COVID-19 ကူးစက်ကပ်ရောဂါဟာ ဘာဆက်ဖြစ်ဦးမယ်လို့ တိကျတဲ့အဖြေ မထွက်လာသေးချိန်မှာပဲ စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုက ထပ်တိုးလာပါတယ်။ အဲဒါကတော့ ရခိုင်ပြည်နယ်မှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်လမ်းကြောင်းက ဝင်လာသူတွေမှာ COVID-19 ရောဂါလက္ခဏာမပြ ပိုးရှိသူတွေကြောင့် လာရာလမ်းတစ်လျှောက်မှာ ထိတွေ့ခဲ့သူတွေကို ရောဂါကူးစက်ခံရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါပြီ။
COVID-19 ဒုတိယလှိုင်းက ပိုဆိုးနိုင်တယ်လို့ သုံးသပ်ခံနေရတဲ့ အခြေအနေ၊ တခြားသောနိုင်ငံတွေမှာ Lockdown ပြန်ဖြေနေတဲ့အချိန် ကူးစက်မှုပြန်လည်မြင့်တက်လာတာကို ကြုံနေရတဲ့အချိန်၊ မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ ဒီလိုမျိုး တရားမဝင် ပြန်လည်ဝင်ရောက်လာသူတွေဆီကနေ ရောဂါလက္ခဏာမပြ ပိုးရှိသူတွေကြောင့်ပဲ ကူးစက်ပျံ့နှံ့မှု ပိုဆိုးလာနိုင်တယ်လို့ ပြောဆိုခံရမှုက နိုင်င့ံအတွက် ကောင်းမွန်တဲ့အခြေအနေ မဟုတ်ပါဘူး။
ရခိုင်အရေးတွေနဲ့ ဖိအားပေးခံနေရမှု မပြီးပြတ်နိုင်သေးတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိမှာလည်း ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ ကိစ္စတွေကပဲ အထူးသတိပြုစရာဖြစ်လာတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးဆိုင်ရာ သုံးသပ်ချက်တွေအဖြစ် တနင်္သာရီတိုင်းက အထူးလျှို့ဝှက်ဖြစ်လာတဲ့ ပဲ့ဇင်ကျွန်း၊ ကျောက်စိမ်းမိုင်းတွင်း ပြိုကျတဲ့ ဖားကန့်နဲ့ နိုင်ငံ့ဘဏ္ဍာကျပ်ဘီလျံ ၅၀ ခန့်အသုံးပြုမယ့် ရွေးကောက်ပွဲကို သုံးသပ်ချင်ပါတယ်။
အထူးလျှို့ဝှက်ဖြစ်လာတဲ့ ပဲ့ဇင်ကျွန်း လုပ်ပိုင်ခွင့်လျှောက်ထားမှု
တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ ဧက ၁၄၀ ရှိတဲ့ ပဲ့ဇင်ကျွန်းကို Excellent Fortune Development Group ကုမ္ပဏီက ဦးစိုင်းမျိုးဝင်း အမည်နဲ့ လုပ်ပိုင်ခွင့်လျှောက်ထားမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောထားမှတ်ချက်ပေးတာဟာ အထူးလျှို့ဝှက်ဖြစ်တာကြောင့် ထုတ်ပြောလို့ မရဘူးလို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုပါတယ်။
ပဲ့ဇင်ကျွန်းမြေ ၁၄၀ ဧကပေါ်မှာ နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းတွေ၊ အပန်းဖြေဝန်ဆောင်မှု လုပ်ငန်းတွေ၊ ဇိမ်ခံသင်္ဘောတွေကို ရပ်နားနိုင်တဲ့ ဆိပ်ကမ်း၊ ရေပေါ်ရေအောက်ကစားကွင်း၊ ဟိုတယ်နဲ့ အိမ်ရာစီမံကိန်း ဆောင်ရွက်နိုင်ဖို့ EFD Group ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ လုပ်ပိုင်ခွင့်လျှောက်ထားရာမှာ ကန့်ကွက်မှုတွေရှိခဲ့တာကြောင့် သီးခြားစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပြီးနောက်မှာ ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီး မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ကော်မတီနဲ့ တိုင်းအစိုးရအဖွဲ့ဆီကနေ သဘောထားမှတ်ချက် တောင်းခံရာမှာ သဘောထားမှတ်ချက်ကို လျှို့ဝှက်ပါလို့ ပြောခဲ့တာပါ။
“ ပြည်သူနဲ့ တစ်သားတည်းဆို ချပြရမယ်လေ။ ပြည်သူတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ကိစ္စကို အစိုးရက ဘာလို့မပွင့်လင်းတာလဲ။ ဒီအစိုးရက ဒီမိုကရေစီကိုဖော်ဆောင်မယ့် အစိုးရဖြစ်ရဲ့လားပေါ့။ ဒီမိုကရေစီကို သွားဖို့ဆိုပြီး တိုင်းရင်းသားတွေ၊ ဦးတို့ ထားဝယ်တွေနဲ့ပတ်သက်ပြီး ဒီလိုမျိုးဒေသခံတွေ လက်မခံတာဘဲ ဖြစ်ဖြစ်။ ရအောင် အကောင်အထည်ဖော်နေတာ အငြိုးအတေးနဲ့ လုပ်နေသလားပေါ့။ ကောက်ချက်ချစရာတွေကတော့ အများကြီးပဲ” လို့ ထားဝယ်တိုင်းရင်းသားများပါတီ ဒုဥက္ကဋ္ဌ ဦးမောင်မောင်အေးက ဆိုပါတယ်။
တကယ်တော့ တနင်္သာရီတိုင်းဟာ ကျွန်းစုတွေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေများသလို ၂၀၁၉ ခုနှစ်အတွင်းမှာလည်း လက်ရှိထောင်ဒဏ်ကျခံနေရတဲ့ တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်က စောင်းကောက်ကျွန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘဝမှာ ကူညီခဲ့သူကို လုပ်ခွင့်ပေးမဲ့သဘောမျိုး ပြောကြားထားတဲ့ ရုပ်သံဖိုင်ကလည်း ပျံ့နှံ့ခဲ့ပါသေးတယ်။ တစ်ဖက်မှာလည်း ဦးစိုင်းမျိုးဝင်းဟာ NLD အစိုးရကို သိန်းရာထောင်ချီ အမြဲတမ်းလှူဒါန်းနေတဲ့ နီးကပ်သူဖြစ်လို့ ပွင့်လင်းမြင်သာစွာ ချပြမှုမရှိတာ ဖြစ်နိုင်ပါတယ်။ သေချာတာက ပြည်သူလူထုနှစ်လိုမှုမရှိဘဲ လုပ်ပိုင်ခွင့်ရှိသူနဲ့ နီးစပ်လို့ အခွင့်အရေးရသွားခဲ့တယ်ဆိုရင်တောင်မှ အစိုးရအပြောင်းအလဲမှာ ပြန်လည်စိစစ်ခံရနိုင်ပါတယ်။
ကျောက်စိမ်းမိုင်းတွင်းပြိုကျပြီး စံချိိန်တင် လူသေဆုံးတဲ့ဖားကန့်
ကျောက်စိမ်းတူးဖော်မှုပြုလုပ်တဲ့ ဖားကန့်ဒေသသမိုင်းရဲ့ စံချိန်တင် အဆိုးရွားဆုံး လူသေဆုံးမှု ဖြစ်ခဲ့တာက ၂၀၁၅ တုန်းက လူ ၁၁၄ ဦး သေဆုံးခဲ့မှုပါ။ အခုတော့ ဇူလိုင် ၂ ရက်မှာဖြစ်ခဲ့တဲ့ ဝှေခါမှော်မြေပြိုကျမှုမှာ သေဆုံးသူ ၁၇၂ ဦးနဲ့ စံချိန်တင်ခဲ့ပြီဖြစ်ပြီး အနည်းဆုံး လူ ၂၀၀ ကျော် သေဆုံးနိုင်တဲ့ ဒီဖြစ်စဉ်ဟာ နိုင်ငံ့အတွက် စိတ်ပျက်ဝမ်းနည်းစရာပါ။
တစ်ဖက်မှာဆိုရင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဝမ်းနည်းစကားပြောကြားရာမှာ သေဆုံးသူတွေထဲမှာ စားဝတ်နေရေးအတွက် တရားမဝင် ကျောက်တူးဖော်နေသူ၊ ရေမဆေးကျောက် ရှာဖွေသူတွေ ပါဝင်နေတဲ့အတွက် နိုင်ငံတော်အနေနဲ့ အလုပ်အကိုင်ရရှိဖို့ အခက်အခဲက အတိုင်းအတာတစ်ခုအထိ ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်။
