အကျည်းတန်ဖြစ်ရပ်တွေနဲ့ YBS ဟာ မထသလို ဖြစ်နေဆဲပဲလား

အကျည်းတန်ဖြစ်ရပ်တွေနဲ့ YBS ဟာ မထသလို ဖြစ်နေဆဲပဲလား
ဇွန် ၂ ရက် နံနက်က ဖြစ်ပွားခဲ့သည့် YBS ၄၀ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်မြင်ကွင်းများနှင့် လူသုံးဦးသေဆုံးခဲ့ရသော အဆိုပါဖြစ်စဉ်မှ မောင်နှမနှစ်ဦး၏ နာရေးမြင်ကွင်းများ(ဓာတ်ပုံ- သီဟအောင်)
ဇွန် ၂ ရက် နံနက်က ဖြစ်ပွားခဲ့သည့် YBS ၄၀ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်မြင်ကွင်းများနှင့် လူသုံးဦးသေဆုံးခဲ့ရသော အဆိုပါဖြစ်စဉ်မှ မောင်နှမနှစ်ဦး၏ နာရေးမြင်ကွင်းများ(ဓာတ်ပုံ- သီဟအောင်)
Published 7 June 2020
သီဟအောင်၊ နေဝန်းထက်

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းက အမြစ်တွယ်လာခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ မထသစနစ်ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ရဲ့ ဖျက်သိမ်းခြင်းကို ခံခဲ့ရပြီး YBS စနစ်အဖြစ် လျင်လျင်မြန်မြန်ပဲ ပြောင်းလဲ မွေးဖွားပေးလိုက်ပါတယ်။ အဲဒီပထမဆုံး YBS စနစ် မွေးဖွားတဲ့နေ့မှာတော့ ရန်ကုန်မြို့အနှံ့ ရုံးတက်ရုံးဆင်း သွားလာနေကြတဲ့ပြည်သူတွေဟာ ကားမှတ်တိုင်တွေမှာ သောင်တင်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီနောက်လပိုင်းခန့် အကြာမှာတော့ YBS စနစ်ဟာ မထသစနစ်ကဲ့သို့ပင် ပြည်သူများနှင့် အသားကျစ ပြုလာပါတော့တယ်။

အဲဒီနောက်ပိုင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ သူတို့ပြောင်းလဲခဲ့တဲ့ စနစ်တစ်ခု မည်ရွေ့မည်မျှ အောင်မြင်ကြောင်းကို အလျင်းသင့်သလို ထုတ်ဖော်ပြောကြားမှုတွေရှိခဲ့ပြီး YBS စနစ်ကို သုံးရက်လောက်နဲ့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တယ်လို့ ဆိုတာမျိုးတွေ၊ YBS ကားတွေ ဘယ်နေရာမှ ရောက်နေတယ်၊ ဘယ်အချိန်မှာ စက်နှိုးတယ်ဆိုတာက အစသိနိုင်တဲ့စနစ်မျိုးတွေ တပ်ဆင်မယ်ဆိုတာမျိုးတွေဟာလည်း အဲဒီပြောကြားမှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

အခုဆိုရင် YBS စနစ်အဖြစ် ပြောင်းလဲခဲ့တာဟာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်ပေမဲ့ ဒီစနစ်ဟာ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ နောင်တော် မထသစနစ်တုန်းက ပြည်သူတွေအကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သလို ကျော်ကြားလာခဲ့ပါတယ်။ ယာဉ်နောက်လိုက်တွေရဲ့ ဆိုးရွားမှုတွေဟာ YBS စနစ်အရောက်မှာတော့ ပျောက်ဆုံးခဲ့ရပေမဲ့ ငွေအကြွေမလုံလောက်တဲ့ ပြဿနာကြောင့် ယာဉ်စီးခထည့်ရမယ့် နေရာအနီးမှာ တန်းစီစောင့်ဆိုင်းနေရတဲ့ ခရီးသည်တွေဟာလည်း လက်ရှိအချိန်အထိ မြင်တွေ့နေရဆဲပါ။ COVID-19 ရောဂါဖြစ်ပွားနေတဲ့ အခုကာလမှာတောင် ရုံးတက်ရုံးဆင်းချိန်တိုင်း YBS တွေပေါ်မှာ လူတွေ ကြိတ်ကြိတ်တိုး တိုးဝှေ့စီးနင်းနေနေရဆဲဖြစ်ပြီး ယခင်ကာလတွေတုန်းက ဆိုရင်တော့ မထသစနစ်ကာလ ရုံးတက်ရုံးဆင်းချိန် မြင်ကွင်းတွေနဲ့ အလားတူယာဉ်တွေရဲ့ အတက်အဆင်းတံခါးတွေအထိ ပြည့်ကျပ်နေတဲ့ ခရီးသွားပြည်သူတွေ၊ ကားဂိတ်တွေမှာ သက်ဆိုင်ရာယာဉ်လိုင်းအလာကို မျှော်နေတဲ့လူစုလူဝေးကြီးတွေကို နေ့စဉ် မြင်တွေ့ခဲ့ကြရမှာပါ။

