကြတာပေါ့။ နှုတ်သီးရေရောက်ရင် သင်္ဘောတွေ၊ စက်လှေတွေ မဆန်ရဲတော့ဘူး။ မြစ်ကျဉ်းမှာ မှုတ်ဝဲနဲ့ ကမ်းရိုက်ကပ်ပြီး စက်လှေမှောက်တတ်တယ်။ အဲဒီရေရောက်ရင် ဝန်ပါတဲ့ယာဉ်တွေ လုံးဝမသွားကြတော့ဘူး။ ကြက်တူရွေးရေငုတ်ရင်တော့ ဒီမှာရေကြီးပြီပေါ့။ ရေသောက်ရင် မြစ်ဘေးကမ်းဘေး၊ အနိမ့်ပိုင်း ရေဝင်တာပေါ့။ နောက်ရက်တွေဆိုရင် ကသာ၊ ထီးချိုင့်၊ မန္တလေး ဆက်သွားတော့တာဘဲ'' ဟု ပြောကြားသည်။
ကချင်ပြည်နယ်ရှိ မြစ်ကြီးကျဉ်းနှစ်ခုတွင် ဆင်ဘိုမြစ်ကျဉ်းမှာ စုပ်ဝဲဖြစ်ပြီး ဒုတိယမြစ်ကျဉ်းမှာ အပေါ်သို့ မှုတ်ထုတ်သည့် မှုတ်ဝဲဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇူလိုင် ၇ ရက်) မွန်းလွဲပိုင်း ထုတ်ပြန်ချက်များအရ ဧရာဝတီမြစ်ရေသည် နောက် ၂၄ နာရီအတွင်း မြစ်ကြီးနားတွင် မြစ်ရေသည် လက်ရှိရေမှတ်ထက် စင်တီမီတာ ၇၀ ထိ မြင့်တက်မည်ဖြစ်ပြီး ဗန်းမော်၊ ရွှေကူမြို့များတွင် လက်ရှိရေမှတ်ထက် စင်တင်မီတာ အနည်းမြင့်တက်မည်ဖြစ်ကာ ကသာ၊ သပိတ်ကျင်းမြို့များတွင် မြစ်ရေသည် စင်တီမီတာ အနည်းငယ်ကျဆင်းမည်ဟု ခန့်မှန်းထားသည်။