တကယ်တမ်းမှာဆိုရင်တော့ ရေမဆေးကျောက်ရှာဖွေနေသူတွေဟာ အမှိုက်ပုံမှာ အမှိုက်ကောက်နေသူတွေလိုပါပဲ။ တရားဝင်လိုင်စင်နဲ့ ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦးမှ မရှိတာကို သတိချပ်ဖို့ လိုအပ်ပါတယ်။ ဒီ့အတွက် ရေမဆေးသမားတွေ အသက်ဘေး စိုးရိမ်ရတဲ့အခြေအနေမှာ ရှာခွင့်မပေးတာမျိုး လုပ်ဆောင်ဖို့လိုသလို လုပ်ကွက်ဟောင်းတွေရဲ့ စွန့်ပစ်မြေစာတွေကို ပြီးစလွယ်စွန့်ပစ်နေတာထက် စနစ်တကျမိုင်းပိတ်သိမ်းမှုဖြစ်ဖို့ နိုင်ငံတော်က ကြပ်မတ်ပေးဖို့ လိုနေတာပါ။
“ ဒီနေ့လည်း ဆက်ရှာနေတုန်းပါ။ ပိုင်ရှင်ရှိ အလောင်းတွေကိုသယ်ထုတ်ပြီး သင်္ဂြိုဟ်ကြပါပြီ။ ပိုင်ရှင်မဲ့ကတော့ ဓာတ်ပုံတွေနဲ့ အခြားမှော်တွေကိုပါပို့ပြီး ရှာဖို့လုပ်နေတယ်။တချို့လည်း တစ်ကောင်ကြွက် လာနေတော့ဘယ်သူမှ မသိကြဘူး။ သိတဲ့လူကလည်း မြေပြိုတဲ့အထဲပါ သွားရင် လိုက်မရဘူး။ တချို့ ရေမဆေး လော်ပန်တွေကလည်း ကိုယ့်လူတွေသေကုန်ကြတော့ ဇာတ်လမ်းရှုပ်မှာကြောင့် တာဝန်မယူကြတာမျိုးတွေ ရှိနေတယ်။ ကျွန်တော်တို့ကတော့ လုံးဝမဝင်ရနေရာတွေ သတ်မှတ်ကြဖို့ လုပ်နေတယ်။ အန္တရာယ်များတဲ့နေရာကို လုံးဝမဝင်ရနေရာ သတ်မှတ်ဖို့ပေါ့။ အခုဖြစ်တာက လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက မိုးရွာနေတယ်။ ကုမ္ပဏီကလည်း အထွက် ရေမဆေးသမားတွေ အဝင်မှာ အခုလိုအဖြစ်ဆိုးနဲ့ ကြုံတာပါ။ အဓိက အကြောင်းကတော့ အလွန်အကျွံတူးခဲ့ကြလို့ပဲ။ ဒီလိုမြင်တော့ အခြားအလုပ် လုပ်စားကြဖို့သာ တိုက်တွန်းလိုပါတယ်။ ဖားကန့်ကို မိုးရာသီမတက်လာကြပါနဲ့။ ပွင့်လင်းရာသီမှ လာကြပါလို့ တောင်းပန်ချင်ပါတယ်” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်က ပြောကြားပါတယ်။
နိုင်ငံ့ဘဏ္ဍာကျပ်ဘီလျံ ၅၀ ခန့် အသုံးပြုမယ့် ၂၀၂၀ ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှု အဖြေ
ဘဏ္ဍာနှစ်အပြောင်းအလဲ ရှိခဲ့တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထဲ ရောက်သွားပြီး နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကျပ် ဘီလျံ ၅၀ ခန့် အသုံးပြုသွားမှာပါ။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားခရီးစဉ်အတွင်း Arguments and Facts သတင်းဌာနနဲ့ အင်တာဗျုးမှာ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ရေးဟာ တပ်မတော်ရဲ့ နံပါတ် (၁) ဦးစားပေးလုပ်ငန်းဖြစ်သလို အောင်မြင်အောင်လုပ်ပေးမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာဆိုရင်ပဲ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့က NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်တို့အဖြစ် ပါတီစည်းရုံးရေး လုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို လုပ်ဆောင်မယ်လို့ ကြေညာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အဆောင်အယောင်တွေကို သုံးပြီး နယ်မြေစည်းရုံး