ဆန်စပါးဝမ်းစာဖူလုံမှု ၈၅ ရာခိုင်နှုန်းသာရှိသော မြိတ်မြို့နယ်တွင် မိုးစပါး စတင်စိုက်ပျိုးနေပြီဖြစ်ပြီး မျိုးကောင်း၊ မျိုးသန့်၊ မျိုးပွားစိုက်ခင်း ၁၇၀ ကျော် လုပ်ဆောင်ထား

ဆန်စပါးဝမ်းစာဖူလုံမှု ၈၅ ရာခိုင်နှုန်းသာရှိသော မြိတ်မြို့နယ်တွင် မိုးစပါး စတင်စိုက်ပျိုးနေပြီဖြစ်ပြီး မျိုးကောင်း၊ မျိုးသန့်၊ မျိုးပွားစိုက်ခင်း ၁၇၀ ကျော် လုပ်ဆောင်ထား
မြိတ်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်
မြိတ်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်
Published 15 June 2020
ဇော်မိုးဦး (မြိတ်)

ဆန်စပါး ဝမ်းစာဖူလုံမှု ၈၅ ရာခိုင်နှုန်းသာရှိသော မြိတ်မြို့နယ်တွင် မိုးစပါးများ စတင်စိုက်ပျိုးနေပြီဖြစ်ပြီး မျိုးကောင်း၊ မျိုးသန့်၊ မျိုးပွားစိုက်ခင်း ၁၇၀ ကျော် လုပ်ဆောင်ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရေလုပ်ငန်းကို အဓိကလုပ်ကြသော တနင်္သာရီတိုင်းဒေသကြီးမှာ ဆန်စပါးဖူလုံမှု နည်းပါးသည့် ဒေသတစ်ခုအဖြစ် တည်ရှိနေသော်လည်း နောက်ပိုင်းတွင် စပါးအထွက်နှုန်း တိုးတက်လာစေရန် ရေမြေရာသီဥတုနှင့် ကိုက်ညီမည့် စပါးမျိုးကောင်းများကို စိုက်ပျိုးလာနေကြောင်း သိရသည်။ အထွက်နှုန်း တိုးတက်လာစေရန် ကျေးရွာအုပ်စုခြောက်ခုတွင် မျိုးသန့်မျိုးပွားစိုက်ခင်းများ ထူထောင်ကာ လုပ်ဆောင်ထားကြောင်း သိရသည်။

“အထွက်နှုန်း တိုးတက်အောင် ကျွန်တော်တို့ဌာနက အဓိကဦးစားပေးလုပ်ဆောင်နေတာက မျိုးကောင်းမျိုးသန့်တွေကို တောင်သူတွေ လက်လှမ်းမီအောင် စိုက်ပျိုးနိုင်ဖို့ မျိုးကောင်းမျိုးသန့် ထုတ်လုပ်တဲ့ စိုက်ခင်းတွေ ထူထောင်ပြီး တောင်သူတွေ မျိုးကောင်းမျိုးသန့် ရရှိဖို့ ဆောင်ရွက်နေပါတယ်။ အခုလာမယ့် ၂၀၂၀ မိုးစပါးရာသီမှာ မျိုးသန့်၊ မျိုးပွားစိုက်ခင်းဧက ၁၇၀ ကျော်ကို ကျေးရွာအုပ်စုခြောက်ခုမှာ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ တောင်သူဦးရေနဲ့ဆိုရင် တောင်သူ ၅၀ ကျော်ပါဝင်တယ်။ တနင်္သာရီတိုင်းက မြို့နယ် ၁၀ မြို့နယ်မှာဆိုရင် မြိတ်မြို့နယ်က စိုက်ဧကအများဆုံး ရှိတယ်။ တစ်တိုင်းလုံးအနေနဲ့ ဆိုရင်တော့ ဧက ၂၂၀၀၀၀ ရှိတယ်။ ဒီအထဲမှာ စိုက်ဧကအများဆုံးက မြိတ်မြို့နယ် ပါဝင်တယ်” ဟု မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောကြားသည်။

ဆန်ဖူလုံမှု မရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့်ဆန်များကို တင်သွင်းစားသုံးနေရကာ တောင်သူများအား အထွက်နှုန်း တိုးတက်လာစေရန် ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် စပါးများကို စိုက်ပျိုးရန် နည်းပညာပေးခြင်းများ၊ ဟောပြောခြင်းများ လုပ်ဆောင်နေရကြောင်း သိရသည်။

“စျေးကွက်မှာ ဝင်ဆံ့နိုင်တဲ့စပါးမျိုး၊ ရေမြေသဘာဝနဲ့ သင့်တော်တဲ့ စပါးမျိုးအနေနဲ့ လက်ရှိအနေထားမှာဆိုရင် ဆင်းသုခစပါးမျိုး၊ သီရိသုခဆိုတဲ့စပါးမျိုး၊ နွေစပါးမှာဆိုရင် ရက် ၉၀ စပါးမျိုးတွေက စျေးကွက်လည်း ဝင်တယ်။ တောင်သူတွေအနေနဲ့လည်း ရေမြေသဘာဝနဲ့ ကိုက်ညီတဲ့ ဒီလိုစပါးမျိုးစိုက်ပျိုးကြဖို့ ကျွန်တော်တို့ နည်းပညာပေးတာတွေ၊ ပညာပေးတာတွေ၊ ဟောပြောပွဲလုပ်တာတွေ ဆောင်ရွက်နေပါတယ်။ တစ်မြို့နယ်နဲ့တစ်မြို့နယ်က အထွက်နှုန်းတွေက သိပ်မကွာကြဘူး။ တစ်ဧကို တင်း ၇၀ လောက်တော့ ထွက်ကြတယ်။ ကျွန်တော်တို့ မြိတ်မြို့နယ်ကတော့ ဒေသဝမ်းစာဖူလုံရေးက ၈၅ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒါကလည်း ဘာဖြစ်လို့လဲဆိုတော့ မြိတ်မြို့နယ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ တခြားဒေသက ပြောင်းလာတဲ့သူတွေ များတယ်။ ဒါကြောင့် ဝမ်းစာဖူလုံမှုက ၈၅ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြတ်စိုးက ဆက်လက်ပြောကြားသည်။

မြိတ်မြို့နယ်၌ ၂၀၁၉ မိုးရာသီတွင် စပါးစိုက်ဧက ၄၂၄၉၃ ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါဧကအတိုင်း စိုက်ပျိုးမည်ဖြစ်ကာ စပါးတင်းပေါင်း သိန်း ၃၀ ကျော်ထွက်ရှိရန် လျာထားကြောင်း သိရသည်။

Most Read

Most Recent