ပညာရေးတက္ကသိုလ်ဆင်းများ၊ ကောလိပ်ဆင်းများနှင့် PPTT ဆင်းများကို အချိန်မီ အလုပ်ခန့်စာ မထုတ်ပေးသောကြောင့်ဟုဆိုကာ ပြည်ထောင်စုဝန်ကြီးအမည်ရေးထားသည့် အခေါင်းပုံအတုပြုလုပ်၍ တိုင်းပညာရေးမှူးရုံးရှေ့တွင် ချထားတောင်းဆို

ပညာရေးတက္ကသိုလ်ဆင်းများ၊ ကောလိပ်ဆင်းများနှင့် PPTT ဆင်းများကို အချိန်မီ အလုပ်ခန့်စာ မထုတ်ပေးသောကြောင့်ဟုဆိုကာ ပြည်ထောင်စုဝန်ကြီးအမည်ရေးထားသည့် အခေါင်းပုံအတုပြုလုပ်၍ တိုင်းပညာရေးမှူးရုံးရှေ့တွင် ချထားတောင်းဆို
Published 29 June 2020
ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်းဒေသကြီး ပညာရေးမှူး ရုံးရှေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏ အမည်ရေးသားထားသော အခေါင်းပုံစံအတုတစ်လုံးအား ဇွန် ၂၈ ရက် ည ၉ နာရီခန့်က ချထားတောင်းဆိုမှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ ချထားတောင်းဆိုရခြင်းသည် ပညာရေးတက္ကသိုလ်ဆင်းများ၊ ပညာရေးကောလိပ်ဆင်းများနှင့် PPTT ဆင်းများ အချိန်မီအလုပ်ခန့်စာ မထုတ်ပေးသောကြောင့် ဖြစ်ကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီမှ အကြံပေးကော်မတီဝင် ကိုဇော်ရဲထွဋ်၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် အခြေခံပညာတွင် လုပ်ငန်းခွင် ဝင်ရောက်ကြမည့် ဆရာ/မ အင်အား တစ်သောင်းကျော် ရှိကြောင်း၊ ယင်းကိစ္စနှင့် ပက်သက်၍ နှစ်စဉ် ပညာရေးဝန်ကြီးဌာနက အလုပ်ခန့်စာ မထုတ်ပေးနိုင်ကြောင်း၊ အလားတူ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနကြားတွင် ပညာရေးနှင့် ပက်သက်၍ သင်တန်းခေါ်မည်ဟု ကတိကဝတ် ရှိခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနဘက်က ပွင့်ပွင့်လင်းလင်း ထုတ်ပြန်တာမရှိကြောင်း ၄င်းက  ပြောကြားသည်။

"အလုပ်ခန့်တဲ့ ကိစ္စပေ့ါနော်။ နှစ်တိုင်း ပညာရေးကောလိပ်ဆင်းတွေ။ တစ်နှစ် တစ်နှစ် ဆင်းသွားတာ ခြောက်ထောင် လောက်ရှိတယ်။ နောက်ပြီးတော့ ပညာရေးတက္ကသိုလ်ဆင်းတွေကော ပညာရေးကောလိပ် ဆင်းတွေကော PPTT ဆင်းတွေကော အကုန်လုံးဆိုရင် အခြေခံပညာမှာ လုပ်ငန်းခွင်စဝင်မယ့် ဆရာ ဆရာမက တစ်သောင်းကျော် ရှိတယ်ပေါ့နော်။ အဲဒါတွေနဲ့ ပက်သက်ပြီးတော့ ပညာရေးဝန်ကြီးဌာနက နှစ်စဉ်အချိန်မီ အလုပ်ခန့်စာ မထုတ်ပေးနိုင်ဘူး။ ကျွန်တော်တို့ ကော်မတီနဲ့ ပညာရေးဝန်ကြီးဌာနကြားမှာ ကတိကဝတ် ပြုထားတာ ရှိပါတယ်။ အဲဒါဘာလည်းဆိုတော့ ပညာရေးနဲ့ ပက်သက်ပြီးတော့ သင်တန်းခေါ်မယ်ဆိုတဲ့ ကိစ္စပေ့ါနော်။ လက်ရှိကတော့ COVID-19 အချိန်ဆိုတော့ ကျွန်တော်တို့လည်း နားလည်ပါတယ်။ ဒါပေမယ့် အဲဒါတွေနဲ့ ပက်သက်ပြီးတော့ ပညာရေးဝန်ကြီးဌာနက ပွင့်ပွင့်လင်းလင်း ထုတ်ပြန်တာ ဘာမှမရှိသေးဘူး" ဟု ကိုဇော်ရဲထွဋ်က ပြောကြားသည်။

ပညာရေး ကောလိပ်များကို ဒီဂရီကောလိပ် အဆင့်မြှင့်သည့်အချိန်တွင် အခြေခံပညာ၌ အလုပ်စဝင်ပါက မည်သည့်အချိန်တွင် မည်သည့်အတန်းကို စတင်ဝင်ရောက်ရမည်၊ ဒီဂရီကောလိပ်၏ ဖွဲ့စည်းပုံ အစရှိသည်များကို ပညာရေးဝန်ကြီးဌာနက ပွင့်လင်းစွာချပြခဲ့ခြင်း မရှိကြောင်း၊ ယင်းအပြင် အလုပ်ခန့်သည့်ကိစ္စ၌ ပညာရေးဝန်ကြီးဌာနဘက်က နှစ်စဉ် နောက်ကျကြောင်း ကိုဇော်ရဲထွဋ်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက ဆရာ ဆရာမများ ခန့်ထားသည့်အချိန်တွင် စနစ်မကျသည့် ခန့်ထားမှုများလည်း ရှိကြောင်း ၎င်းကဆိုသည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီး၏ အမည်ရေးသားထားသည့် အခေါင်း ပုံစံအတု ပြုလုပ်ကာ တောင်းဆိုမှုနှင့် ပက်သက်၍ ပညာရေးဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ဒေသတွင်း အာဏာပိုင်အဖွဲ့အစည်းများကလည်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီကို လက်ရှိအချိန်တွင် ဖိအားပေးခြင်း တစ်စုံတစ်ရာ မရှိသေးကြောင်း ကိုဇော်ရဲထွဋ်၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent