ဖားကန့်၏ စံချိန်တင်လူသေဆုံးမှုဖြစ်စဉ် မည်သူ့တွင် တာဝန်ရှိသနည်း

ဖားကန့်၏ စံချိန်တင်လူသေဆုံးမှုဖြစ်စဉ် မည်သူ့တွင် တာဝန်ရှိသနည်း
ဖားကန့်မြေပြိုမှုတွင် သေဆုံးသူများ၏ အလောင်းများအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ်
ဖားကန့်မြေပြိုမှုတွင် သေဆုံးသူများ၏ အလောင်းများအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ်
Published 5 July 2020
ဆန်းမိုးထွန်း၊ ထွန်းလင်းအောင်

ဖားကန့်မြေပြိုမှုတွင် သေဆုံးသူများ၏ အလောင်းများအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ်

၁၉၉၅ ခုနှစ်တွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံသားပိုင် ကျောက်မျက်ကုမ္ပဏီများကို တူးဖော်လုပ်ကိုင် ရောင်းချခွင့်ပြုခဲ့သည်။

၁၉၉၅ ခုနှစ်မှစ၍ ပုဂ္ဂလိကလုပ်ကွက်များကို တူးဖော်ခွင့်ပြုခဲ့ ပြီး ၂၀၀၀  ပြည့်နှစ်တွင် နိုင်ငံတော်နှင့်အကျိုးတူ တူးဖော်ထုတ်လုပ်မည့်ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့လုပ်ကိုင်ခွင့်ပြုရာတွင် သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ်လုပ်ကွက်နှင့် နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်ဟူ၍ သုံးမျိုး သတ်မှတ်ထားသည်။

အဆိုပါ ကျောက်စိမ်းလုပ်ကွက်များကို ဝန်ကြီးဌာနပေါင်းစုံမှ တာဝန်ရှိသူများ အဖွဲ့ဝင်အဖြစ်ပါရှိသော ဦးစီးကော်မတီက လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်ပြီး စျေးပြိုင်စနစ်ဖြင့် အဆိုပြုလွှာတင်သွင်းစေပြီးနောက် စျေးအများဆုံး တင်သွင်းသူကိုသာ လုပ်ကိုင်ခွင့်ပြုကာ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ရေမဆေးသမားများ စတင်ပေါ်ပေါက်လာခြင်းမှာ ကျောက်မျက်ကုမ္ပဏီ အင်အားကြီးမားမှုနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ကျောက်စိမ်းလုပ်ကွက်များ၌ စက်ယန္တရားအင်အား အသုံးပြုမှုများပြားလာပြီး နောက်ပိုင်း ကုမ္ပဏီမြေစာပုံတွင် ကျောက်စိမ်းအကျန်များကို ရှာဖွေသူတိုးလာခဲ့သည်။

လူပေါင်း သိန်းနှင့်ချီသည့် ကျောက်မျက်ရှာဖွေသူများအနေဖြင့် ယခင်တစ်ပိုင်တစ်နိုင် တူးဖော်နေသော လုပ်ကွက်များမှာ ကုမ္ပဏီပိုင်ဖြစ်သွားခြင်းကြောင့် ရေမဆေးကျောက် ရှာဖွေသူများအဖြစ်သို့ ရောက်သွားကြခြင်းဖြစ်သည်။

ဖားကန့်ဒေသ၏ ကျောက်စိမ်းတူးဖော်မှုကို ကြည့်မည်ဆိုလျှင် လက်ကျင်းခေတ်၊ ရေငုပ်ကျင်းခေတ်၊ ခေါက်စားခေတ်၊ ဖက်စပ်ခေတ်၊ ယန္တရားငယ်ခေတ်၊ ယန္တရားကြီးခေတ် ဆိုပြီး ရှိခဲ့သည်။

“ ကျွန်တော်တို့က ဖားကန့်မှာ မဆလခေတ် ဆိုရှယ်လစ်ခေတ်ကတည်းက လုပ်ခဲ့တာ သံတူရွင်းခေတ်ပေါ့။ အဲဒီခေတ်က အန္တရာယ်က မြေပြိုတယ်။ ကျင်းလျှောတယ်ဆိုတာ ရှိတယ်။ သေဆုံးတာ နည်းပါတယ်။ ရေမဆေးပေါ်တာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ စတာ။ မြေစာပုံအန္တရာယ်က ၂၀၀၅ လောက်မှာ စပေါ်ပြီ။ ၂၀၀၇ ကနေပြီး အုပ်လိုက်သေတာတွေ ဖြစ်ကုန်တာ။ ၂၀၁၅ ကတော့ လူပေါင်းတစ်ရာကျော် သွားတယ်။ တူးလိုက်ကြတာလည်း ၁၉၉၇ အရှေ့နှစ်ပေါင်း ရာချီလုပ်လုပ်ခဲ့တဲ့ ကျောက်စိမ်း တူးဖော်မှုက ၂၀၁၀ ခုနှစ် တစ်နှစ်လုပ်စာတောင် မရှိဘူးလေ။ သေတာလည်း ဆယ်ဂဏန်းကနေရာ ဂဏန်းဖြစ်လာတယ်” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဆိုသည်။

 

ဖားကန့်တွင် စံချိန်တင်သေဆုံးမှု

ချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု ဧရာရတနာ လုပ်ကွက်ဟောင်းတွင် ဇူလိုင် ၂ ရက်က မြေပြိုကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အမြင့်ပေ ၁၀၀၀ ဝန်းကျင်မှ မြေသားစိုင်များမှာ ပေ ၃၀၀ ခန့် ကျောက်မျက်တူးဖော်ထားသည့် ကျင်းဟောင်းအတွင်းသို့ ပြိုကျခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြိုကျမှုကြောင့်  ၁၀ ပေခန့် ရေလှိုင်းလုံးများ တက်လာပြီး အခြားကန်ဘေး၌ ကျောက်တူးနေသူများကို ဆွဲချခဲ့သောကြောင့် လူအများအပြား သေဆုံးခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် မှတ်တမ်းရုပ်သံဖိုင်များအရ လူပေါင်း ၁၀၀ ဝန်းကျင် ထွက်ပြေးနေပြီး ၁၀ ပေခန့် အမြင့်ရှိသည့် ရေလှိုင်းကြောင့် သေဆုံးသူအများစုမှာ ကျောက်နံရံနှင့် ဦးခေါင်းရိုက်မိသည့် အခြေအနေတွင် ရှိသည်။ 

မြေပြိုမှုဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ပူတာအိုဒေသခံ ကိုရမ်ဆိုင်းက “ မြေပြိုတာက ကြီးတယ်။ ရေလှိုင်းတွေနဲ့ ဆွဲချသွားတယ်။ အလောင်းတွေ အများကြီးပဲ” ဟု ပြောကြားသည်။

အဆိုပါမြေပြိုကျမှုဖြစ်စဉ်တွင် ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ သေဆုံးသူ ၁၇၂ ဦးရှိလာပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိသည့်အပြင် မြေထပ်ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည်။

“ ရှာဖွေမှုက မြေပြိုလာလို့ အားလုံးရပ်ဆိုင်းလိုက်ရပြီ။ မြေတွေ အက်ကြောင်းလိုက်ပြီး လျှောလာတာ။ မိုးကရွာနေတယ်။ ဒီနေ့အားလုံး ၁၁ လောင်း ရပါတယ်။ လူ ပျောက်တဲ့အခြေအနေတွေက ရွာခံတွေ ပြောပြချက်အရဆိုရင် လူပေါင်း ၂၅၀ အထက်မှာ ရှိနေတယ်။ နောက်ပြီး မြေပြိုတဲ့နေရာအောက်မှာ လူတွေ ကျန်နေသေးတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဖားကန့်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့(၁) မှ ဒုခွဲမှူး ဦးမျိုးမြင့်က ပြောကြားသည်။

ဖားကန့်မြေပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူများမှာ ရေမဆေးကျောက် ရှာဖွေသူများဖြစ်သည်။ သေဆုံးသူများအနက် အချို့အလောင်းများတွင် ပိုင်ရှင်ရှိသော်လည်း အချို့အလောင်းများမှာမူ ပိုင်ရှင်မပေါ်သေးကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောကြားသည်။

“ သတိပေးမှုတွေလည်း လုပ်ပြီးသားတွေ ရှိပါတယ်။ ထပ်လုပ်ဖို့လည်း ရှိပါတယ်။ သေဆုံးသူတွေက ရေမဆေးသမားတွေပါ။ တစ်ပိုင် တစ်နိုင်ဝင်သူတွေပါ။ အလောင်းပိုင်ရှင်တွေက တချို့လည်း ရှိတယ်။ တချို့လည်း မရှိသေးဘူး။ ဘေးအန္တရာယ်ကိုတော့ ကြိုတင်ရှောင်ကြဉ်စေချင်ပါတယ်” ဟု ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောကြားသည်။

သေဆုံးသူအများစုတွင် ရခိုင်နှင့် ကချင်တိုင်းရင်းသားများဖြစ်ပြီး ယော၊ ဗမာ၊ ချင်း၊ ရှမ်းလူမျိုးများလည်း ပါဝင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

“ ခွဲတမ်းချတာ မကြာသေးဘူး။ ကျောက်ကြောကောင်းတယ် ဆိုပြီး ၁၅ ပေ ပတ်လည်တွေ တူးနေကြတာ။ ကချင်နဲ့ ရခိုင်တိုင်းရင်းသားများတယ်။ လုပ်ကွက်တွေက ကျောက်ကြောကောင်းတိုင်း လူတိုင်းဝင်တူးလို့ မရဘူးလေ။ VIP အကွက်တွေ ရှိတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ဧရာရတနာလုပ်ကွက်မှာ ပြီးခဲ့သည့် ဇွန် ၂၆ ရက်က အလုပ်ပိတ်သိမ်းထားသည့် လုပ်ကွက်ဖြစ်ပြီး ကျင်းကမ်းပါးများတွင် ၁၅ ပေ ခွဲတမ်းချ၍ တရားမဝင် တူးကြသည့်အတွက် အသေအပျောက် များရခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားသည်။

“ သေဆုံးတာ များသွားတာက အဲဒီလုပ်ကွက်က ဇွန် ၂၆ ရက်မှာ အလုပ်ပိတ်သိမ်းတယ်။ အဲဒီကျင်းကမ်းပါးတွေကို ၁၅ ပေ ခွဲတမ်းချပြီး တရားမဝင်တူးကြတော့ သေတာ များကုန်တာ။ ထပ်များဖို့ ရှိသေးတယ်။ အန္တရာယ်များတော့ ကယ်ဆယ်ရေး မရောက်သေးတာ ရှိတယ်။ ပြောချင်တာဗျာ။ ကိုယ့်အသက်ထက် ဘာမှတန်ဖိုးရှိတာ မရှိဘူး။ အခုက အစိုးရပဲ မကောင်းသလို ပြောနေကြတယ်။ ခိုးတူးနေကြတာလေ။ အန္တရာယ်လေးတော့ ရှောင်ကြဦးမှပေါ့” ဟု ဦးတင့်စိုးက ဆိုသည်။

ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိထားသည့် အလောင်းများအနက် ပိုင်ရှင်ရှိသည့် အလောင်းများကို သယ်ထုတ်၍ သင်္ဂြိုဟ်ခဲ့ကြောင်း၊ ပိုင်ရှင်မဲ့အလောင်းများကိုမူ ဓာတ်ပုံနှင့်တကွ အခြားမှော်များသို့ ပေးပို့၍ ရှာဖွေမှု ပြုလုပ်နေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်က ဇူလိုင် ၃ ရက် တွင် ပြောကြားသည်။

“ တချို့ ရေမဆေးလော်ပန်တွေကလည်း ကိုယ့်လူတွေ သေကုန်ကြတော့ ဇာတ်လမ်းရှုပ်မှာကြောင့် တာဝန်မယူကြတာမျိုးတွေ ရှိနေတယ်။ ကျွန်တော်တို့ကတော့ လုံးဝမဝင်ရနေရာတွေ သတ်မှတ်ကြဖို့ လုပ်နေတယ်။ အန္တရာယ်များတဲ့ နေရာကို လုံးဝမဝင်ရနေရာ သတ်မှတ်ဖို့ပေါ့။ အခုဖြစ်တာက လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက မိုးရွာနေတယ်။ ကုမ္ပဏီကလည်း အထွက် ရေမဆေးသမားတွေ အဝင်မှာ အခုလိုအဖြစ်ဆိုးနဲ့ ကြုံရတာပါ။ အဓိကအကြောင်းကတော့ အလွန်အကျွံတူးခဲ့ကြလို့ပါပဲ” ဟု ဦးချိုက ဆိုသည်။

ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် အမြဲရှိနေသည်။ ယင်းရွှေ့ပြောင်းလုပ်သားများအနေဖြင့် ကျောက်စိမ်းလုပ်ကွက်များတွင် တရားမဝင် တစ်ပိုင်တစ်နိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်းရှာဖွေခြင်း စသည့်လုပ်ငန်းများ၌ လုပ်ကိုင်နေသည့်အတွက် မြေပြိုမှုဖြစ်စဉ်များကြောင့် လစဉ် အသက်ဆုံးရှုံးမှုများ ရှိခဲ့သည်။

ဖားကန့်ဒေသတွင် မြေပြိုမှုဖြစ်စဉ်မှာ လစဉ်နေရာအနှံ့ဖြစ်ပေါ်နေပြီး အထူးသဖြင့် ယခုလို မိုးဦးရာသီ၌ မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများမှတစ်ဆင့် မိုးရေဝင်၍ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများမှ မြေသားများ လျှောဆင်းခြင်း၊ ယင်းမြေသားပြိုကျမှုကြောင့် အောက်ခြေရေအိုင်တွင် လှိုင်းလုံးများဖြစ်ပွားပြီး ရေအိုင်ကမ်းပါး၌ ကျောက်ရှာနေသူများမှာ သေဆုံးမှုမကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

 

