စာရေးဆရာ နွမ်ဂျာသိုင်း ၏ စျာပနကို ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ပြုလုပ်

စာရေးဆရာ နွမ်ဂျာသိုင်း ၏ စျာပနကို ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ပြုလုပ်
Published 29 June 2020
သီဟအောင်၊ မျိုးထက်ပိုင်

စာရေးဆရာ နွမ်ဂျာသိုင်း၏ စျာပနကို ဇွန် ၂၉ ရက် (ယနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့သည်။

စျာပနသို့ စာရေးဆရာနွမ်ဂျာသိုင်း၏ မိသားစုဝင်များ၊စာပေအသိုင်းအဝိုင်းမှ စာရေးဆရာများ၊ရုပ်ရှင်၊ဂီတ နယ်ပယ်အသီးသီးရှိသူများ လာရောက်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးချုပ်မှ လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့သည်။

ထင်ရှားသည့် စာပေလက်ရာများစွာအား ဖန်တီးရေးသားခဲ့သူ စာရေးဆရာ နွမ်ဂျာသိုင်းသည် ဇွန် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဆရာနွမ်ဂျာသိုင်းကို ၁၉၅၂ခုနှစ်တွင် အဘဦးမြ၊အမိဒေါ်မမကြီးတို့က သာစည်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ခုနှစ်ယောက်အနက် သားအကြီးဆုံးဖြစ်သည်။

၁၉၇၁ခုနှစ်တွင် အ.ထ.က(၂)အင်းစိန်မှ အခြေခံပညာအထက်တန်းအောင်မြင်ပြီး စက်မှုတက္ကသိုလ်တွင် ပဥ္စမနှစ်အထိ လျှပ်စစ်အင်ဂျင်နီယာဘာသာရက်ဖြင့် သင်ကြားခဲ့သည်။

ထို့နောက်တက္ကသိုလ်စာပေးစာယူသင်တန်းမှ သိပ္ပံဘွဲ့(ရူပဗေဒ)ရရှိ၍ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် မဟာသိပ္ပံ(ရူပဗေဒ)နောက်ဆုံးနှစ်အပိုင်း(က)တက်ရောက်ခဲ့သည်။

၁၉၆၉ ခုနှစ်မှစ၍ အဟိ၊သင့်ဘဝ၊တိုင်းရင်းမေစသည့် စာစောင်များတွင် ကဗျာနှင့်ဝတ္ထုတိုများ ရေးသားခဲ့သည်။

စာရေးဆရာ နွမ်ဂျာသိုင်းသည် ‘ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်’ ၊ ‘တစ်ခါတုန်းကတက္ကသိုလ်မှာ’ ၊ ‘နှစ် နားကပ်လို့ တိုင်ပင်ချင်တယ်’ စသည့်ထင်ရှားသော စာပေလက်ရာများကို ဖန်တီးခဲ့သည့် စာရေးဆရာတစ်ဦး ဖြစ်သည်။

စာရေးဆရာ နွမ်ဂျာသိုင်းသည် ရုပ်ရှင်ဇာတ်ကားများအတွက် ဇာတ်ညွှန်းအချို့အားလည်း ရေးသားဖန်တီးခဲ့သူတစ်ဦး ဖြစ်သည်။

စာရေးဆရာ နွမ်ဂျာသိုင်း ရေးသားခဲ့သည့် စာပေလက်ရာများအား ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအဖြစ် ဖန်တီးရိုက်ကူးခဲ့ကြသည်။

စာရေးဆရာ နွမ်ဂျာသိုင်းသည် ထင်ရှားသည့်ဒီဇိုင်နာတစ်ဦးဖြစ်သူ ဒီဇိုင်နာ မေမြတ်ဝါဆို၊ Art Designer နေခြည်ဝင်းလဲ့ရီ စသည့် အနုပညာရှင်များ၏ ဖခင်တစ်ဦးလည်း ဖြစ်သည်။

စာရေးဆရာ နွမ်ဂျာသိုင်း ကွယ်လွန်သွားသည့်အတွက် စာပေအသိုင်းအဝန်းမှ စာပေပညာရှင်များနှင့် စာဖတ်ပရိသတ်များ ကဝမ်းနည်းစကားများ၊ နှမြောတသကြေကွဲခြင်းများကို လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားဖော်ပြခဲ့ကြသည်။

စာရေးဆရာ နွမ်ဂျာသိုင်းသည် ကွယ်လွန်ချိန်အထိ စာပေလက်ရာပေါင်းများစွာကို ဖန်တီးခဲ့ကာ ၎င်းရေးသားခဲ့သည့် လုံးချင်းဝတ္ထုများအား ပြန်လည်ရိုက်နှိပ်နေရဆဲ ဖြစ်သည်။

စာရေးဆရာ နွမ်ဂျာသိုင်း၏ လုံးချင်းဝတ္ထုများကို ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအဖြစ် ဖန်တီးရာတွင်လည်း အောင်မြင်မှုများစွာ ရရှိခဲ့သည်။

Most Read

Most Recent