ပွင့်လင်းမြင်သာမှုမရှိသဖြင့် ဝေဖန်ခံနေရသည့် ဧဒင်မြန်မာဖောင်ဒေးရှင်းက တောင်ဥက္ကလာပမြို့နယ်မှ မြေကွက်ရယူမှု

ပွင့်လင်းမြင်သာမှုမရှိသဖြင့် ဝေဖန်ခံနေရသည့် ဧဒင်မြန်မာဖောင်ဒေးရှင်းက တောင်ဥက္ကလာပမြို့နယ်မှ မြေကွက်ရယူမှု
ဧဒင်မြန်မာဖောင်ဒေးရှင်းအမည်ဖြင့် ဂရန်အမည်ပေါက်ထားသည့် မြေနေရာကို အပေါ်စီးမှ တွေ့ရစဉ် (ဓာတ်ပုံ- ဝင်းမြင့်)
ဧဒင်မြန်မာဖောင်ဒေးရှင်းအမည်ဖြင့် ဂရန်အမည်ပေါက်ထားသည့် မြေနေရာကို အပေါ်စီးမှ တွေ့ရစဉ် (ဓာတ်ပုံ- ဝင်းမြင့်)
Published 5 July 2020
ဇော်မင်းနိုင်၊ စည်သူ

“ ဧဒင်မြန်မာက ဒီရုံးကိုလာပြီး ရသွားပြီဆိုတဲ့အကြောင်းပြမှပဲ ကျွန်တော်တို့ သိရတယ်” ဟု ပြောကြားသူက တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူး ဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် ၄ ရက်ကွက်ရှိ ပလပ်မြေ ငါးဧကခန့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဧဒင်မြန်မာဖောင်ဒေးရှင်းအတွက် နှစ် ၆၀ ဂရန်ဖြင့် အမည်ပေါက် ချထားပေးလိုက်ခြင်းကို ဦးအောင်ကျော်ထူးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြေနေရာသည် တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက် သုတလမ်းနှင့် စာဂလမ်းကြား၌ တည်ရှိပြီး မြေနေရာရရှိမှုနှင့်ပတ်သက်၍ ဧဒင်မြန်မာဘက်က ကျပ်သိန်း ငါးထောင့်ရှစ်ရာ ပေးဆောင်ရပြီး မတ် ၂၀ ရက်တွင် စည်ပင်သာယာမှ ဂရန်ချပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်ထူးက ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ လာတယ်။ စည်ပင်ကိုယ်စားလှယ်တွေလာတယ် ဒီကွင်းကို။ သူတို့က လူကယ်ပြန်က ဒေါ်အောင်ဆန်းစုကြည်က ချပေးလိုက်တယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည် စီမံချက်ဆိုပြီး သုံးနှုန်းပြီးတော့ပြောတယ်။ လာကြည့်တယ်။ မြေလာတိုင်းတဲ့အလုပ်တွေ လုပ်တယ်။ ကျွန်တော်တို့ကိုယ်တိုင် လိုက်လုပ်ပေးရတယ်။ ငုတ်စိုက်ဘာစိုက်ပေါ့။ အခုကျတော့ ဧဒင်မြန်မာက နှစ် ၆၀ ဂရန်နဲ့ ရသွားတယ်ဆိုတာ သိလိုက်ရတယ်။ ဧဒင်မြန်မာက ညီလေးတွေပဲ ရုံးမှာ အုပ်ချုပ်ရေးမှူးနဲ့ လာတွေ့တော့ ကျွန်တော်က မေးလိုက်တာ။ ဘယ်လောက်နဲ့ ရလိုက်လဲဆိုတော့ ၅၈၀၀ နဲ့ ယူလိုက်တယ်ပေ့ါ။ ဒါ သူတို့ပြောသွားတာ” ဟု ဦးအောင်ကျော်ထူးက ပြောကြားသည်။

ပလပ်မြေဟု သတ်မှတ်ထားသည့် ယင်းမြေကွက်နေရာတွင် ရပ်ကွက်နေပြည်သူများအကျိုးအတွက် ရှိရင်းစွဲနေရာများဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် မြေနေရာများလည်း ဖြစ်ကာ တောင်ဥက္ကလာပမြို့ တည်ချိန်မှစ၍ ရပ်ကွက်နေပြည်သူများအတွက် သတ်မှတ်ပေးခဲ့သည့် ဘောလုံးအားကစားကွင်း၊ အလက (၆) စာသင်ကျောင်းနှင့် ရပ်ကွက်နေ ကျောင်းသားကျောင်းသူများ အသုံးပြုနေသည့် ကျောင်းသွားလမ်း၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့အတွက် သတ်မှတ်ထားရှိသည့် မြေနေရာ၊ ရပ်ကွက်နေပြည်သူများ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တူးဖော်ပေးခဲ့သည့် အလျား ၃၀၀ ပေ_ အနံ ၁၀၀ ပေ ရေဆိုးစစ်ထုတ်ကန်တို့ တည်ရှိသည်။

ယင်းမြေနေရာတွင် အခြားအဆောက်အအုံများလည်း တည်ရှိနေပြီး ကျောင်းမြေနေရာများလည်း ပါဝင်နေသည်ကို တွေ့ရသည်။ The Daily Eleven သတင်းစာက သွားရောက်ကြည့်ရှုခဲ့ရာတွင် ဘုရားစေတီအချို့နှင့်  စာသင်ကျောင်း၊ ဘောလုံးကွင်းနှင့် ကန်စွန်းခင်းများကိုလည်း တွေ့ရှိခဲ့ရသည်။

“ အရင်တုန်းက အဲဒီနေရာတွေမှာ ကစားကွင်းတွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေရှိတယ်။ အဲဒါတွေကို အခုပြန်မလုပ်နိုင်သေးဘူး။ လုပ်ဖို့စီစဉ်နေတုန်း မြေကွက်က တခြားလူပိုင်သွားတာ” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးက ပြောကြားသည်။

ဦးအောင်ကျော်ထူးမှာ တောင်ဥက္ကလာပမြို့နယ်တွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး ၄ ရပ်ကွက်အတွင်း မည်သည့်နေရာတွင် မည်သည့်အဆောက်အအုံ တည်ရှိသည်၊ မည်သည့်နေရာတွင် ဘယ်သူပိုင်သည် ဆိုသည်ကို အတိအကျ သိရှိသူဖြစ်သည်။

“ ဦးခင်ညွန့်လက်ထက်တုန်းက အဲဒီမှာ ဘောလုံးကွင်းလည်းရှိသလို ပွဲကြည့်စင်ပါရှိတယ်။ သစ်သားစင်ဆိုတော့ ကြာတော့ ဆွေးမြည့်ပြီး ပျက်စီးသွားတာ” ဟု ဦးအောင်ကျော်ထူးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာသူ ဦးအောင်ကျော်ထူးအနေဖြင့် ဧဒင်မြန်မာဖောင်ဒေးရှင်းက ပိုင်ဆိုင်ခဲ့သည်ဆိုသည့် အခြေအနေကို လွယ်လွယ်ကူကူ သိရှိခဲ့ခြင်းမဟုတ်ပေ။

ဧဒင်မြန်မာဖောင်ဒေးရှင်းအား နှစ်ခြောက်ဆယ်ဂရန် ချထားပေးသည့်မြေငှားစာချုပ်တွင် ဧဒင်မြန်မာအဖွဲ့အစည်း၏ နာမည်ကို ရေးသားထားသည်ကိုတွေ့ရှိခဲ့သည်ဟု ဦးအောင်ကျော်ထူးက ပြောကြားသည်။

ယင်းစာရွက်စာတမ်းအား ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးအနေဖြင့် လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းတော့ မဟုတ်ပေ။

“ အဲဒီတုန်းက ရပ်ကွက်ထဲကိုလာပြီး မြေတိုင်းတုန်းက ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေပါ ပါရတယ်။ မြေတိုင်းတော့ အဲဒီထဲမှာ ပါတဲ့သူ ကွန်ပျူတာထဲက ရလိုက်တာ။ သူက ကွန်ပျူတာကို ဖွင့်ထားတဲ့အချိန် အဲဒီစာရွက်စာတမ်းတွေ တွေ့ထားတော့ ဓာတ်ပုံရိုက်ထားလိုက်တာ” ဟု ဦးအောင်ကျော်ထူးက ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းမြေကွက်ရှိသည်ကို သိရှိခြင်း မရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်သာ ချထားပေးခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က ပြောကြားသည်။