ဝန်ကြီးဌာန ညွှန်ကြားစာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု ဧရာရတနာလုပ်ကွက်ဟောင်းတွင် ဇူလိုင် ၂ ရက် မြေပြိုကျမှုဖြစ်စဉ်မတိုင်မီ တစ်ရက်အလိုတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မိုးရာသီကာလအတွင်း လုံးခင်း၊ ဖားကန့်ရတနာမြေ၊ ခန္တီး ရတနာမြေနှင့် မော်လူး မော်ဟန် ရတနာမြေအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်တွင် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ လက်ရှိအခြေအနေမှာ နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုခြင်းတို့ကြောင့် လူသေဆုံးမှုများ၊ စက်ယန္တရားနှင့် နေအိမ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး လူမှုဒုက္ခများစွာ ခံစားနေရကြောင်း၊  မြန်မာ့ကျောက်မျက်နည်း ဥပဒေ မထွက်ရှိသေးမီ ကချင်ပြည်နယ် ဖားကန့်ဒေသ၌ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီများက ကျောက်စိမ်းရိုင်း တူးဖော်မှုလုပ်ငန်းများကို သင့်လျော်သည့် အချိန်ကာလတစ်ခု သတ်မှတ်ရပ်နားသင့်ကြောင်း အကြောင်းကြားလာသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ယခုမိုးရာသီ သုံးလတာကာလအတွင်း ကျောက်စိမ်းတူးဖော် ထုတ်လုပ်နေသော လုပ်ငန်းများကို လုံးဝခွင့်မပြုဘဲ ခေတ္တရပ်ဆိုင်းထားရန်နှင့် ခေတ္တရပ်ဆိုင်းထားစဉ် ကာလအတွင်း အန္တရာယ်ဖြစ်နိုင်သော လုပ်ကွက်များနှင့် မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကြိုတင်ကာကွယ်မှု အစီအမံများ ဆောင်ရွက်ထားရှိရန် ညွှန်ကြားထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဇွန် ၂၆ ရက်က ကျင်းပသည့် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ လုံးခင်း၊ ဖားကန့်ရတနာမြေ၊ ခန္တီးရတနာမြေနှင့် မော်လူး မော်ဟန် ရတနာမြေအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။

ယာယီရပ်နားစဉ်ကာလအတွင်း မလိုလားအပ်သော ပြဿနာ၊ ဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်မှု မရှိစေရေးအတွက် ကျောက်မျက်ကုမ္ပဏီများ လိုက်နာရန် ညွှန်ကြားချက် ၁၀ ချက်ကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ဇူလိုင် ၂ ရက်တွင် မြေပြိုမှုဖြစ်စဉ်ကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့သည့်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

ဖားကန့်မြေပြိုမှုတွင် သေဆုံးသူများ၏ အလောင်းများအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ်

စုံစမ်းစစ်ဆေးရေးအဖွဲ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း၊ ဖားကန့်ရတနာမြေတွင် ဇူလိုင် ၂ ရက်က မြေပြိုကျခဲ့၍ ရေမဆေးကျောက်ရှာဖွေသူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်အတွက် “ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးက ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည်။

လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ (က) မြေပြိုကျခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ခြင်း၊ (ခ) ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် တာဝန်ရှိသူ အဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ခြင်း၊ (ဂ) ဖြစ်စဉ်တွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် (ဃ) နောင်အလားတူဖြစ်စဉ် မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမည့် အစီအမံများကို အကြံပြုတင်ပြခြင်း စသည်တို့ ဖြစ်သည်။

လုပ်ငန်းတာဝန်လေးခုအနက် နောက်ဆုံးအချက်နှင့်ပတ်သက်၍ လုံခြုံရေးအကြောင်းပြချက်ဖြင့် ရေမဆေးသမားများအား ကန့်သတ်လိုက်မည့်အပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

“ စုံစမ်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ရာမှာ ဆောင်ရွက်ရမယ့်အချက် လေးချက်ရှိတယ်။ အဲဒီလေးချက်ထဲက နောက်ဆုံးအချက်ကိုတော့ ကျွန်မက သံသယရှိတယ်။ နောင်အလားတူဖြစ်စဉ် မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမယ့် အစီအမံတွေကို အကြံပြုတင်ပြရမယ်ဆိုတော့ ဘယ်အပေါ်မှာ ပြဿနာရှိမလဲဆို လက်လုပ်လက်စားတွေ အပေါ်မှာပဲ ပြဿနာရှိလိမ့်မယ်။ လုပ်ကွက်ရှိတဲ့ လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးပြီးတော့ ကိုယ့်အသက်ကို စွန့်ပြီးတော့ ကိုယ့်မိသားစုဝမ်းရေး ကျောင်းနေရတဲ့ လူတွေအတွက်ပဲ လုံခြုံရေးဆိုတာမျိုးနဲ့ ကန့်သတ်လိုက်ရင် ပြဿနာကြီးနိုင်တယ်။ လူတွေရဲ့ ဘဝပေါင်းများစွာကလည်း ဒုက္ခရောက်နိုင်တယ်။ အဲဒီတစ်ချက်ကိုတော့ စိုးရိမ်တယ်” ဟု EITI အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။

ထို့ပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ ဆောလျင်စွာ အစီရင်ခံ တင်ပြရမည်ဖြစ်သည်။

ယင်းအဖွဲ့တွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ လုံးခင်းကျေးရွာအုပ်စု ရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးက “ နေ့စဉ်အဝင် ငါးရာကျော်ရှိတယ်။ အထွက်နည်းတယ်။ အားလုံးက ကျောက်တစ်ပိုင်တစ်နိုင် ရှာဖွေကြဖို့ပဲ။ အစိုးရက ကျင်းဟောင်းကြီးတွေ စနစ်တကျ ပိတ်သိမ်းမထားတော့ အားလုံးက ပြိုနိုင်တဲ့နေရာတွေ အများကြီးပဲ။ ကျောက်တူးတဲ့ သူတွေကလည်း အဲဒီကမ်းပါးက မြေစာပစ်ရတာ အရမ်းလွယ်တော့ အဲဒီနေရာတွေမှာ တူးကြ၊ ပြိုကြ၊ သေကြ ဖြစ်နေတာ။ ကုန်ကုန်ပြောရင် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကပါ ကျောက်ထွက်တဲ့ နေရာတွေကို ရောင်းစားနေကြတာ။ အန္တရာယ်မရှိတဲ့နေရာမှာ တူးခိုင်းတာ မပြောလိုပါဘူး။ အမှန်ကတားရမှာ။ သူတို့မှာလည်း ရဲတပ်ရင်း သုံးရင်း၊ တပ်မတစ်ခုဗျာ။ သူတို့က ကုန်းပေါ်မှာ တူးနေကြတာက အောက်မှာဆိုတော့ မဖြစ်သင့်ဘူး။ အစိုးရက လူ့အသက်တွေထက် ဘယ်အဖွဲ့အစည်းကို အရေးစိုက်ရမှာလဲ။ အခုကကော်မတီဖွဲ့ စစ်ရင်လည်း စစ်ရုံရှိမှာပေါ့” ဟု ဆိုသည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူက “ စုံစမ်းရေးကော်မရှင်က ကွင်းဆင်းပြီးရင် အစီရင်စာခံရပါတယ်။ အခုက အစိုးရလူတွေ ဘယ်လိုစုံစမ်းပြီး ဘယ်လိုအစီရင်ခံစာတင်မလဲ။ ရေမဆေးကျောက်ရှာသူတွေကို အပြစ်တင် ထောက်ပြတာမျိုး မဖြစ်စေချင်ဘူး။ စုံစမ်းရေးကော်မရှင်မှာ ပြင်ပပညာရှင်က ပါရမှာ။ အခုကြည့်လိုက်ရင် မြေပြိုနိုင်တဲ့ အခြေအနေဆိုတာ ကမ်းပါးကြီးတွေ ကြည့်တာနဲ့တင် သိနေတာပဲ။ ဒါကို စောင့်ကြည့်တဲ့အဖွဲ့တွေက သတိပေးတာ၊ တားမြစ်ပြုပြင်တာမျိုးက လုပ်ရမှာ။ အစိုးရက ပညာရှင်တွေ၊ ဒေသခံတွေကို ဖွဲ့စည်းပြီး စောင့်ကြည့် ကြရမှာ။ အရင်ကလည်း လူတစ်ရာကျော် သေပြီးပြီ။ ပွင့်လင်းမြင်သာမှု မရှိတာတွေကြောင့် အခုလိုဖြစ်သွားတာ။ ပွင့်လင်းမြင်သာမှုရှိရင် ပြည်သူတွေကအရင်ကတည်းက အန္တရာယ်ကို စုပေါင်းကာကွယ်ကြမှာပေါ့။ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုပြီးလည်း အစိုးရဘက်က ပြောနေတယ်။ စစ်တပ်၊ တရားရုံး၊ ရဲတပ်ဖွဲ့တွေ ရှိနေတယ်။ သူ့ဘက်က ကောက်မတီပေါင်းစုံနဲ့ စောင့်ကြပ်နေရင် ဒါမျိုးဖြစ်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် အစိုးရကို အပြစ်တင်တာပါ။ အစိုးရအနေနဲ့ ရေတို၊ ရေရှည် စီမံကိန်းဆွဲပြီး လူ့အသက်တွေ ထပ်မဆုံးရှုံးရအောင် လုပ်သင့်နေပါပြီ” ဟု ပြောကြားသည်။

 

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု စီမံချက်

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) ရေးဆွဲခြင်းအတွက် စာချုပ်ချုပ်ဆိုခြင်းကို ၂၀၁၇ ခုနှစ် မတ် ၃ ရက်က မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

EMP ရေးဆွဲခြင်းလုပ်ငန်း သဘောတူစာချုပ်တွင် Valentis & Coffey ကုမ္ပဏီမှ လုပ်ငန်းလက်ခံသူအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက လုပ်ငန်းအပ်နှံသူအဖြစ် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

လုံးခင်း၊ ဖားကန့်ရတနာနယ်မြေဇုန် ၁၀ ဇုန်အတွက် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲခြင်း ကုန်ကျစရိတ်မှာ ဒေါ်လာ ခြောက်သိန်းကျော် (၆၄၉၈၄၇) နှင့် ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရခြင်း ဖြစ်သည်။  လုံးခင်း၊ ဖားကန့်ရတနာမြေ၏ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု စီမံချက် (EMP) ကို သြစတြေးလျ ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းရေးဆွဲခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကျောက်စိမ်းတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ပြန်လည်ထိန်းသိမ်းနိုင်ရန် အဆိုပါစီမံချက်ကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်သွင်းခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် အပိုင်းသုံးပိုင်းပါဝင်ပြီး ပထမပိုင်း၌ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်။

ဒုတိယပိုင်းတွင် ပတ်ဝန်းကျင်အခြေအနေ ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်ရမည့် အချက်များ၊ ကျောက်တွင်းပိတ်သိမ်းခြင်းနှင့် ပြန်လည်တည်ထောင်ခြင်းတို့ ဖြစ်သည်။ တတိယပိုင်းတွင် နိုင်ငံတကာစံနှုန်းများ အကောင်အထည်ဖော်ခြင်းနှင့် EMP လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်း ရှိ မရှိ သုံးသပ်ခြင်းတို့ ပါဝင်သည်။

အထက်ပါ EMP တွင် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စားစသည့် သတ္တုတူးဖော်ရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ပြီး သတ္တုတွင်းအနီးရှိ ပြည်သူ၏ ဘဝအရည်အသွေးတိုးတက်စေရန် လက်တွေ့ကျသော လုပ်ဆောင်ချက်များ ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ထို့ပြင် EMP တွင် လုံးခင်းနှင့် ဖားကန့်ရတနာနယ်မြေ၌ အဓိကဖြေရှင်းရမည့် မြေပြိုကျခြင်းကို ရှောင်ရှားရန်၊ ကြံ့ခိုင်သောမြေပြင် ဖန်တီးရန်၊ ရေတိုက်စားခြင်းနှင့် အနည်ကျခြင်းတို့ကိုထိန်းချုပ်ရန်၊ အပင်နှင့် တိရစ္ဆာန်များကို ကာကွယ်ရန်၊ ဖုန်မှုန့်နှင့် ဆူညံသံများ လျှော့ချရန် စသည့် အသေးစိတ်အစီအစဉ်များ ပါဝင်ကြောင်း သတင်းရရှိသည်။

 

အစိုးရကြီးကြပ်မှု အားနည်း

အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု စီမံချက် (EMP) ကို ငွေကြေးမြောက်မြားစွာ အကုန်ကျခံပြီး ရေးဆွဲထားသော်လည်း မြေပြင်တွင်မူ လုပ်ဆောင်နိုင်မှုမှာ စိစစ်မှုအားနည်းနေကြောင်း သုံးသပ်မှုများ ရှိနေသည်။

“ ကျွန်မတို့ ဖားကန့်ကို ရောက်တဲ့အချိန်မှာ တော်တော်ကို အခြေအနေဆိုးတယ်။ တော်တော်အခြေအနေ ဆိုးတယ်ဆိုတာ လူကြားကောင်းအောင် EIA တို့ EMP တို့ စစ်ကြတယ်ပေါ့။ ဒါပေမဲ့ ဘယ်လောက်ပဲစစ်စစ် ဆိုတဲ့နေရာမှာ သူတို့က ကွင်းဆင်းစစ်တာမှ မဟုတ်တာ။ ဒီအစီရင်ခံစာတွေ တင်လာတယ်။ ဒီဟာတွေ လုပ်ပါ့မယ်။ မိုင်းပြီးရင် မိုင်းတွင်းကို ဘယ်လိုပုံစံမျိုးနဲ့ ပိတ်သိမ်းပါ့မယ်ဆိုပေမဲ့ မြေပြင်မှာ ကွင်းဆင်းစစ်ဆေးတာ တစ်ယောက်မှ မရှိဘူး။ မရှိတော့ လုပ်ငန်းရှင် ပြောသမျှကိုပဲ ကျွန်မတို့အားလုံး လမ်းဆုံးနေရသလို ဖြစ်နေတယ်” ဟု EITI အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက ဆိုသည်။

NLD အစိုးရလက်ထက်တွင် ဖားကန့်ဒေသ၌ လုပ်ကွက်များ သက်တမ်းမတိုးပေးခဲ့သော်လည်း ၂၀၁၆ ခုနှစ်က လုပ်ကွက်များကို သက်တမ်းတိုးပေးမှုများ ရှိခဲ့သည်။ ယခုသက်တမ်းကျန်လုပ်ကွက်များမှာ ထိုစဉ်က တိုးပေးခဲ့သည့် လုပ်ကွက်များ ဖြစ်သည်။ 

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသ၌ ပုဂ္ဂလိကကုမ္ပဏီ ၈၀၈ ခု၊ တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူ ကုမ္ပဏီ ၂၂၂ ခုနှင့် လုပ်ကွက်ပေါင်း ၃၀၂ ကွက်အထိ ရှိခဲ့သည်။

ပြန်လည်ရုပ်သိမ်းလိုက်သည့် လုပ်ကွက်ဟောင်းများတွင် ဧက ဆယ်နှင့်ချီသည့် ရေကန်ကျင်းဟောင်းကြီးများ၊ ပေ ၁၀၀၊ ၂၀၀ မြင့်သည့် ကျင်းဟောင်းကြီးများ ကျန်ခဲ့သည်။ အဆိုပါကျင်းများကို ကုမ္ပဏီများက စနစ်တကျ မပိတ်သိမ်းခဲ့ကြပေ။

ထိုသို့ ကုမ္ပဏီများ၏ စည်းကမ်းလိုက်နာမှုမရှိသည့်အပေါ်တွင် အစိုးရတာဝန်ရှိသူများက လိုက်လံစစ်ဆေးမှု အားနည်းချက်များရှိသည်ဟု ဝေဖန်မှုများရှိခဲ့သည်။