ဒီလိုမျိုး အားနည်းချက်တွေရှိနေပေမဲ့လည်း YBS စနစ်ဟာ မထသစနစ်တုန်းကထက်တော့ အများကြီး ပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပါသေးတယ်။ တစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်မယ်လို့ အာမခံ ပြောကြားမှုတွေရှိခဲ့ပေမဲ့ သုံးနှစ်ကျော်တဲ့အထိ စမ်းသပ်ဆဲအဆင့်မှာ ရှိနေဆဲဖြစ်တဲ့ ကတ်စနစ်နဲ့ အခြားတစ်ဖက်မှာ ငွေအကြွေအတွက် ယာဉ်စီးခထည့်ရမယ့် နေရာမှာ ခရီးသည်တွေ စောင့်ဆိုင်းနေရတာမျိုးတွေ အဆင်မပြေမှုတွေအဖြစ် မြင်တွေ့နေရဆဲပါ။ ဒါပေမဲ့ မထသစနစ်တုန်းကလို ယာဉ်နောက်လိုက်တွေရဲ့ ကြိမ်းမောင်းရိုင်းပျပြောဆိုမှုတွေ မရှိတော့တာကတော့ YBS ကို တိုးဝှေ့စီးနင်းနေရဆဲဖြစ်ပေမဲ့ မထသစနစ်ထက် ပိုမိုကောင်းမွန်လာတယ်လို့ ဆိုနိုင်တာလည်း ဖြစ်ပါတယ်။

YBS စနစ်နဲ့ မထသစနစ်အကြား ထပ်တူညီတဲ့ အကြောင်းအရာတစ်ခုကတော့ YBS ကနဦး ကာလတွေကတည်းကနေ လက်ရှိသုံးနှစ်ကျော်လာသည်အထိ မပြောင်းလဲတာကတော့ မထသစနစ်တုန်းကတည်းက အပြိုင်အဆိုင် မောင်းနှင်ကြတဲ့ ယာဉ်လိုင်းတွေ၊ မဆင်မခြင် မောင်းနှင်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်တွေဟာ မြေစာပင် ဖြစ်ခဲ့ရတာပါပဲ။ YBS စနစ်မှာလည်း ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်မှုတွေ၊ မဆင်မခြင်မောင်းနှင်မှုတွေ၊ အပြိုင်အဆိုင် မောင်းနှင်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်တွေဟာ စတေးခံအဖြစ် ရှိနေရဆဲဖြစ်ခဲ့ပါတယ်။

YBS စနစ်ပြောင်းလဲအပြီး ခြောက်လအကြာတုန်းက မမေ့နိုင်တဲ့ ဖြစ်ရပ်ဆိုး

အချိန်က ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲကျော် ဖြစ်ပါတယ်။ ပြည်လမ်းမကြီးပေါ်မှာတော့ မှော်ဘီဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ YBS အမှတ် ၅၅ ယာဉ်လိုင်းက YBS ယာဉ်တစ်စီးဟာ အရှိန်မြှင့်ပြီး မောင်းနှင်လာပါတယ်။ အဲဒီနောက် ထောက်ကြန့်မြို့အတွင်းက ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းအနီး အရောက်မှာ အဲဒီအမှတ် ၅၅ YBS ယာဉ်ဟာ လမ်းဖြတ်ကူးလာသူတစ်ဦးကို ရုတ်တရက် ရှောင်တိမ်းလိုက်ရာမှာတော့ အရှိန်မြှင့်မောင်းနှင်လာခဲ့ခြင်းကြောင့် ယာဉ်မောင်းဖြစ်သူဟာ ယာဉ်ကို မထိန်းနိုင်တော့ပါဘူး။

