လွတ်လပ်ရေးရပြီး နှစ် ၆၀ အကြာမှာ

လွတ်လပ်ရေးရပြီး နှစ် ၆၀ အကြာမှာ
Published 6 July 2020
မြတ်သစ်

ကွန်ဂိုဒီမိုကရက်တစ် ရီပတ်ဘလစ် သို့မဟုတ် ကွန်ဂိုနိုင်ငံသည် ဗဟိုအာဖရိကတွင် တည်ရှိပြီး တစ်ချိန်က ၁၉၇၁ မှ ၁၉၇၇ အထိ အိုင်ယာလန်နိုင်ငံဟု ခေါ်ဆိုခဲ့သည်။  အာဖရိကတိုက်တွင် စတုတ္ထလူဦးရေအများ ဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူဦးရေ အများဆုံးနိုင်ငံထဲမှာ အဆင့် ၁၆ နေရာတွင် ရှိသည်။ လူဦးရေက ၈၄ သန်းခန့်ရှိသည်။ ကွန်ဂိုနိုင်ငံသည် ဘယ်ဂျီယံတို့လက်အောက် မှနေ၍ ၁၉၆၀ ပြည့်နှစ် ဇွန် ၅ ရက်၌ လွတ် လပ်ရေးရခဲ့သည်။ ပထမဆုံးသော ဝန်ကြီး ချုပ်က ပက်ထရစ်လူမွမ်ဘာသာဖြစ်သည်။ ဘယ်ဂျီယံကိုလိုနီလက်အောက်မှ လွတ်လပ် ရေးရယူပေးခဲ့သော လူမွမ်ဘာသည် ကွန်ဂို လိစ် အမျိုးသားလှုပ်ရှားမှု (MNC)  ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။ သူသည် အာဖရိကန်အမျိုး သားရေး အလံတော်ကို ကိုင်စွဲပြီး အာဖရိက တိုက်နိုင်ငံမှ ပြည်သူများသည် ကိုလိုနီနယ် ချဲ့များကို လက်နက်ကိုင်စွဲပြီး အမျိုးသား လွတ်မြောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရေး၊ ထို့ပြင် လွတ်လပ်သော နိုင်ငံများတည် ဆောက်ရေးတို့ကို လုပ်ဆောင်ခဲ့သည်။

ကွန်ဂိုနိုင်ငံ လွတ်လပ်ရေးရပြီးစ အချိန်မှာပင် ကွန်ဂိုစစ်တပ်အတွင်း ပုန်ကန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ကွန်ဂိုအကျပ်အတည်းဟု ဆိုရမည့် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည်။ ကွန်ဂိုစီးပွားရေးလုပ်ငန်းရှင်လည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်သော Moise Kapel Tshombe ဦးဆောင်သော ကာတန်ဂါပြည်နယ် ခွဲထွက်ရေးတောင်းဆိုမှုများကို ဘယ်ဂျီယံနိုင်ငံက ဦးဆောင်လုပ်နေခြင်းကို တားဆီးပေးရန် အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့ကို ပန်ကြားခဲ့သည်။ သို့သော် ကုလ နှင့် အမေရိကန်တို့က တောင်းပန်မှုကို လက် မခံခဲ့သဖြင့် လူမွမ်ဘာသည် ဆိုဗီယက်ပြည် ထောင်စု၏ အကူအညီရယူခဲ့သည်။ ဆိုဗီ ယက်နှင့် အမေရိကန်တို့၏ ပါ၀ါပြိုင်ဆိုင်မှု ကြောင့် ဖြစ်ပေါ်ခဲ့ရသည့် စစ်အေးတိုက်ပွဲ ကာလတွင် လူမွမ်ဘာသည် ဆိုဗီယက်အုပ်စု နှင့် မဟာမိတ်ဖြစ်ခြင်းအပေါ် အမေရိကန်၊ ဘယ်ဂျီယံတို့က မကျေနပ်ခဲ့ပေ။ ကွန်ဂိုနိုင်ငံ ရှိ သမ္မတ ဂျိုးဇက်ကာဗူတူ၊ ကာကွယ်ရေးဦး စီးချုပ် ဂျိုးဇက်ဆီဒီရီမိုဘူတူကလည်း မကျေ နပ်ခဲ့ပေ။

