ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန်အစီအစဉ်တွင် တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် Symbol Board House အလုံး ၁၂၀၀ ရောက်ရှိပြီး အလုံး ၉၀၀၀ ထပ်မံလှူဒါန်းမည်

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန်အစီအစဉ်တွင် တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် Symbol Board House အလုံး ၁၂၀၀ ရောက်ရှိပြီး အလုံး ၉၀၀၀ ထပ်မံလှူဒါန်းမည်
Published 15 June 2020
ပြည့်ဖြိုးအောင်

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန်အစီအစဉ်တွင် တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် Symbol Board House အလုံး ၁၂၀၀ ရောက်ရှိပြီး အလုံး ၉၀၀၀ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်က ကပြောကြားသည်။

ဇွန် ၁၅ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ စတုတ္ထ တစ်နှစ်တာကာလအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်များကို ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ရခိုင်ပြည်နယ်ကနေပြီးတော့ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံဖို့ အစီအစဉ်အနေနဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်၊ လှဖိုးခေါင်စခန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူးဒါန်းထားတဲ့ Symbol Board House အလုံး ၁၂၀၀ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီမှာမှ အလုံး ၉၀ ကို တပ်ဆင်ပြီး နေရာချပြီးဖြစ်ပါတယ်။ နောက်ထပ် ၁၀၀ ကို ထပ်မံတပ်ဆင်နေပါတယ်။ နေရာချထားဖို့အတွက် ဆောင်ရွက်နေပါတယ်” ဟု ဦးရဲမင်းဇော်က ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် Symbol Board House တစ်လုံးမှာ ၁၀ ပေ၊ ပေ ၂၀ ရှိပြီး မိသားစုဝင်သုံးဦး သို့မဟုတ် လေးဦး နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်သည့် ရေတွင်းနှင့် သန့်စင်ခန်းများကို စီစဉ်ဆောင်ရွက်ထားကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

“ လောလောဆယ်တော့ ကျွန်တော်တို့ ပထမအသုတ် အလုံး ၉၀၀ ကျန်ရှိမှာဖြစ်ပြီးတော့ နောက်ထပ်အလုံး ၉၀၀၀ ထပ်မံလှူ ဒါန်းဖို့ကို ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းထားပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်က ပြောကြားသည်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကို အဟန့်အတားမဖြစ်စေသည့်အချိန်မှသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  ဇွန် ၁၂ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ စတုတ္ထ တစ်နှစ်တာကာလအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်များကို ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

လက်ရှိ COVID-19 ရောဂါပိုး မပျံ့နှံ့ဘဲ ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့်ကာလဖြစ်ပြီး နိုင်ငံအတွင်းမှ ကူးဆက်မှုကို ပြန်ကြည့်ပါက အများစုမှာ ပြင်ပကဝင်လာသည့်ကိစ္စများဖြစ်ကြာင်း၊ ပိုးမပြန့်အောင် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပြင်ပက ဝင်ရောက်လာသူများကို တရားဝင်လက်ခံရေးစခန်းများမှ စနစ်တကျလက်ခံရမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံသဘောတူစာချုပ်အရ တစ်နိုင်ငံနှင့် တစ်နိုင်ငံတွင် ပြန်ပို့ပေးရမည့် လူစာရင်းများ စိစစ်ပေးပို့ထားပြီး အဆိုပါကိစ္စများ ဆောင်ရွက်မှုမှာ မအောင်မြင်သေးသည့်အပြင် COVID-19 ကာလအတွင်း ပို၍အဟန့်အတားဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားထားသည်။

Most Read

Most Recent