“ အတိုင်ပင်ခံကတော့ ဒီမြေကွက်ရှိတယ်ဆိုတာ မသိပါဘူး။ လူကုန်ကူးခံ အမျိုးသမီးတွေအတွက် အဆောက်အအုံတွေ ဆောက်ပေးဖို့ လူကယ်ပြန်နဲ့ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်။ ဒါကို တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်ရတာပါ” ဟု တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က ပြောကြားသည်။

လူကုန်ကူးခံ အမျိုးသမီးများအား ထိန်းသိမ်းစောင့်ရှောက်ကူညီပေးသော ဧဒင်မြန်မာအသင်းသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ်က အသင်းကိုပံ့ပိုးကူညီရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တိုင်ပင်၍ အသင်းအတွက် နေရာ တစ်နေရာ ရှာပေးပြီးလူကယ်ပြန်က ဦးစီး၍ လူကုန်ကူးခံ အမျိုးသမီးများ စောင့်ရှောက်သော ဂေဟာကဲ့သို့ ဖွင့်ပေးရန် ပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ လူကုန်ကူးခံ အမျိုးသမီးများဘဝ လုံခြုံရေးအတွက် ဂေဟာတည်ဆောက်မည်ကို ထောက်ခံသော်လည်း အသင်းနေရာရရှိရေးအတွက် နေရာချထားမှုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာသိရှိခြင်း မရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ငြင်းဆိုသည်။

ယင်းအချက်ကို ၄ ရပ်ကွက်အတွင်း နေထိုင်သူအချို့က လက်မခံနိုင်ဘဲ မြေကွက်ချထားပေးခြင်းကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မသိဘူးဟု ပြောကြားခြင်းမှာ ယုတ္တိမရှိဟု ဝေဖန်မှုများလည်း ရှိနေသည်။

“ သူလည်း ဒီရပ်ကွက်ထဲမှာ နေတာပါ။ မြေတိုင်းတာတွေလုပ်တုန်းက သူတို့လည်းပါတယ်” ဟု ဦးအောင်ကျော်ထူးက ပြောကြားသည်။

ရယူထားသည့် မြေနေရာမှာ ငါးဧကခန့်ရှိပြီး ဧဒင်မြန်မာဖောင်ဒေးရှင်းက ယင်းမြေနေရာတွင် ဆောက်လုပ်မည့် အဆောက်အအုံ ပုံကြမ်းများလည်း ထွက်ရှိနေပြီဖြစ်သော်လည်း ယင်းမြေကွက်နှင့် ပတ်သက်ပြီး ဖြေကြားခြင်း မပြုနိုင်သေးကြောင်း ဧဒင်မြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဘာမှမပြောနိုင်သေးပါဘူး” ဟု ဧဒင်မြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဇွန် ၃၀ ရက်က ပြောကြားသည်။

မရမ်းကုန်းမြို့နယ် ဟံသာရိပ်မွန်အိမ်ရာရှိ ဧဒင်မြန်မာဖောင်ဒေးရှင်း၏ ရုံးသို့ သွားရောက်စဉ်တွင် အမျိုးသမီးငယ်များ ခရစ်ယာန်ဓမ္မတေးအချို့ သီဆိုနေသည်ကို တွေ့ခဲ့ရသည်။

ဧဒင်မြန်မာဖောင်ဒေးရှင်းက ဆောက်လုပ်မည့်အဆောက်အအုံမှာ ပင်မအဆောက်အအုံ သုံးလုံးပါဝင်မည်ဖြစ်ပြီး ယင်းအဆောက်အအုံများရှေ့တွင် ပန်းခြံများလည်း တည်ဆောက်ရန် လျာထားသည်ကို တွေ့ရသည်။

အဆိုပါ အဆောက်အအုံ ဆောက်လုပ်ရန်အတွက် လက်ရှိတွင် စက်ယန္တရားများ ဝင်ရောက်နိုင်ရန်အတွက် ပေ ၄၀ လမ်းတစ်ခု ဖောက်လုပ်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်သို့ တင်ပြထားပြီး ဖောက်လုပ်မည့်လမ်းနေရာတွင် ဆိုင်များ၊ ဓမ္မာရုံများ ရှိနေပြီး ယင်းနေရာများကို ဖယ်ရှားပေးရမည့်အခြေအနေလည်း ရှိသည်။ သို့သော်လက်ရှိအချိန်အထိ ဖောက်လုပ်ခြင်းမရှိသည်ကိုလည်း တွေ့ရှိရသည်။

“ အဲဒီလမ်းက အခုအထိတော့ အကောင်အထည် မပေါ်သေးဘူး” ဟု ဦးအောင်ကျော်ထူးက ပြောကြားသည်။

လုပ်ကိုင်မည့်အစီအစဉ်မှာ ကောင်းမွန်သော်လည်း ယင်းနေရာတွင် မူလက ရပ်ကွက်ပြည်သူများ ပိုင်ဆိုင်သည့်နေရာများ ပါဝင်နေသည်ကို လက်မခံနိုင်ကြောင်း ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ ကျွန်တော်လည်း ပါတီဝင် တစ်ယောက်ပါပဲ။ လူထုကို မျက်နှာမူပြီး လုပ်ရမယ်ဆိုတာက ပါတီရဲ့မူပဲလေ။ အခုကတော့ မျက်နှာလွှဲခဲပစ် လုပ်ခံရတယ်လို့ ခံစားရတယ်” ဟု ဦးအောင်ကျော်ထူးက ပြောကြားသည်။

ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးတွင် Public Area ဆိုသည့်နေရာမှာ ရှားပါးလာပြီဖြစ်ပြီး အစိုးရအနေဖြင့် လုပ်ချင်သလိုလုပ်နေသည့် အနေအထားကို မကြိုက်ကြောင်း လယ်ယာမြေအရေးဆောင်ရွက်သူ ၈၈ မျိုးဆက်အဖွဲ့မှ ကိုမျိုးသန့်က ဝေဖန်သည်။

“ ဘာဖြစ်ဖြစ် ပရဟိတအဖွဲ့တွေကို မြေနေရာပေးတယ်ဆိုတာ သာမန်အားဖြင့်တော့ ကောင်းတယ်ပြောလို့ ရပါတယ်။ သို့သော် ရန်ကုန်လိုနေရာမျိုးမှာ အထူးသဖြင့် Public Area ကို နေရာချထားပေးလိုက်တယ်ဆိုတဲ့ ကိစ္စပေ့ါနော်။ တချို့ကလည်း ရောင်းတယ်လို့ဆိုတယ်။ သတင်းထဲမှာတော့ ဂရန်ချပေးတယ်လို့ဆိုတယ်။ ကျွန်တော့်အမြင်ကတော့ စျေးနှုန်းတွေ ဘာတွေဆိုတာထက် Public Area ကို ဘယ်သူ့မှ အသိမပေးဘဲ ကိုယ်လုပ်ချင်တိုင်း လုပ်လိုက်မယ်ဆိုတဲ့ Mind Set ကို မကြိုက်တာ။ အစိုးရမှာ အဲဒီ Mind Set မရှိသင့်ဘူးလို့ မြင်တယ်” ဟု ကိုမျိုးသန့်က ပြောကြားသည်။

ရန်ကုန်မြို့တွင် Public Area နည်းပါးနေသည့်အလျောက် လက်ရှိ ရှိနေသည့် နေရာများကိုလည်း   မတို့ထိသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

“ တောင်ဥက္ကလာက ကိစ္စက သေချာတော့ မသိဘူး။ ဒီနေရာမှာ ဘယ်လိုသုံးထားလဲဆိုတာ ကြည့်ဖို့ လိုတာပေါ့။ အများပြည်သူကနေ အားကစားကွင်းပဲ ဖြစ်ဖြစ်၊ ပန်းခြံပဲ ဖြစ်ဖြစ် ဒါမျိုးသုံးထားရင်တော့ ဒီအနေနဲ့ပဲ ရှိစေချင်တယ်။ ဒီလိုမဟုတ်ဘဲ ပစ်ထားတာဆိုရင်တော့ ပြဿနာမရှိဘူး။ ဆိုလိုတာက ဒေသခံပြည်သူလူထုက  ဒီနေရာကို ဘယ်လိုအနေနဲ့ သုံးနေလဲ။ ဒီဟာကိုတော့ ကြည့်ဖို့လိုတာပေါ့။ အများအကျိုးအတွက် သုံးနေရာတာ မျိုးဆိုရင်တော့ မပေးသင့်ဘူး” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