မဲဆွယ်မှာလား။ နိုင်ငံတော်က ကုန်ကျခံရတဲ့စရိတ်တွေ၊ အဆောင်အယောင်တွေမသုံးဘဲနဲ့ NLD ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်တို့အဖြစ် ပါတီရဲ့စရိတ်နဲ့ စည်းရုံးရေးဆင်းမှာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံ့ထိပ်တန်း တာဝန်ရှိသူတွေဟာ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးဖို့ မဲဆွယ်ခွင့်နဲ့ နယ်မြေစည်းရုံးခွင့်ရှိတယ်ဆိုပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ နိုင်ငံတော်စရိတ်သုံးပြီး မဲဆွယ်မယ်ဆိုရင် တိုင်းပြည်အတွက် နစ်နာရသလို ပြိုင်ဘက်ပါတီတွေကိုလည်း နိုင်ငံ့ဘဏ္ဍာနဲ့ အသာစီးယူတဲ့ Conflict of Interest ကို ဖြစ်စေပါလိမ့်မယ်။
နိုင်ငံ့ဘဏ္ဍာသုံးပြီးတော့ နယ်မြေဆင်းစည်းရုံးမှုဟာ ပြိုင်ဘက်ပါတီတွေအတွက် ဝေဖန်ထောက်ပြစရာ ဖြစ်သလို NLD ပါတီကိုယ်တိုင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ဦးသိန်းစိန် နိုင်ငံ့တာဝန်တွေနဲ့ သွားလာချိန်မှာ ပါတီဝင်တွေ ကြိုဆိုနှုတ်ဆက်တာကို အခြေခံဥပဒေဆန့်ကျင်ပြီး ပါတီလုပ်ငန်းဆောင်ရွက်တယ်လို့ ကန့်ကွက်တိုင်ကြားခဲ့တာကြောင့် ဦးသိန်းစိန်အစိုးရဟာ သိက္ခာရှိစွာနဲ့ပဲ နိုင်င့ံဘဏ္ဍာသုံးပြီး မဲဆွယ်နေတာလို့ ထင်မြင်ခံရတဲ့ သမ္မတခရီးစဉ်တွေကိုပါ ရပ်ဆိုင်းခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။ ကိုယ်တိုင်ကန့်ကွက်ခဲ့တာဖြစ်လို့ ကိုယ်တိုင်အစိုးရဖြစ်ချိန်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပေးထားချက်ကြောင့် မဲဆွယ်ကြမယ်ဆိုရင်တောင်မှ သမ္မတနဲ့ အတိုင်ပင်ခံအ ဆောင်အယောင်၊ လုံခြုံရေးတွေ မသုံးဘဲ NLD ပါတီစရိတ်နဲ့ သုံးတာက ဝေဖန်ခံရမှုကင်းလွတ်နိုင်သလို အဆောင်အယောင်တွေသုံးပြီး နယ်မြေစည်းရုံးမှု လုပ်ခဲ့လို့ရှိရင်လည်း ကုန်ကျခဲ့တဲ့ ပြည်သူ့ဘဏ္ဍာတွေကို ပြန်ပြီးတော့ နိုင်ငံတော်ကို ပေးသွင်းတာက မှန်ကန်တဲ့လုပ်ဆောင်မှု ဖြစ်စေမှာပါ။ အမေရိကန်နိုင်ငံမှာဆိုရင်လည်း သမ္မတတွေဟာ နိုင်ငံ့တာဝန်နဲ့ ခရီးသွားရင်း ကိုယ်ကျိုးအတွက် မဲဆွယ်ကြရင် ရှုတ်ချခံရသလို အဲဒီလို မဲဆွယ်ခဲ့မှုကြောင့်ပဲ နိုင်ငံတော်က ကုန်ကျခဲ့ရတဲ့ ခရီးစရိတ်တွေကနေ မဲဆွယ်တဲ့ကုန်ကျစရိတ်ကို သမ္မတက ပြန်လည်ပေးသွင်းရတဲ့အတွက် သိက္ခာရှိတဲ့ သမ္မတတွေက နိုင်ငံတော်စရိတ်နဲ့ မဲမဆွယ်ကြတဲ့ဖြစ်စဉ်မျိုးကို အတုယူစေချင်ပါတယ်။
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေကပဲ မြန်မာ့ထွန်းသစ်စဒီမိုကရေစီကို အရှိန်မြှင့်ပေးနိုင်မှာဖြစ်သလို ဥပဒေအားသာချက်တွေ အသာစီးယူပြီး လုပ်ကြတဲ့ရွေးကောက်ပွဲက သန့်ရှင်းမျှတမှုမပေးနိုင်တာ၊ နိုင်ငံ့ဘဏ္ဍာ အချည်းနှီးနစ်နာနိုင်တာကို သတိချပ်စေလိုပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။