တစ်ဖက်ယာဉ်ကြောမှာတော့ ရန်ကုန်ဘက်ကနေ မောင်းနှင်လာတဲ့ အမှတ် ၃၇ YBS ယာဉ်လိုင်းက ယာဉ်တစ်စီးရှိနေခဲ့ပြီး အဲဒီယာဉ်ကို အရှိန်လွန်လာတဲ့ အမှတ် ၅၅ YBS ယာဉ်က ပြင်းထန်စွာ ဝင်တိုက်မိခဲ့ပါတယ်။ တိုက်မိတဲ့အရှိန်က ပြင်းထန်လွန်ပြီး အမှတ် ၅၅ YBS ယာဉ်ဟာဆိုရင် ယာဉ်တိုက်မှု စတင်ဖြစ်ပွားတဲ့နေရာကနေ ပေ ၃၀ လောက် အကွာလောက်ရောက်မှ ရပ်တန့်ခဲ့ပါတယ်။ ဒီယာဉ်တိုက်မှုဟာအမှတ် ၅၅ YBS ယာဉ်လိုင်းက ယာဉ်နှစ်စီးပြိုင်မောင်းရာက အစပြုခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပြိုင်မောင်းရာကနေ တိုက်ရော့ပြုတ်ပြီး တစ်ဖက်ယာဉ်ကြောမှာ ရှိနေတဲ့ အမှတ် ၃၇ YBS ယာဉ်ကို ခေါင်းပိုင်းကနေစပြီး ပြင်းပြင်းထန်ထန် ဝင်တိုက်မိတာဖြစ်တယ်လို့ အဲဒီအချိန်တုန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါ်နီလာကျော်က ရေးသားထားမှုတွေကနေ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့တဲ့ အမှတ် ၅၅ YBS ယာဉ်လိုင်းက ယာဉ်မောင်းကိုယ်တိုင် ဆေးရုံအရောက်မှာ သေဆုံးခဲ့ပြီး သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့တဲ့ YBS သမိုင်းမှာ အဆိုးရွားဆုံးသော ယာဉ်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။

ဒီယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ နိုင်ငံအတွက် ကြယ်ပွင့်တွေဖြစ်လာနိုင်တဲ့ နည်းပညာတက္ကသိုလ်တက်နေတဲ့ ကျောင်းသူလေးတွေ၊ ဖတဆိုး သားသမီးလေးတွေကို ကျွေးမွေးစောင့်ရှောက်နေတဲ့ မိခင်ဖြစ်သူစတဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အသက်တွေဟာ မြေစာပင် ဖြစ်ခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ ကျောင်းသူလေးတွေရဲ့ မိဘတွေအတွက်လည်း ရင်နင့်စွာခံစားခဲ့ရသလို မိဘမဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်လေးတွေဟာလည်း ဆုံးရှုံးသွားတဲ့ အသက်တွေအကြားမှာ နိမိတ်ဆိုးတွေနဲ့ ဆက်လက်ရှင်သန်ခဲ့ရပါတော့တယ်။

ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားပြီးတဲ့နောက်မှာ YBS အမှတ် ၅၅ ယာဉ်လိုင်းကို ဖျက်သိမ်းခဲ့ကြပေမဲ့ သေဆုံးသွားခဲ့တဲ့ သူတွေကတော့ ပြန်လည်မရှင်သန်လာနိုင်ခဲ့တော့ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြောခဲ့တဲ့ ရက်တိုတိုနဲ့ အောင်အောင်မြင်မြင် ဖြစ်လာတယ်ဆိုတဲ့ YBS စနစ်ကတော့ ခြောက်လသားအရွယ်မှာတင် ဖြစ်ရပ်ဆိုးတစ်ခုကို ဖန်တီးပြသလိုက်ပြီး ပြည်သူတွေအတွက် ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြီးကို လုပ်ဆောင်ပြခဲ့ပါတယ်။ မထသစနစ်တုန်းကလိုမျိုး အပြိုင်အဆိုင်မောင်းနှင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒီဖြစ်ရပ်ဆိုးကြီးနဲ့တင် YBS စနစ်ဟာ ရပ်တန့်မသွားခဲ့ပါဘူး။

အရှိန်ပြင်းပြင်းမမောင်းရန်ပြောလို့ ကတ်ကြေးနဲ့ထိုး

အထက်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း YBS ယာဉ်လိုင်းများစွာက ယာဉ်တွေဟာ လမ်းဖြတ်ကူးသူတွေကို တိုက်မိတာတွေ၊ လမ်းလယ်ကျွန်းကို တိုက်မိတာတွေ စတဲ့ဖြစ်ရပ်များစွာကို ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ပြီး ပြည်သူတွေအတွက် မထသစနစ်နဲ့မကွဲတဲ့ အခြေအနေတစ်ခုကို ပုံဖော်နေခဲ့ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာရှိတဲ့ ရန်ကုန်မြို့မှာ ယာဉ်တိုက်မှုတွေဟာ ဖြစ်လေ့ဖြစ်ထရှိနိုင်ပါတယ်။ ဒါပေမဲ့ YBS ယာဉ်တွေပေါ်မှာ စီးနင်းမယ်ဆိုရင် အရှိန်ပြင်းပြင်း မမောင်းဖို့ပြောမိတဲ့ ခရီးသည်ကို ယာဉ်မောင်းက ရန်ပြုတာမျိုးလည်း ကြုံတွေ့နိုင်တာကိုတော့ မေ့ထားလို့မရပါဘူး။