လူထုက တင်မြှောက်ခဲ့သည့် NLD အစိုးရလက်ထက်တွင် လူမွေး၊ အဖွဲ့အစည်းမွေးသည့်ဖြစ်စဉ်များ ဖြစ်ပွားနေသည်ကို တွေ့ရ ပြီး ယင်းသို့လုပ်ကိုင်ခြင်းကို မပြုလုပ်သင့်ကြောင်း ကိုမျိုးသန့်က ဝေဖန်သည်။

“ အထူးသဖြင့် လူထုကတင်မြှောက်ခဲ့တဲ့ NLD အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒီလိုမျက်နှာသာပေးမှုမျိုးကို ခဏခဏမကြာမကြာ လုပ်လာလေ အလေ့အထလို ဖြစ်လာတယ်။ ဒါ မကောင်းတဲ့ လက္ခဏာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံမှာ လူမွေးတာတွေ အဖွဲ့မွေးတာတွေ ဒါတွေကအပြောခံရမယ့် ကိစ္စတွေ ဖြစ်တယ်။ ပြောလည်း အပြောခံနေရတယ်။ ဘယ်အစိုးရမဆို ရှောင်သင့်တဲ့ကိစ္စတွေလို့ မြင်ပါတယ်” ဟု ကိုမျိုးသန့်က ပြောကြားသည်။

လက်ရှိတွင်လည်း တောင်ဥက္ကလာပမြို့နယ်တွင် အများပိုင်မြေများ နည်းပါးလာခြင်းနှင့်အတူ ကလေးသူငယ်များအတွက် ကစားကွင်းများ၊ ဘောလုံးကွင်းများမှာလည်း မရှိသလောက်ဖြစ်နေသည်။

“ ရပ်ကွက်ထဲမှာ လူငယ်တွေ ဘောလုံးကန်ကြမယ်ဆိုရင်တောင် ကွင်းမရှိဘူး။ ရှိတဲ့ဟာကလည်း အခုဂရန်ထဲမှာ ပါနေတယ်။ သူတို့ဘာသာသူတို့ လုပ်ချင်တာလုပ်။ လက်ရှိအသုံးပြုနေတဲ့ ကျောင်းသွားတဲ့လမ်း၊ ဘောလုံးကွင်းတွေ မပါအောင်တော့ ရတဲ့နည်းနဲ့ လုပ်ရမှာပါပဲ” ဟု ဦးအောင်ကျော်ထူးက ပြောကြားသည်။

၂၀၁၉ ခုနှစ် သြဂုတ် ၂၂ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်လည်ပတ်ခဲ့သည့် ဧဒင်မြန်မာဖောင်ဒေးရှင်းမှာ လူကုန်ကူးခံအမျိုးသမီးများကို စောင့်ရှောက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း တောင်ဥက္ကလာပမြို့နယ်ရှိ ငါးဧကနီးပါးခန့်ရှိ မြေကွက်ကို ဂရန်အမည်ပေါက်ဖြင့် ရယူမှုမှာမူ ပွင့်လင်းမြင်သာမှုမရှိသည်ဟု ဆိုရမည်ဖြစ်သည်။

ယင်းမြေနေရာတွင် အများပိုင် ကစားကွင်းများ၊ ရပ်ကွက်နေသူများ၏ အရန်မီးသတ်စခန်းများ ရှိခဲ့သော်လည်း ယင်းမြေနေရာများကို ချန်လှပ်ထားမည်လားဆိုသည်နှင့် မြေကွက်ကို မည်သည့်ပုံစံဖြင့် ရယူခဲ့သည်ဆိုခြင်းများမှာ မေးခွန်းထုတ်ရမည့် အနေအထားများလည်း ဖြစ်နေသည်။

Most Read

Most Recent