“ ကုမ္ပဏီတွေဘက်ကလည်း နောက်ဆုံးလက်ကျန်ရှိသမျှ စက်အင်အားနဲ့ ၀ိုင်းရှာကြသလိုဖြစ်တော့ မြေစာတွေ တောင်ပုံရာပုံ ဖြစ်လာတာပေါ့။ အဲဒီလို မြေစာ တောင်ပုံရာပုံ မဟုတ်ရင် ရေမဆေးတွေ ရောက်စရာ အကြောင်းမရှိဘူး။ သေစရာအကြောင်းမရှိဘူး။ အခုက လုပ်တာက ကုမ္ပဏီပဲ။ ဒါပေမဲ့ ကုမ္ပဏီက ဒီလိုဖြစ်နေတယ်ဆိုတာ အစိုးရက ကြီးကြပ်ရမှာပဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားဟောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောကြားသည်။

မြေစာပုံကိစ္စနှင့်ပတ်သက်၍ EITI အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက “ ၂၀၁၅ မှာ လူတွေသေတော့ EITI မှာပဲ အငြင်းပွားကြတယ်။ ကျောက်မျက်ဘက်က ဒုချုပ်တစ်ယောက်နဲ့ ကျွန်မတို့ စကားများကြတယ်။ စကားများကြတာက မြေစာပုံပုံတာ စည်းကမ်းမရှိလို့ဆိုပြီး ကျွန်မတို့က ပြောလိုက်တာ။ အဲဒါကို သူက ငြင်းတယ်။ ဟုတ်ပြီ ဆရာတို့ မြေစာပုံ ဘယ်လောက်အမြင့်ရှိရမှာလဲလို့ မေးတဲ့အခါ ၄၅ ပေတဲ့။ အခု ကွင်းထဲသွားကြည့်တွေ့ရမှာပါ။ ပေ ၃၀၀၊ ပေ ၄၀၀  လောက်မြင့်နေတဲ့ အမြင့်ကြီးတွေလေ။ ၄၅ ပေ လုံးဝမဟုတ်ဘူး။ တကယ်တမ်း ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်တဲ့ အထဲမှာပါတဲ့အတိုင်း လုပ်ရင် အန္တရာယ် ရှိကောင်းရှိနိုင်တယ်။  ဒါပေမဲ့ ဒီထက်အများကြီး လျော့နိုင်တယ်။ ဒါမျိုးတွေမှာ သက်ဆိုင်ရာ အစိုးရက လိုက်လံစစ်ဆေးမှု အားနည်းတယ်။ ပြောရင်တော့ လူအင်အား မလုံလောက်ဘူးဆိုတာနဲ့ပဲ အဆုံးသတ်သွားတယ်” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် မြေပြို၊ ကျင်းလျှောခြင်းများကြောင့် ၂၀၁၆ ခုနှစ်တွင် လူ ၁၁၀ ကျော်၊ ၂၀၁၇ ခုနှစ်တွင် လူ ၁၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် လူ ၁၄၀ နီးပါးနှင့် ၂၀၁၉ ခုနှစ်တွင် လူ ၁၁၆ ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် သတင်းဌာနမှတ်တမ်းများ၌ ဖော်ပြထားသည်။ အဆိုပါ သေဆုံးသူစာရင်းမှာ အလောင်းပြန်ရသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက် ပို၍များပြားနိုင်သည်။

၂၀၂၀ ပြည့်နှစ်အတွင်း မြေပြို၊ မျောချောင်းပေါက်ကျမှုများ၊ ခြေချော်ပြုတ်ကျမှုများကြောင့် လူ ၃၀ နီးပါးသေဆုံးခဲ့ကြောင်း အစိုးရ မှတ်တမ်းများကဆိုပြီး ဝှေခါမြေပြိုဖြစ်စဉ်တွင် သေဆုံးသူ ၁၇၀ ကျော် ရှိနေသည့်အတွက် ၂၀၂၀ ပြည့်နှစ်အတွင်း သေဆုံးသူအရေအတွက်မှာ ၂၀၀ ကျော်ရှိလာပြီဖြစ်သည်။

ဖားကန့်ဒေသ၌ ကုမ္ပဏီများက လုပ်ကွက်များ ပိတ်သိမ်းမှုရှိသော်လည်း ခိုးကျင်းတူးဖော်မှုများက ရှိနေသေးကြောင်း ကျောက်ရှာသူများထံမှ သတင်းရရှိသည်။

လုံးခင်းကျေးရွာသို့ စစ်ကိုင်းတိုင်းမှ ခြောက်နှစ်ကျော် ကျောက် လာရှာနေသူ ကိုဝင်းမျိုးက “ နေရာကောင်းရင် တူးချင်တိုင်း တူးလို့ရတာ မဟုတ်ဘူး။  ပေါက်စျေးတွေ ရှိတယ်။ ဝယ်နိုင်ရင်ဝယ်။ မဝယ်နိုင်ရင် ပုံစားတူးရတာ။ ကျောက် ကောင်းရရင်လည်း ကြီးရင် လူအများနဲ့ သိန်းထောင်ကျောက်က ကိုယ်အတွက် သိန်းလေးငါးဆယ်လောက် ရတယ်။ ကြောက်တော့လည်း ပေးရတာပေါ့။ ကိုယ်တစ်ယောက်တည်းလည်း မဟုတ်ဘူး။ ခုမြေပြိုကျတော့ ဘယ်သူမှ ခေါင်းမခံကြဘူး။ အန္တရာယ်ရှိတဲ့နေရာက ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် တားကို တားရမှာ” ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘက်ဟိုးမောင်းသူတစ်ဦးက “ တရားဝင်ကျင်းမှာ မောင်းရင် တစ်လ လေးသိန်းပဲ ရတယ်။ အပြင် ကျင်း (ခိုးကျင်း) မောင်းတော့ တစ်လ ခြောက်သိန်းနဲ့ ဘောက်ဆူးလည်း ရတတ်တယ်။ ဖမ်းမယ်ဆိုရင်တော့ ကြိုအကြောင်းကြားပါတယ်။ လောပန်းတွေ ဘယ်လိုလုပ်သလဲတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ဆိုသည်။

ထို့ကြောင့် အစိုးရအနေဖြင့် အောက်ခြေတွင် ဖြစ်ပျက်နေသည့် ကိစ္စများကို ထိထိရောက်ရောက် ကွင်းဆင်းလေ့လာ၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်ရန် ဒေသခံများက တောင်းဆိုမှုများ ရှိနေသည်။

“ အခုလိုပြိုနိုင်တဲ့ကမ်းပါးတွေ ရာနဲ့ချီပြီး ရှိနေတယ်။ လူတွေ သိန်းချီပြီး တူးနေတုန်း။ ကေအိုင်အေ ယောင်ယောင် ထောက်လှမ်းရေး ယောင်ယောင်တွေကလည်း ကျောက်ထွက်ကောင်းတဲ့ နေရာဆိုရင် အစုခွဲပြီး ရောင်းနေကြတုန်း။ စစ်တပ်နဲ့ ရဲတပ်ရင်းတို့နဲ့ လေးခွနဲ့ လှမ်းပစ်ရင်ရောက်တဲ့နေရာမှာ။ အောက်ခြေမှာ ငွေနဲ့ဖုံးနေကြတာ” ဟု ဆိပ်မူတွင် နှစ်ပေါင်း နှစ်ဆယ်ကျော် နေထိုင်နေသူ ဒေသခံတစ်ဦးက ပြောကြားသည်။

ဖားကန့်မြေပြိုမှုတွင် သေဆုံးသူများ၏ အလောင်းများအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်