မထသစနစ်မှာ အချိန်အကြာကြီး ရပ်ထားပြီး ခရီးသည်စောင့်တင်နေတဲ့ ဘတ်စ်ကားတွေ၊ အပြိုင်အဆိုင် မောင်းနှင်ပြီး ခရီးသည်လုတင်တဲ့ မြင်ကွင်းတွေကို နေ့စဉ်မြင်တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်က ခရီးသည် စောင့်တင်လို့ အချိန်ကြာမြင့်နေတဲ့အတွက် မြန်မြန်စထွက်ဖို့ပြောမိပါက ယာဉ်နောက်လိုက်ရဲ့ရိုင်းပျစွာ ပြောဆိုတာမျိုးတွေ၊ ဒါမှမဟုတ် ရန်ပြုဆက်ဆံတာမျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါမှမဟုတ် အပြိုင်အဆိုင် မောင်းနှင်နေမှုတွေကို တားမြစ်ပြောဆိုရင်လည်း ရန်ပြုခံရနိုင်ပါတယ်။ ဒါတွေက မထသစနစ်တုန်းက အရိုးစွဲနေခဲ့တဲ့ အခြေအနေတစ်ခုပါ။

ဒီအခြေအနေတွေဟာ YBS စနစ် ပြောင်းလဲသွားပြီးတော့လည်း မပျောက်ကွယ်သွားခဲ့ပါဘူး။ ၂၀၁၈ ခုနှစ် မတ်လတုန်းက တောင်ဥက္ကလာပမြို့နယ် မြင်သာမှတ်တိုင်မှာ အရှိန်ပြင်းပြင်းမမောင်းဖို့ပြောတဲ့ ခရီးသည်ကို အမှတ် ၆ YBS ယာဉ်လိုင်းက ယာဉ်မောင်းက ကတ်ကြေးနဲ့ ထိုးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာဆိုရင် ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ကတ်ကြေးနဲ့အထိုးခံရတဲ့ ခရီးသည်ဟာ အမှတ် ၆ YBS ယာဉ်မောင်းကို အရှိန်မြန်မြန် မမောင်းရန် ပြောဆိုတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး စကားများခဲ့ကြရာက YBS ယာဉ် မောင်းက ကတ်ကြေးနဲ့ ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ခရီးသည်တွေအပေါ် ရန်ပြု ဆက်ဆံတာတွေကြောင့် မထသစနစ်ဟာ နာမည်ဆိုးနဲ့ အလွန်ကျော်ကြားခဲ့ပြီး သူရဲ့ညီဘွားဖြစ်တဲ့ YBS စနစ်မှာလည်း ဒီအခြေအနေတွေက မပျောက်ပျက်သွားခဲ့ပါဘူး။ YBS ယာဉ်တွေပေါ်မှာ ခရီးသည်တွေအပေါ် ယာဉ်မောင်းတွေက ရန်ပြုဆက်ဆံတာတွေ၊ ယာဉ်ပေါ်မှာ ခိုက်ရန်ဖြစ်ပွားတာတွေကတော့ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး CCTV စနစ်တွေ တပ်ဆင်ထားတဲ့ စောင့်ကြည့်မှုတွေ ပါဝင်နေတဲ့ YBS စနစ်မှာ ဖြစ်ပွားနေခဲ့တာကတော့ အရိုးစွဲနေခဲ့တဲ့ အခြေအနေတစ်ခုကို တက်သုတ်ရိုက်ပြောင်းလဲခဲ့မှုရဲ့ ပြဿနာတစ်ရပ်အဖြစ် မြင်ကြည့်နိုင်မှာလည်း ဖြစ်ပါတယ်။

YBS ၄၀ ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားသည့် မောင်နှမနှစ်ဦး၏ ကျန်ရစ်သူ မိသားစုများကို တွေ့ရစဉ်(ဓာတ်ပုံ- သီဟအောင်)

အုပ်စုဖွဲ့ရန်ပြုပြီး ကိုယ်ပိုင်ယာဉ်ကိုတိုက်ခဲ့တဲ့ YBS ယာဉ်မောင်း

ပြဿနာတစ်စုံတစ်ခု ဖြစ်ပွားခဲ့ပြီဆိုရင် YBS ယာဉ်လိုင်းတွေက ယာဉ်မောင်းအချို့ဟာ ယခင်မထသစနစ်တုန်းကလိုပဲ အုပ်စုဖွဲ့ အနိုင်ကျင့်ရန်ပြုတာတွေ ပြုနေတုန်းပါပဲ။ YBS ယာဉ်လိုင်းတွေက ယာဉ်မောင်းအချို့ရဲ့ ပြုမူဆက်ဆံပုံတွေကြောင့် မထသတုန်းကလိုပဲ ပြည်သူတွေက အဲဒီယာဉ်မောင်းတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာတွေ၊ ရန်ပြုခံရတာတွေ ရှိနေရဆဲပါပဲ။

၂၀၁၉ခုနှစ် ဇန်နဝါရီမှာ YBS စနစ်ဟာ နှစ်နှစ်ပြည့်ခဲ့ပါတာဖြစ်ပါတယ်။ အဲဒီ နှစ်နှစ်ပြည့်ခဲ့တဲ့လမှာ YBS အမှတ် ၉၂ ယာဉ်လိုင်းက ယာဉ်မောင်းပါလေးဦးတို့ဟာ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးဘေးက မိုဘိုင်းဖုန်းဆိုင်တစ်ခုရှေ့မှာ ပါကင်ထိုးနေတဲ့ ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်က အမျိုးသားကြီးတစ်ဦးကို ဆဲဆိုပြီး ၀ိုင်းဝန်းထိုးကြိတ်ခဲ့ပါတယ်။ အဲဒီ YBS ယာဉ်မောင်းနဲ့ အပေါင်းအပါတွေဟာ ၀ိုင်းဝန်းထိုးကြိတ်ဆဲဆိုရုံတင် မကပါဘူး သူတို့ ဆဲဆိုရိုက်နှက်နေသူရဲ့ကားကိုပါ YBS နဲ့ တိုက်ပစ်ခဲ့ကြပါတယ်။

ဒီဖြစ်စဉ်လိုမျိုး အလားတူဖြစ်စဉ်တွေကို မထသစနစ်တုန်းက မကြာခဏဖြစ်ပွားနေခဲ့တာမျိုး ကြားခဲ့ရပေမဲ့ စနစ်သစ်ဖြစ်တဲ့ YBS စနစ်ပြောင်းလဲအပြီးမှာလည်း ဆက်လက်တွေ့မြင်နေရဆဲပါပဲ။ အခုဖြစ်စဉ်မှာဆိုရင် ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြသူတွေထဲက တစ်ဦးဟာ အမှတ် ၉၂ YBS ယာဉ်လိုင်းက ယာဉ်နောက်လိုက်ဖြစ်တယ်လို့ သိရတဲ့အတွက် ယာဉ်နောက်လိုက်တွေ မပါရှိရတော့ဘူးလို့ ပြောထားတဲ့ YBS တွေမှာ ယာဉ်နောက်လိုက်တွေ နှစ်နှစ်လောက်ကြာတဲ့အထိ ရှိနေဆဲဖြစ်ခဲ့တာကို တွေ့ကြရမှာပါ။

YBS ပေါ်မှာ မုဒိမ်းမှုလည်းဖြစ်ခဲ့တယ်

မထသစနစ်ရဲ့ ဆိုးရွားမှုတွေထက် ပိုမိုပြီး နာမည်ဆိုးထွက်စေခဲ့တဲ့ ဖြစ်ရပ်အချို့ YBS ယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ယခင် မထသစနစ်တုန်းက စီးနင်းလိုက်ပါလာတဲ့ ခရီးသည်ကို မုဒိမ်းကျင့်တဲ့အထိ ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို မကြားမိခဲ့ကြပါဘူး။ ဒါပေမဲ့ YBS စနစ်မှာတော့ မုဒိမ်းမှု ဖြစ်ပွားခဲ့တဲ့အထိ ဆိုးရွားမှုတွေ ရှိလာခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီလတုန်းက အမှတ် ၄ YBS ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးဟာ မိသားစုကိစ္စကြောင့် ယာဉ်ကို ဆက်လက်မမောင်းနှင်နိုင်တော့တာကြောင့် အသိဖြစ်တဲ့ ယာဉ်မောင်းတစ်ဦးကို ဆက်လက်မောင်းနှင်စေခဲ့ပါတယ်။ အဲဒီမှာပဲ မောင်းနှင်လာတဲ့ ယာဉ်ပေါ်မှာ မှတ်တိုင်ကျော်ပြီး ပါလာတဲ့ အမျိုးသမီးတစ်ဦး ရှိခဲ့ပါတယ်။ ဒီအမျိုးသမီးကို ဆက်လက်မောင်းနှင်လာတဲ့ ယာဉ်မောင်းက ယုဇနတွင် ဂိတ်ဆုံးမှာဖြစ်ပြီး ချက်ချင်းပြန်လည်ထွက်မည်ဟု ပြောဆိုကာ ကားဂိတ်အရောက်မှာတော့ အဲဒီအမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာဆိုရင် မိသားစုကိစ္စကြောင့် ယာဉ်ကို ဆက်လက်မမောင်းနှင်တော့ဘဲ အသိဖြစ်သူကို မောင်းနှင်စေခဲ့တဲ့ YBS ယာဉ်မောင်းကို လူမှုရေးရှုထောင့်ကကြည့်ရင် အပြစ်မတင်လိုပေမဲ့ အခုဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦးကတော့ မုဒိမ်းကျင့်ခံလိုက်ရပြီလည်း ဖြစ်ပါတယ်။ ဒီအတွက် နစ်နာမှုတွေကတော့ အဖတ်ပြန်ဆယ်လို့ မရတော့ပါဘူး။ ဒီလိုမျိုး နားလည်မှုနဲ့ ပေးမောင်းတဲ့ အခြေအနေတွေဟာ YBS ယာဉ်လိုင်းတွေမှာ အများအပြားရှိနေဆဲဖြစ်ပြီး အဲဒီထဲက အခြေအနေတစ်ခုမှာ အခုလိုမုဒိမ်းမှုဖြစ်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်အထိ ဒီအခြေအနေတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။

လူသုံးဦးရဲ့ အသက်ကိုခြွေပစ်ခဲ့တဲ့ YBS ယာဉ်တိုက်မှုနောက်ကွယ်မှ ဇာတ်လမ်းတစ်ပုဒ်

YBS ယာဉ်တွေပေါ်မှာ သက်ဆိုင်ရာ ယာဉ်လိုင်းအလိုက် မောင်းနှင်ခွင့်မရှိသူတွေ မောင်းနှင်ကြတာ အများအပြားပါပဲ။ ဒီအတွက်လည်း ထိရောက်တဲ့ စစ်ဆေးထိန်းချုပ်ထားတာတွေ အခုအထိ မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း YBS ယာဉ်တွေပေါ်မှာ မုဒိမ်းမှုဖြစ်စဉ်ကလည်း ကျူးလွန်သူဟာ မောင်းနှင်ခွင့် မရှိသူဖြစ်နေခဲ့ရတာပါ။ ဒါ့အပြင် ယခုလ ၂ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ လူသုံးဦးရဲ့အသက်ကို ဆုံးရှုံးစေခဲ့ပြီး မှီခိုသူမိသားဝင်တွေကို များစွာထိခိုက်စေခဲ့တဲ့ ယာဉ်တိုက်မှုမှာလည်း ကျူးလွန်သူဟာ မောင်းနှင်ခွင့်မရှိသူပဲ ဖြစ်နေခဲ့ပါတယ်။

ဇွန် ၂ ရက် နံနက် ၄ နာရီကျော်လောက်မှာ စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်ကျော်အရွယ်ရှိတဲ့ မောင်နှမနှစ်ဦးဟာ စျေးဝယ်ထွက်ရန်အတွက် အငှားယာဉ်တစ်စီးဖြင့် အိမ်ကနေ ထွက်လာခဲ့ကြပါတယ်။ ဒီမောင်နှမနှစ်ယောက်မှာ အစ်မဖြစ်သူက ကွမ်းသီးကွမ်းရွက်များ ရောင်းချပြီး မိဘကို လုပ်ကျွေးနေတာဖြစ်ပြီး မောင်ဖြစ်သူက ဆိုက်ကားနင်းရင်း အစ်မဖြစ်သူကို ကူညီရင်းဖြင့် နေထိုင်ခဲ့ကြပါတယ်။

“ အဲဒီနေ့က မောင်နှမနှစ်ယောက်က မနက်ထုံးစံအတို်င်း စျေးဝယ်ထွက်ကြတယ်။ ကွမ်းရွက်တွေ ကွမ်းသီးတွေရောင်းတာကိုး။ မနက် ၄ နာရီလောက်က ထွက်သွားကြတယ်။ ပုံမှန်ဆို ၆ နာရီကျော်လောက်ဆို ပြန်လာနေကျလေ။ အဲဒီနေ့ကကျ ၇ နာရီလောက်အထိ ပြန်မလာသေးတော့ ကားတွေပိတ်နေလို့နေမှာပေါ့လို့ တွေးနေခဲ့တာ” လို့ ဇွန် ၂ ရက်ကဖြစ်ပွားခဲ့တဲ့ YBS ယာဉ်ဝင်ရောက်တိုက်မိမှုမှာ သေဆုံးခဲ့တဲ့ မောင်နှမနှစ်ဦးရဲ့ ဖခင်ဖြစ်သူက ဆိုပါတယ်။

ဒီမောင်နှမနှစ်ဦးစီးလာခဲ့တဲ့ အငှားယာဉ်ဟာ သီရိမင်္ဂလာစျေးကနေ ဆင်မလိုက်မှတ်တိုင်ဘက်ကို မောင်းနှင်လာခဲ့ပြီး ဆင်မလိုက်မှတ်တိုင်အနီး အရောက်မှာတော့ ယာဉ်ကြောသုံးခုရှိတဲ့အနက် လက်ယာဘက်အစွန်ဆုံး ယာဉ်ကြောမှာ ရှိနေခဲ့ပါတယ်။ ဒီအချိန်မှာတော့ တစ်ဖက်ယာဉ်ကြောကနေ အပြိုင်အဆိုင်မောင်းနှင်လာတဲ့ YBS အမှတ် ၄၀ ယာဉ်ဟာ လမ်းပြောင်းပြန်ဝင်ရောက်လာခဲ့ပြီး အရှိန်ပြင်းစွာဖြင့် အောက်ဆုံးယာဉ်ကြောမှာရှိနေတဲ့ မောင်နှမနှစ်ဦး စီးနင်းလာခဲဲ့တဲ့ အငှားယာဉ်ကို ဝင်တိုက်မိပါတော့တယ်။

“ ကလေးတွေစီးလာတဲ့ တက္ကစီက ယာဉ်ကြောသုံးကြောရှိရင် ဟိုးအောက်ဘက်မှာ။ ဟိုဘက်ယာဉ်ကြောနဲ့ဆို တခြားစီပါပဲ။ အဲဒါကို လမ်းပြောင်းပြန်ကြီး ဝင်လာပြီး ဝင်တိုက်သွားတာ။ ကျွန်တော်ဘယ်လိုဖြေသိမ့်ရမလဲဗျာ။ ဘယ်လိုမှ တိုက်စရာအကြောင်း မရှိဘူးလေ” လို့ သေဆုံးသူ မောင်နှမနှစ်ဦးရဲ့ဖခင်က ပြောပါတယ်။

ဒီယာဉ်တိုက်မှုဟာ အလွန်ပြင်းထန်ပြီး အတိုက်ခံရတဲ့ အငှားယာဉ်ကို YBS အမှတ် ၄၀ ဟာ တက်ကြိတ်မိသလို အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အငှားယာဉ်မောင်းနဲ့ ငှားစီးလာတဲ့ မောင်နှမနှစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ ဒီသေဆုံးမှုကြောင့် အငှားယာဉ်မောင်းမှာ ကိုယ်ဝန်နဲ့ ဇနီးတစ်ဦး ကျန်ရစ်ခဲ့ပြီး သေဆုံးသူမောင်နှမ နှစ်ဦးကို မှီခိုနေရတဲ့ မိဘနှစ်ပါးဟာလည်း အခက်အခဲတွေ အများကြီးနဲ့အတူ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရပါတယ်။

“ ကျွန်တော်တို့အတွက် လက်နှစ်ဖက်စလုံး ပြုတ်တာပါပဲ။ ဒီကလေးတွေကို မှီခိုနေရတာ။ အခု သူတို့က အဖြစ်ဆိုးနဲ့ ကြုံလိုက်ရပြီ။ ကျွန်တော်တို့ အရမ်းလည်းဝမ်းနည်းရတယ်။ အခက်အခဲတွေလည်း အများကြီး ဖြစ်လာတော့မယ်။ အရမ်းလိမ္မာတဲ့ ကလေးတွေကိုမှဗျာ” ဟု သေဆုံးသူမောင်နှမ နှစ်ဦးရဲ့ဖခင်က ကြေကွဲစွာဖြင့် ပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ ကျူးလွန်သူယာဉ်မောင်းဟာ ဒီ YBS အမှတ် ၄၀ ယာဉ်ကို တရားဝင် မောင်းနှင်ခွင့်ရှိသူ မဟုတ်ဘူးလို့ သိရပါတယ်။ တာဝန်ရှိသူတွေရဲ့ပေါ့လျော့မှု မောင်းနှင်သူရဲ့ မဆင်မခြင်မှုကြောင့် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကတော့ ပြိုလဲခဲ့ရပါပြီ။ လက်ရှိမှာ ကျူးလွန်သူယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ပေမဲ့ သေသူတွေကတော့ ပြန်လည်မရှင်သန်လာနိုင်တော့ပါဘူး။