နိုင်ငံရေး အယူအဆ ကွဲပြားမှုများ ပေါ် ပေါက်ပြီးသည့်နောက်တွင် မိုဘူတူတို့ အုပ်စုက လက်ဝဲအယူအဆရှိသူ လူမွမ်ဘာကို မို ဘူတူက ဖမ်းဆီးအကျဉ်းချပြီးနောက် ကာကာဂန်အာဏာပိုင်များ၏ အမိန့်ဖြင့် လူမွမ်ဘာကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ လူမွမ်ဘာ သတ်ဖြတ်ခံရခြင်းကြောင့် အာဖရိကတိုက်မှ ကိုလိုနီဆန့်ကျင်ရေး သူရဲကောင်း အဖြစ် လူမွမ်ဘာကို ဂုဏ်ပြုခဲ့ကြသည်။ ၂၀၀၂ တွင် ဘယ်ဂျီယံနိုင်ငံက လူမွမ်ဘာ အသတ်ခံရမှုတွင် ပါဝင်ခဲ့သည့်အတွက် ကွန်ဂိုအစိုးရထံ တရားဝင် တောင်းပန်မှုပြု လုပ်ခဲ့သည်။

ဘယ်ဂျီယံတို့၏ ရက်စက်စွာ ဖိနှိပ်ချုပ် ချယ်မှုခံနေမှုကို တော်လှန်ခဲ့သော ကွန်ဂိုနိုင်ငံ လွတ်လပ်ရေးရသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၆၀ ပြည့်ခဲ့ပြီဖြစ်သည်။ လွတ်လပ် ရေးရခဲ့သည်မှာ နှစ် ၆၀ ရှိခဲ့သော်လည်း နိုင် ငံသည် ဆင်းရဲမွဲတေမှုနှင့် တည်ငြိမ်မှုကင်း မဲ့မှုတည်း ဟူသော ဆိုးသွမ်းမှုသံသရာထဲမှာ တဝဲလည်လည်ရှိနေဆဲဖြစ်သည်။ ဘယ်ဂျီယံဘုရင် ဖီးလစ်က ပြီးခဲ့သည့် အင်္ဂါနေ့တွင် ကွန်ဂိုနိုင်ငံကို ဘယ်ဂျီယံတို့က ကိုလိုနီပြု ကျင့်ခဲ့မှုအပေါ် တောင်းပန်သည့်စာကို ကွန်ဂိုအစိုးရ ထံ ပေးပို့ခဲ့သည်။

ကွန်ဂိုနိုင်ငံမှ ခေါင်းဆောင်အချို့က ကိုလိုနီပြုကျင့်ခံရမှုကို တော်လှန်ခဲ့သည့် ဖြစ်ရပ်ကို ဆန့်ကျင်သည့် စကားများကို ထုတ်ဖော်ပြောကြားလိုက်ရာ ပြည်သူလူထု အတွက် အံ့အားသင့်စရာဖြစ်ခဲ့ကြရသည်။

“လွတ်လပ်ရေးရတာ နှစ်ပေါင်း ၆၀ ရှိ နေပြီ။ ကျုပ်တို့တတွေ ပကတိအခြေအနေ ကို ဆန်းစစ်ကြည့်မယ်ဆိုရင် ဘာမှမအောင် မြင်ခဲ့ဘူးဆိုတာ သံသယရှိစရာ မလိုတော့ ဘူး။ ကွန်ဂိုနိုင်ငံကို ပိုမိုလှပတဲ့နိုင်ငံတစ်ခု ဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး”ဟု ကာဒီနယ် ဖရိုင်ခိုလင်အမ်ဘိုဂိုက ပြောကြားခဲ့သည်။

ဇူလိုင် ၂ ရက်က ဘယ်ဂျီယံနိုင်ငံရှိ သျှားလ်လီရွိုင်မြို့ရှိ လမ်းတစ်လမ်းကို ပက်ထရစ်လူမွမ်ဘာ၏အမည်ပေးသော အခမ်းအနားအား လူများ တက်ရောက်နေစဉ်

ကွန်ဂိုသမ္မတ Felix Tshisekedi Tshilombo က လွတ်လပ်ရေးနေ့ မိန့်ခွန်း ထဲတွင် “နှစ်ပေါင်း ၆၀ အတွင်း ကျွန်တော် တို့တတွေဟာ နိုင်ငံရေးလူတန်းစားကို မာဖီး ယားပုံစံမျိုးဖြစ်အောင် ပြောင်းလဲပစ်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။

“ကွန်ဂိုနိုင်ငံဟာ နှစ်ပေါင်း ၆၀ အတွင်း မှာ ကြွယ်ဝချမ်းသာမှု ရာခိုင်နှုန်း ၆၀ ကို ဆုံး ရှုံးစေခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး တွေကလည်း ၁၉၆၀ ပြည့်နှစ်ကထက် ၁၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါတယ်။ မီးရထား လမ်းပိုင်းက ရာခိုင်နှုန်း ၂၀ ပဲ တိုးတက်ခဲ့ တယ်” ဟု သမ္မတ Felix က ဝန်ခံလိုက်သည်။

ဘယ်ဂျီယံနိုင်ငံကတော့ ကိုလိုနီခေတ် က သမိုင်းကြွေးကို ပြန်ဆပ်သည့်အနေဖြင့် ဘယ်ဂျီယံနိုင်ငံရှိ သျှားလ်လီရွိုင်မြို့ရှိ လမ်းတစ်လမ်း၏အမည်ကို ကွန်ဂိုနိုင်ငံ၏ လွတ်လပ်ရေး သူရဲကောင်းဖြစ်သည့် ပက်ထရစ် လူမွမ်ဘာအမည်ကို ပေးခဲ့သည်။

လူမွမ်ဘာ၏သားဖြစ်သူ ဂိုင်း-ပက်ထ ရစ်လူမွမ်ဘာက ယခုလို မိမိဖခင်အား ဂုဏ် ပြုပြီး လမ်းအမည်ပေးခဲ့ခြင်းသည် မိမိဖခင် ၏ တိုက်ပွဲကို အသိအမှတ်ပြုခြင်းဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။

လွတ်လပ်ရေးရရှိပြီးသည့်နောက် ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာသော ပက်ထရစ် လူမွမ်ဘာကို ဂုဏ်ပြုသည့်အနေဖြင့် သူ မွေး ဖွားရာအရပ်ကို Lumumbaville ဟု ဆိုဗီယက်ပြည်ထောင်စုကလည်း ပက်ထရစ် လူ မွမ်ဘာကို ဂုဏ်ပြုသောအားဖြင့် The People’s Friendship University of Russia ကို ၁၉၆၁ ဖေဖော်ဝါရီ ၂၂ ရက်တွင် အာဏာသိမ်းခံရပြီး သေဆုံးခဲ့သော လူမွမ်ဘာကို ဂုဏ်ပြုသောအားဖြင့် ပက်ထရစ်လူ မွမ်ဘာတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့သည်။

၁၉ ရာစုနှစ် စံနှုန်းများဖြင့် ကြည့်မည် ဆိုပါက ဘယ်ဂျီယံကိုလိုနီတို့သည် ကွန်ဂို ပြည်သူများကို ရက်ရက်စက်စက် နှိပ်စက် ညှင်းပန်းမှုများ ပြုလုပ်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ သမိုင်းပညာရှင် များ၏ ထွက်ချက်မှုများအရဆိုလျှင် ယခု ဒီမို ကရက်တစ်ကွန်ဂိုဟု ခေါ်ဆိုနေသော အရပ် ဒေသတွင် ပြည်သူများစွာ သတ်ဖြတ်ခံခဲ့ရ ကြောင်း၊ အများစုသည် အစာရေစာ ရှားပါး မှုကြောင့် သေဆုံးရကြောင်း ဖော်ပြထား သည်။ ကိုလိုနီလက်အောက်တွင် ကွန်ဂိုပြည် သူထောင်ပေါင်းများစွာတို့သည် ၁၈၆၅ မှ ၁၉၀၉ ခုနှစ်အထိ ရော်ဘာစိုက်ခင်းများတွင် လည်း လုပ်ကိုင်ခဲ့ရသည့်ကာလတွင် အထက် ပါဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ကြရခြင်းဖြစ် သည်။

နယ်ချဲ့စနစ်ဖြင့် ဒဏ်ရာဒဏ်ချက်များ သည် ကွန်ဂိုနိုင်ငံတွင် ပျောက်ဆုံးသွားခြင်း မရှိသေးပေ။ ပြည်သူလူထုသည် စိတ်ပိုင်း ဆိုင်ရာ နာကျင်မှုများကိုလည်း ခံခဲ့ရသည်။ ထို့ပြင် ရုပ်ပိုင်းဆိုင်ရာဟုဆိုရမည့် စီးပွားရေး ဖွံ့ဖြိုးမှုမရှိခြင်းကိုလည်း ခံနေရဆဲဖြစ်သည်။ ကွန်ဂိုပြည်သူများ သုံးပုံနှစ်ပုံသည် ဆင်းရဲမွဲ တေမှုကို ခံနေကြရသည်။

“ကျွနု်ပ်အနေဖြင့် အတိတ်ကာလက မိမိတို့ ကိုလိုနီပြုကျင့်မှုကြောင့် ကွန်ဂိုပြည် သူတွေ ဒဏ်ရာရခဲ့ကြတယ်။ အဲဒီ ဝေဒနာ ဒဏ်ရာတွေက ယနေ့ထက်ထိ ရှိနေပြီး အသစ်တစ်ဖန် ပြန်ပေါ်နေပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွနု်ပ်တို့၏ လူ့အဖွဲ့ အစည်းမှာ ခွဲခြားဆက်ဆံမှုတွေ ယနေ့တိုင် ရှိနေလို့ပါပဲ”ဟု ဘုရင်ဖိလစ်က ကွန်ဂိုသမ္မတ Felix Tshisekedi ထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။

ကွန်ဂိုသမ္မတ Felix Tshisekedi က လည်း ဘယ်ဂျီယံဘုရင် ဖီးလစ်ထံ ကျေးဇူး တင်စကားပြောကြားခဲ့ပြီး ဘုရင် ဖီးလစ်သည် မိမိနည်းတူ အတိတ်ကာလက ဖြစ်ရပ် များကို ငြင်းဆိုမှုများ မပြုလုပ်ကြဘဲ လက်ရှိ ကာလတွင် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန် မှုများကို ရှာဖွေနေသူဖြစ်ကြောင်း ရေးသား ထားသည်။ ထို့ပြင် ကိုလိုနီပြုကျင့့်စဉ် ကာလ ဘယ်ဂျီယံတို့သည် ကွန်ဂိုနိုင်ငံမှ အဖိုးတန် ရှေးဟောင်းအနုပညာပစ္စည်းများကို လုယူမှု များ ပြုခဲ့ခြင်းကြောင့် ယင်းအမျိုးသားအမွေ အနှစ်များ ပြန်လည်တောင်းခံမှုနှင့်ပတ် သက်၍ နှစ်နိုင်ငံတင်းမာမှုများအပေါ် ညှိ နှိုင်းမှုများ ပြန်ရှာဖွေရန်လည်း ပြောကြား ခဲ့သည်။

ကွန်ဂိုနိုင်ငံရှိ Lutte Pour Le Chargment အမည်ရှိ အဖွဲ့အစည်းဆိုလျှင် ပြောင်းလဲရေးကို တောင်းဆိုနေကြသည့် အဖွဲ့အ စည်းဖြစ်သည်။ အဖွဲ့၏အမည်ကိုယ်နှိုက်က ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်ကြဟူ သောအဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့က ကွန်ဂို အစိုးရအနေဖြင့် ဘယ်ဂျီယံနယ်ချဲ့များ သိမ်း ယူခဲ့သော အနုပညာပစ္စည်းများ ပြန်လည် တောင်းဆိုရေးကို ဖိအားပေးနေကြသည်။ ယင်းပစ္စည်းများသည် အမျိုးသားအမွေအနှစ်များဖြစ်သည်။ နောင်လာနောင်သားများက ယင်းအနုပညာပစ္စည်းများကို ပြသပြီး မိမိတို့ နိုင်ငံသမိုင်းကို သင်ကြားရမည်ဟု ပြောကြားထားသည်။

ဒီမိုကရေစီလိုလားနေကြသော တက်ကြွ လှုပ်ရှားသူများကတော့ ကွန်ဂိုနိုင်ငံ ပြု ပြင်ပြောင်းလဲရေးအတွက် ကွန်ဂိုနိုင်ငံကြေညာစာတမ်းကို ရေးဆွဲခဲ့ပြီး နိုင်ငံကို ခေတ်အဆက်ဆက် အုပ်ချုပ်သူများနှင့် ခေါင်း ဆောင်များသည် ဘီလူးသရဲများဖြစ်ကြ ကြောင်း၊ ကိုလိုနီလက်သစ််များနှင့် နယ်ချဲ့ အင်အားစုများသည် နိုင်ငံ၏ သယံဇာတ များကို ဖျက်ဆီးခဲ့ကြကြောင်း ပြောကြားခဲ့ သည်။ လွတ်လပ်ရေးရယူခဲ့ပြီးသည့် တိုင်း ပြည်အတွက် ဘာတစ်ခုမှ မလုပ်ဆောင်နိုင် ကြောင်း တက်ကြွ လှုပ်ရှာသူများက ပြောကြားကြသည်။

 

 

Most Read

Most Recent