MATA အဖွဲ့ ထုတ်ပြန်ချက်

ဖားကန့်မြေပြိုမှုတွင် အရင်းအမြစ်များအား တစ်စုတစ်ဖွဲ့က လက်ဝါးကြီးအုပ် အမြတ်ထုတ်ခြင်း အပါအဝင် လူမှုစီးပွားရေးဆိုင်ရာ တရားမမျှတမှုများကို ထုတ်ဖော်ဝန်ခံခြင်းမရှိဘဲ အပြင်းအထန် ဒဏ်ရသူများနှင့် အသက်သေဆုံးရသူများအား တရားမဝင်သူများဟု စွပ်စွဲမှုများကို အပြင်းအထန်ရှုတ်ချကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် (MATA) အဖွဲ့က ဇူလိုင် ၄ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အစိုးရအနေဖြင့် အစဉ်အဆက် ဖြစ်ပွားနေသော ဖြစ်ရပ်များမှ သင်ခန်းစာယူ၍ ကျောက်မျက်၊ ကျောက်စိမ်းကဏ္ဍနှင့် ပတ်သက်၍ အုပ်ချုပ်စီမံမှုပြောင်းလဲခြင်း၊ စီမံခန့်ခွဲမူ ပြုပြင်ပြောင်းလဲခြင်းများအား အားကြိုးမာန်တက် အချိန်မီဆောင်ရွက်ရန် ပျက်ယွင်းပြီး ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ပေါ့ပေါ့ဆဆ သဘောထားခဲ့ကြသဖြင့် ယခုနှစ်တွင်လည်း အလားတူဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ရပြီး တိုင်းရင်းသားပြည်သူများ အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း၊ ဖြစ်ရပ်ဆိုးကို ကြုံတွေ့စေရသည့် မူလလက်သည်ဖြစ်သော နိုင်ငံတော်၏ သယံဇာတမူဝါဒ အလျဉ်းကင်းမဲ့ခြင်း၊ အရင်းအမြစ်များအား တစ်စုတစ်ဖွဲ့က လက်ဝါးကြီးအုပ် အမြတ်ထုတ်ခြင်း အပါအဝင် လူမှုစီးပွားရေးဆိုင်ရာ တရားမမျှတမှုများအား ထုတ်ဖော်ဝန်ခံခြင်းမရှိဘဲ အပြင်းအထန် ထိခိုက်ဒဏ်ရသူများ၊ အသက်သေဆုံးရသူများအား “တရားမဝင်သူများ” ဟု သိက္ခာမဲ့စွာ ယိုးစွပ်နေမှုများအား မိမိတို့အနေဖြင့် အပြင်းအထန် ရှုတ်ချကန့်ကွက်ကြောင်း၊ “ အပြစ်မဲ့ပြည်သူများ နှစ်စဉ် ရာချီသေဆုံးနေသော သွေးစွန်းသည့် ကျောက်စိမ်းတွင်းများနှင့် ပတ်သက်၍ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲရန် အစိုးရတွင် စိတ်ဆန္ဒ ကင်းမဲ့နေသလော” ဟု  မေးခွန်းထုတ်လိုကြောင်း ဖော်ပြထားသည်။

အခင်းဖြစ်ပွားပြီး ၂၄ နာရီပြည့်သည်အထိ အစိုးရတာဝန်ရှိသူများဘက်က နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရမည့် ၎င်းတို့၏တာဝန်ရှိမှုကို ထုတ်ဖော်ပြသရန်နှင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ရန် အစီအစဉ် တစ်စုံတစ်ရာမျှ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ မိမိတို့နှင့် မဆိုင်ဘိသကဲ့သို့ ခပ်မဆိတ်နေခြင်းအား MATA အနေဖြင့် များစွာစိတ်ပျက်မိကြောင်းနှင့် ယခုကဲ့သို့ တာဝန်ယူမှု ၊ တာဝန်ခံမှု မပြနိုင်ခြင်းအပေါ် ရှုတ်ချကြောင်း MATA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အစိုးရက ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ၎င်းတို့၏ လုပ်ငန်းတာဝန် လေးချက်ကို နှိုင်းယှဉ်ချိန်ထိုးကြည့်ပါက လတ်တလော အပေါ်ယံမည် ကာမတ္တဖြစ်သည့်အပြင် သေဆုံးဒဏ်ရာရသူများ ရင်ဆိုင်ခံစားခဲ့ရသည့် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမမျှတမှုများနှင့် ပတ်သက်၍ ရေရှည်မူဝါဒများ ချမှတ်နိုင်ရန် ထုတ်ဖော်အဖြေရှာနိုင်မည့်ပုံ စိုးစဉ်းမျှ မရှိကြောင်း၊ ၎င်းစုံစမ်း စစ်ဆေးရေးအဖွဲ့အစား သီးခြားလွတ်လပ်သည့် ပညာရှင်အဖွဲ့အစည်းများ ပါဝင်သော နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ယခုဖြစ်ရပ်မျိုး၏ မူလဇာစ်မြစ်ဖြစ်သော နိုင်ငံတော်၏ ကျောက်မျက်၊ ကျောက်စိမ်းမူဝါဒ အတည်ပြု ပြဋ္ဌာန်းနိုင်မှုမရှိခြင်း အပါအဝင် လက်ရှိတည်ဆဲဥပဒေ၊ ဌာနဖွဲ့စည်းမှုများဆိုင်ရာ မဖြစ်မနေ ပြုပြင်ပြောင်းလဲမှုများအား မဆိုင်းမတွ အပြည့်အဝဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း အခိုင်အမာ တောင်းဆိုလိုသည်ဟု MATA က ဆိုသည်။

ဖားကန့် ဖြစ်စဉ်ကဲ့သို့ သယံဇာတကျိန်စာသင့် ဖြစ်ရပ်ဆိုးများ ထပ်မံမဖြစ်ပေါ်စေရန် အစိုးရ၊ လွှတ်တော် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သယံဇာတကဏ္ဍပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား ဟန်ပြမဟုတ်ဘဲ ယခုထက်ပို၍ အားသွန်ခွန်စိုက် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း MATA က တိုက်တွန်းထားသည်။

 

မြန်မာ့ကျောက်မျက်ရတနာဥပဒေ

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို လွှတ်တော်သို့ တင်ပြစဉ်ကတည်းကပင် ယခင်စစ်အစိုးရ ရေးဆွဲခဲ့သည့် ဥပဒေအဟောင်းကိုသာ အဓိကကျောရိုးယူထားသဖြင့် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် သဟဇာတ မဖြစ်ကြောင်း Natural Resource Governance Institute (NRGI) က ၂၀၁၇ ခုနှစ် မေ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လွှတ်တော်တွင် အဆိုပြုထားသည့် ယခုဥပဒေသည် လက်ရှိစနစ်အတွက် အရေးပါသော အားနည်းချက်များကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိကြောင်း တွေ့ရသည်ဟု ထုတ်ပြန်သည်။

NRGI က ထောက်ပြသော အားနည်းချက်လေးခုရှိ၍ ပထမအချက်သည် အကျိုးစီးပွားပဋိပက္ခ ဖြစ်မှုဆိုင်ရာ အားနည်းချက် ဖြစ်သည်။ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် အခြားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် မတူဘဲ စီးပွားရေးဆိုင်ရာ တာဝန်နှင့် ထိန်းသိမ်းကြီးကြပ်ရေးဆိုင်ရာတာဝန်ကို  ရောထွေးထားသည်။