ဒီလိုဖြစ်စဉ်တွေအပြင် ဧပြီလတုန်းက YBS ယာဉ်တစ်စီးဟာ အရှိန်လွန်ပြီး လမ်းဝတံတားပေါ်ကနေ လူနေအိမ်တွေအပေါ်ကို ပြုတ်ကျတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာဆိုရင် ကံကောင်းထောက်မ၍ လူသေဆုံးမှုတွေမရှိခဲ့ပေမဲ့ ကားတစ်စီးလုံး တံတားပေါ်ကနေပြုတ်ကျတဲ့ အခြေအနေအထိ ဖြစ်သွားခဲ့တာကတော့ YBS တွေရဲ့ အကျည်းတန်မှုတွေအကြောင်း သက်သေပြနေခဲ့သလိုပါပဲ။

YBS စနစ်ဟာ ဆိုးရွားတဲ့ လူသေဆုံးမှုတွေနဲ့ ယာဉ်တိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ မှုခင်းတွေနဲ့အတူ မထသစနစ်တုန်းက အခြေအနေတွေအတိုင်း ဆက်လက်ဖြစ်နေခဲ့တာကို တွေ့ကြရမှာပါ။ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေခဲ့တာဟာ သက်ဆိုင်ရာအာဏာပိုင်တွေ ပြောခဲ့သလိုမျိုး အောင်မြင်တဲ့စနစ်တစ်ခု ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာ အခြေအနေပါပဲ။ ဒီလိုမျိုး အခြေအနေတွေကြောင့်လည်း YBS ဟာ မထသနဲ့ အလားတူပဲလားလို့ ပြည်သူတွေ ထင်မြင်ယူဆလာခဲ့ပါတယ်။ ဒါဆိုရင်တော့ YBS စနစ်ဟာ အောင်မြင်တယ်လို့ ဆိုနိုင်ပါဦးမလားလို့လည်း မေးချင်ပါတယ်။

GPS ထက်အဆင့်မြင့်တဲ့စနစ်တွေ တပ်ဆင်ထားမှာဖြစ်လို့ ချိုင့်ထဲကျရင်တောင် သိနိုင်တယ်ဆိုတဲ့ ဝန်ကြီးဒေါ်နီလာကျော် ပြောခဲ့တာတွေ၊ Yangon Payment Services စနစ်အသုံးပြုမှာ ဖြစ်ခြင်းကြောင့် YBS တွေရဲ့ ငွေပေးချေမှုစနစ်ဟာ အရှေ့တောင်အာရှမှာ အရှေ့ဆုံးကို ရောက်ရှိလာမယ်ဆိုတဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောခဲ့ပြီး လက်တွေ့ဖြစ်မလာသေးတဲ့ အရာတွေပြောဆိုပြီး လုပ်ကိုင်နေမယ့်အစား ပြည်သူတွေရဲ့ အသက်ကို လုံခြုံမှုပေးနိုင်ပြီး လုံခြုံစိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်ဖို့အတွက် ပြည်သူက ရွေးကောက်ထားတဲ့ အစိုးရထံမှာ တာဝန်ရှိနေပါတယ်။

“ ကျွန်တော့်သားသမီးတွေဖြစ်သလို အခြားသူတွေကိုလည်း မဖြစ်စေချင်တော့ဘူး။ ဒီလိုမျိုးလိုင်စင်မရှိတဲ့သူ တက်မောင်းတာတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ပေးပါ။ ကျွန်တော့်ကလေးတွေဆိုရင် အလောင်းတောင် မြင်လို့မကောင်းဘူးဗျာ” ဟု ဇွန် ၂ ရက်က YBS အမှတ် ၄၀ ယာဉ်တိုက်မှုဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ မောင်နှမနှစ်ဦးရဲ့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။

ဖြစ်ပြီးခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေကို ဂရုစိုက်တယ်ဆိုရင် တာဝန်ရှိသူတွေအနေနဲ့ တစ်နေ့ထက်တစ်နေ့ အရုပ်ဆိုးအကျည်းတန်လာတဲ့ YBS စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်စွာ ပြုလုပ်ဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် YBS ဟာ မထသနဲ့ ဘာမှမကွာခြားနိုင်တော့တဲ့အတွက် YBS စနစ်ဟာ ကျရှုံးနေပြီလားလို့ စဉ်းစားစရာ ဖြစ်နေပါတော့တယ်။

Most Read

Most Recent