လားရှိုးမြို့မဈေး ချယ်ရီရုံအပေါ်ထပ်ရှိ စားသောက်ဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွား

လားရှိုးမြို့မဈေး ချယ်ရီရုံအပေါ်ထပ်ရှိ စားသောက်ဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 16 June 2020
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မဈေးကြီးရှိ ချယ်ရီရုံ အပေါ်ထပ်တွင် ရောင်းချသည့် ပင်လယ်ပြာ စားသောက်ဆိုင်တွင် ဇွန်လ ၁၆ ရက်နေ့ နံနက် (၄)နာရီအချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ ချယ်ရီရုံအပေါ်ထပ်ရှိ ပင်လယ်ပြာ စားသောက်ဆိုင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းအမှတ် (၁၁/၁၂/၁၃/၁၄/၁၅/၁၆) တို့ပါဝင်သည့် ၆ ခန်းတွဲဆိုင်ခန်း မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။

“မီးလောင်တဲ့အချိန်က ဈေးပိတ်ချိန် မနက် ၄ နာရီဖြစ်ပါတယ်။ မီးလောင်ကျွမ်းတာကတော့ ခြောက်ခန်းတွဲဆိုင်ခန်း လောင်တာပေါ့။ အဓိကတော့ ဆိုင်ခန်းနံပါတ် ၁၄ နဲ့ ၁၅ တံခါးရွက်တွေနဲ့ စားပွဲတွေနဲ့ ပန်းကန်စင်တွေ လောင်ကျွမ်းသွားပါတယ်။ ဖြစ်စဉ်သုံးသပ်တာကတော့ ညနေ ဆိုင်သိမ်းတဲ့အချိန် သူတို့ သိမ်းကျန်ခဲ့တဲ့ ပြာပူကနေ လောင်ကျွမ်းတယ်လို့ သုံးသပ်ပါတယ်။ အဲ့ပြာပူကနေမှတစ်ဆင့် အသုံးမပြုရသေးတဲ့ မီးသွေးကနေ ညနေ ၄ နာရီ ဈေးပိတ်ချိန်ကနေ တငွေ့ငွေ့ လောင်ကျွမ်းပြီး လင်းအားကြီး မနက် ၄ နာရီအချိန်ကျမှ လူသိတဲ့ အနေအထား လောင်ကျွမ်းတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်” ဟု လားရှိုးမြို့မဈေး ကော်မတီဉက္ကဋ္ဌ ဦးအောင်သူက ပြောကြားသည်။

လက်ရှိအချိန်တွင် လားရှိုးမြို့မဈေးကြီးအား ပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိနေပြီး လျပ်စစ်မီးကိုမူ ယာယီ ဖြတ်တောက်ထားကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုအား လားရှိုးခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓေ (၃၅) ဦး၊ ဈေးအရံမီးသတ်တပ်ဖွဲ့မှ (၁၀)ဦး၊ စည်ပင်သာယာဌာနနှင့် မြို့မဈေးကော်မတီဝင်များဖြင့် မီးသတ်ယာဉ် (၄) စီး၊ ရေသယ်ယာဉ် (၂) စီး၊ ကွပ်ကဲယာဉ် (၁) စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက်(၄)နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်း ဆုံးရှုံးမှုမှာ (၁၂၉၆၀၀၀) ကျပ်ဖြစ်ကြောင်း လားရှိုးမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပင်လယ်ပြာ စားသောက်ဆိုင်ပိုင်ရှင် ဦးလုအောင်အား လားရှိုးမြို့မရဲစခန်းတွင် ပ၂၉၄/၂၀၂၀  ပြစ်မှုပုဒ်မ -၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လားရှိုးမြို့မဈေးကြီးတွင် ဈေးဆိုင်ခန်းပေါင်း (၂၆၃၆)ခန်း ရှိပြီး ဈေးအောက်ထပ်တွင် အဝတ်အထည် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ရွှေငွေရတနာဆိုင်များ အဓိက ရောင်းချကြပြီး ဈေးအပေါ်ထပ်များတွင် စားသောက်ဆိုင်တန်းများ၊ စက်ချုပ်ဆိုင်များ ရှိကြောင်း သိရသည်။

 

Most Read

Most Recent