ဒုတိယအချက်သည် ထိန်းချုပ်မှုလုံလောက်မှုမရှိဘဲ လိုင်စင် အမြောက်အမြား ထုတ်ပေးနေမှုဖြစ်၍ ကျောက်မျက်တူးဖော်ရေး ခွင့်ပြုမိန့်များကို ယခင်အစိုးရက လိုင်စင် ၂၀,၀၀၀ ကျော်အထိ ခွင့်ပြုခဲ့ကာ ယင်းအရေအတွက်သည် ကြီးကြပ်မှုကို အားနည်းစေသည်ဟု ဆိုသည်။ တတိယအချက်သည် အခွန်နှုန်းထားမြင့်မားသော်လည်း အခွန်ကောက်ခံရရှိမှုနည်းပါးခြင်း ဖြစ်၍ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကျောက်မျက်ကဏ္ဍကို သိသိသာသာအခွန်မြင့်မားစွာ ကောက်ခံထားသော်လည်း တန်ဖိုးဖြတ်ခြင်းလုပ်ငန်းစဉ်သည် အကျိုးမျှော်ကိုးသည့် လက်သိပ်ထိုးဝါဒကြောင့် အားနည်းနေသည်ဟု ဆိုသည်။

နောက်ဆုံးအချက်သည် ပွင့်လင်းမြင်သာမှုမရှိခြင်းဖြစ်သည်။ အစိုးရသည် ကျောက်မျက်တူးဖော်ခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းသဘောတူစာချုပ်များကို ပြည်သူအား ချပြမှုအားနည်းခြင်း၊ ငွေပေးချေမှု၊ လိုင်စင်စည်းကမ်းနှင့် နောက်ကွယ်မှ ပိုင်ဆိုင်မှုများ ဖွင့်ဟမှုနည်းပါးခြင်းနှင့် စောင့်ကြည့်မှုကို ကန့်သတ်ချက်များ ရှိနေခြင်းတို့ ဖြစ်သည်။

NRGI သည် တွင်းထွက်သယံဇာတ တူးဖော်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအများစုတွင် ပြည်သူလူထုများ အကျိုးအမြတ် ရသင့်သည်များကို အသိပညာ ဝေငှနေသည့် အဖွဲ့အစည်းဖြစ်သည်။ ထို့ပြင် နည်းပညာ အကူအညီ၊ ဥပဒေရေးရာ၊ သုတေသနနှင့် အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော အဖွဲ့အစည်း ဖြစ်သည်။

ထိုသို့ထောက်ပြမှုများ ရှိခဲ့သော်လည်း မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေတွင် အကြီးစားကျောက်မျက် တူးဖော်မှုလုပ်ငန်းများကို ပိတ်ပင်တားမြစ်လိုက်ပြီး အလတ်စားနှင့် အသေးစား တူးဖော်ထုတ်လုပ်မှုများကိုသာ ခွင့်ပြုခဲ့သည်။

ပြဋ္ဌာန်းလိုက်သည့်ဥပဒေသစ်တွင် အလတ်စား ငါးဧကလုပ်ကွက်အတွက် သုံးနှစ်၊ အသေးစားသုံး ဧက လုပ်ကွက်အတွက် နှစ်နှစ်၊ လက်လုပ်လက်စား တစ်ဧကအတွက် တစ်နှစ် ပြဋ္ဌာန်းထားပြီး နည်းဥပဒေမှာမူ ယခုအထိထွက်ရှိနိုင်ခြင်း မရှိသေးပေ။

ဥပဒေတစ်ခု အတည်ပြုပြီးပါက နည်းဥပဒေကို ခြောက်လအတွင်း ရေးဆွဲပြဋ္ဌာန်းရမည်ဖြစ်သော်လည်း ယခုအချိန်အထိ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမှာ နည်းဥပဒေထွက်ပေါ်လာခြင်း မရှိသည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချိုက “ ကျွန်တော်တို့က ဒီအခြေအနေကို ပြောင်းချင်လို့ ၂၀၁၆ ခုနှစ်ကတည်းက ကျောက်မျက်ဥပဒေသစ် ဆွဲတယ်။ လုပ်ကွက်ကြီးတွေ မရှိတော့ဘူး။ ၂၀၁၉ မှာ ဇန်နဝါရီကတည်းက သမ္မတက ထုတ်ပြန်ပြီ။ နည်းဥပဒေမရှိတော့ အခုအထိ အသုံးမဝင်ဘူး” ဟု ပြောကြားသည်။ 

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေသစ်သည် နည်းဥပဒေထွက် ပေါ်လာခြင်း မရှိသေးသည့်အတွက် လက်ရှိတွင် ဥပဒေဟောင်းအတိုင်း သွားနေရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက မှတ်ချက်ပြုသည်။

“ ဥပဒေထွက်ပြီးရင် နည်းဥပဒေက ခြောက်လလောက်အတွင်းမှာ ထွက်ရတာပဲ။ ဘာကြောင့် ကြာသလဲဆိုရင် လွှတ်တော်ကိုယ်စားတွေ ပြန်မေးခွန်းထုတ်ရမှာပဲ။ အစိုးရက ကုမ္ပဏီဟောင်းတွေအတွက် စောင့်တာလား။ လုပ်ကွက်တွေ ကုန်အောင် စောင့်တာလား။ လွှတ်တော်က Check and Balance လုပ်ရမှာပေါ့။ ဒီလောက်ကြာတာတော့ မဖြစ်သင့်ဘူး။ နည်းဥပဒေ မထွက်မချင်း ဥပဒေဟောင်းအတိုင်း သွားနေမှာပဲ။ ဥပဒေသစ်မှာ လုပ်ကွက်အကြီးစားမရှိတော့ဘူး။ အခုက ဥပဒေအရ အကြီးစားလုပ်ကွက် လုပ်လို့ရသေးတဲ့ အခြေအနေ ဖြစ်နေတာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေကို မည်သည့်အတွက်ကြောင့် အပြီးသတ် ရေးသားထုတ်ပြန်ခြင်း မရှိသည့်အပေါ် ကချင်အမျိုးသားကွန်ဂရက်ပါတီက မေးခွန်းထုတ်ခဲ့သည်။ ထိုသို့ နည်းဥပဒေ ကြန့်ကြာနေသည့်အတွက် ကျောက်မျက်လုပ်ကွက်များ သက်တမ်းကုန်၍ ပိတ်သိမ်းခဲ့သော်လည်း ဆက်လက်လေလံဆွဲမှုကို လျှောက်ထားရာတွင် နည်းဥပဒေ မပြဋ္ဌာန်းနိုင်ခြင်းကြောင့် ကျောက် ကြောတန်းလန်းဖြင့် ချန်ထားရခြင်း အများအပြားရှိလာကြောင်း  ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) က ထောက်ပြသည်။

ထို့ကြောင့် ခိုးကျင်း အများအပြားပေါ်ထွန်းလာပြီး တာဝန်မဲ့ တူးဖော်ခြင်းများကြောင့် လူအမြောက်အမြား သေဆုံးမှုဖြစ်စဉ်များလည်း ပေါ်ပေါက်လာရကြောင်း ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင် ၂ ရက်က ရေးသားထားသည်။

ထို့ပြင် တိုင်းပြည်အတွက် အရေးကြီးသည့် ဘဏ္ဍာရန်ပုံငွေ ထုတ်ပေးနေသော ဖားကန့်ရတနာ နယ်မြေကြီးတွင် ယနေ့ဖြစ်ပျက်နေသော အဖြစ်ဆိုးများအတွက် အဓိကတရားခံဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ မထွက်ရှိနိုင်သည့်အဖြစ်ကို အမြန်ဆုံးပြုပြင်ပြောင်းလဲစေလိုကြောင်းနှင့် နည်းဥပဒေမထွက်ရှိနိုင်သည့်အတွက် တာဝန်ရှိသူများ တာဝန်ခံကြရန် ယင်းပါတီက တိုက်တွန်းထားသည်။

“ အမှန်က နည်းဥပဒေမထွက်တော့ လွှတ်တော်က ရေးထားတဲ့ ၂၀၁၈ ကျောက်မျက်ဥပဒေလည်း အကျိုးမဖြစ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီမှာ နောက်ဆုံးပြင်ခဲ့တဲ့ ဥပဒေအတိုင်းပဲ ဆက်သွားနေသလား။ ဘာမှမသေချာခဲ့ပါ။ အဆိုးဆုံးကတော့ သက်တမ်းကုန်လုပ်ကွက်များ တစ်ပြေးညီပိတ်သိမ်းမှု မဖြစ်ဘဲ ဟိုတစ်ကွက်သည်တစ်ကွက် ကျန်နေခြင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် နည်းဥပဒေထွက်ခဲ့ရင် အတော်ခံသာမှာ ဖြစ်တယ်။ သက်တမ်းကုန်တွေအတွက် ဘယ်လိုထိန်းမယ်။ သဘာဝပတ်ဝန်းကျင် ပြန်လည်ကုစားမှုအတွက် ဘယ်လိုလုပ်မယ်။ လုပ်ကွက်အသစ်မှန်သမျှ ငါးဧက ငါးနှစ်ဘောင်ထဲ ရောက်လာမယ်။ ဝင်ထွက်လမ်းတွေ စနစ်ကျလာမယ်။ မြေစာပုံစွန့်ပစ်မှုတွေ၊ ရေကန်ဖို့ သိမ်းမှုတွေ အနည်းနဲ့ အများ လုပ်လာနိုင်မယ်။ အဲဒီကိစ္စတွေ အားလုံးဟာ တရားဝင်ဖြစ်ဖို့ နည်းဥပဒေဟာ တိုက်စစ်မှူး ဖြစ်လာမယ်” ဟု ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

 

ဘယ်သူ့မှာ တာဝန်ရှိသလဲ

လက်ရှိတွင် ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာသူ စံချိန်တင်သေဆုံးရမှုအပေါ် ထင်မြင်ယူဆချက် အမျိုးမျိုးရှိနေသည်။ 

ဖားကန့်ဒေသတွင် ရေမဆေး ကျောက်ရှာဖွေသူများ သေဆုံးမှုမှာ ယခုမှမဟုတ်ဘဲ ခေတ်အဆက်ဆက် အစိုးရအဆက် အဆက်ကတည်းက ရှိနေခဲ့သည်။

မြန်မာပြည်အနှံ့မှ စီးပွားရေး မပြေလည်ကြသူများအနေဖြင့် မိမိတို့၏ မွေးရပ်မြေကို စွန့်ခွာ၍ ဖားကန့်တွင် လောပန်းလောင်း အိပ်မက်ကို လာရောက်မက်နေသူများက ဒုနှင့် ဒေးပင်။

သို့သော် ၎င်းတို့ ထင်သလိုမျိုး ဖားကန့်သည် လောပန်းလောင်းတို့၏ ဘုံဗိမာန်မဟုတ်ဘဲ မူးယစ်ဆေး သားကောင်ဖြစ်လျှင်ဖြစ် မဖြစ်လျှင် မြေပြိုမှု၌ အသက်ဆုံးရှုံးနေရသည့်အတွက် လောကငရဲခန်း ဖြစ်နေသည်။

“ တကယ်မြေပြင်မှာ ကွင်းဆင်းပြီးတော့ ဒါတွေသည် ဘယ်လိုတွေဖြစ်နေလဲ။ အောက်က ပြဿနာတွေထဲမှာ မူးယစ်ဆေးဝါး ပြဿနာတွေပါ ရှိတယ်။ ဒါမျိုးတွေကို လူကြီးတွေကိုယ်တိုင် ကွင်းဆင်း၊ ကွင်းဆင်းတဲ့ အခါမှာလည်း စုံစမ်းစစ်ဆေးရေးဖွဲ့သလို လူကြီးတွေချည်းမဟုတ်ဘဲနဲ့ အဖွဲ့အစည်းပေါင်းစုံ ပညာရှင်တွေလည်းပါတဲ့ အဖွဲ့အစည်းကနေ စုံစမ်းစစ်ဆေးပြီးတော့ ဒါတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ထုတ်ပြမှပဲ သင့်တော်လိမ့်မယ်” ဟု EITI အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။ 

အစိုးရအဆက်ဆက်အနေဖြင့် နှစ်စဉ်သေဆုံးနေသော ရေမဆေးသမားများ အသက်ကို အကာအကွယ်ပေးရန် ပျက်ကွက်မှုများ ရှိနေပြီး ကုမ္ပဏီများ၏ စည်းကမ်းမလိုက်နာမှုအပေါ်တွင်လည်း ထိန်းကျောင်းကြပ်မတ်နိုင်မှု အားနည်းနေကြောင်း ဝေဖန်မှုများက ရှိနေသည်။

ထို့ကြောင့် ဖားကန့်ဒေသတွင် ဇူလိုင် ၂ ရက်က စံချိန်တင်သေဆုံးမှု ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုဖြစ်စဉ်တွင် မည်သူ့၌ တာဝန်ရှိသနည်းဆိုသည့် မေးခွန်းက ပေါ်ထွက်လာသည်။

“ အရင်လူတွေ ရာကျော်သေကတည်းကကို ကြီးကြပ်မှုက လုပ်ရတော့မှာ။ ဒါကြောင့် အစိုးရမှာ အဓိကတာဝန်လို့ ပြောတာ။ အပြစ်ပြောနေတာ မဟုတ်ဘူး။ အစိုးရကိုယ်တိုင် လိုက်ကြည့်နေဖို့ မလိုဘူး။ ပညာရှင်တွေ၊ ဒေသခံတွေ၊ လူမှုအဖွဲ့တွေနဲ့ပေါင်းပြီး စောင့်ကြပ်မှုတွေ လုပ်ရမှာပဲ။ အခုမြေပြိုမယ်ဆိုတာကို လူထုက သိနေတယ်။ ကုမ္ပဏီကြီးတွေကိုတော့ နားဝင်အောင်ပြောဖို့ ခက်နေတယ်။ တကယ်က တစ်ဦးစ၊ နှစ်ဦးစ ဖြစ်တာနဲ့ကို သတိထားပြီး လုပ်ကြရမှာ။ ထိုင်းမှာလည်း ဘောလုံးအသင်းက ကလေးတွေ ဂူထဲဝင်ပြီး ပျောက်သွားတာပဲ။ တစ်ကမ္ဘာလုံးက ဘယ်သူမှ အပြစ်မတင်ဘူး။ လူသားချင်းစာနာစွာ ကယ်ဆယ်ခဲ့ကြတာပဲ။ အဲဒီတုန်းက မြန်မာတောင် စုပေါင်းကယ်ဆယ်မယ်ဆိုတာ ရှိခဲ့တယ်။ ဘာပဲပြောပြော အခုကျွန်မတို့ ပြည်သူတွေ စားဝတ်နေရေးအတွက် ကုမ္ပဏီအကြွင်းအကျန်တွေ သွားလုပ်ကြတာတော့ အပြစ်မမြင်စေချင်ဘူး။ အလုပ်အကိုင် အခွင့်အလမ်းကလည်း ကချင်ပြည်နယ်မှာ ဘာမှမရှိကြဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း  တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောကြားသည်။

Most Read

Most Recent