လော်တာရိုကို တစ်နှစ်လစာ ယူရို ၁၂ သန်းဖြင့်ခေါ်ယူရန် ဘာစီလိုနာအသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထား

လော်တာရိုကို တစ်နှစ်လစာ ယူရို ၁၂ သန်းဖြင့်ခေါ်ယူရန် ဘာစီလိုနာအသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထား
Published 4 June 2020

ဘာစီလိုနာအသင်းသည် အင်တာမီလန်အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို တစ်နှစ်လစာ ယူရို ၁၂ သန်းဖြင့် ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားပြီဖြစ်ကြောင်း ဘာစီလိုနာအခြေစိုက် Sport သတင်းစာ၏ဖော်ပြချက်အရ သိရသည်။

Sport  ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် အာဂျင်တီးနားလက်ရွေးစင်ကစားသမား လော်တာရိုကို အခြေခံလစာအဖြစ် တစ်နှစ်လျှင် ယူရို ၁၂ သန်း (ပေါင် ၁၀ ဒသမ ၅ သန်း)အပြင် စွမ်းဆောင်ရည်အပေါ်မူတည်၍ အပိုဆုကြေး ထပ်မံပေးချေမည်ဖြစ်ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ပြောင်းရွှေ့ ကြေးအတွက် ဆွေးနွေးရဦးမည်ဖြစ်ပြီး အင်တာမီလန်အသင်းကမူ စာချုပ်လျော်ကြေး ယူရို ၁၁၁ သန်းရရှိမှသာ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားထားသည်။

လော်တာရို၏စာချုပ်အရ ဇူလိုင်ပထမပတ်နောက်ပိုင်း ခေါ်ယူပါက ပြောင်းရွှေ့ကြေးကို တစ်ပေါင်းတည်းပေးချေရမည်ဖြစ်သောကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ယင်းကာလမတိုင်မီ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးရမည်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် လက်ရှိစီးပွားရေးအခြေအနေအရ စာချုပ်လျော်ကြေးကို အပြည့်ပေးချေနိုင်ဖွယ်မရှိဘဲ ကစားသမား နှစ်ဦးနှင့် ယူရိုသန်း ၆၀ ဝန်းကျင်ဖြင့်သာ ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။

အလိုက်ပေးကမ်းလှမ်းမည့် ကစားသမားနှစ်ဦးမှာ ကွင်းလယ်လူ ဗီဒယ်လ်နှင့် ဘယ်နောက်ခံလူ  ဂျူနီယာဖီပိုတို့ ဖြစ်ဖွယ်ရှိနေသည်။

အသက် ၂၂ နှစ်အရွယ်ရှိ လော်တာရို သည် ၂၀၁၈ ခုနှစ် ဇူလိုင်တွင် အာဂျင်တီးနားကလပ် ရေးဆင်းအသင်းမှ ယူရို ၂၂ ဒသမ ၇ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး အင်တာမီလန်အသင်းအနေဖြင့် နှစ်နှစ်အကြာမှာပင် ယူရိုသန်း ၉၀ နီးပါး အမြတ်ရဖွယ်ရှိနေခြင်းဖြစ်သည်။

လော်တာရိုသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ၁၁ ဂိုးနှင့် ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်ပေးထားပြီး အာဂျင်တီးနားအသင်းအတွက်လည်း ၁၇ ပွဲကစား ကိုးဂိုး သွင်းယူထားသည်။

 

Most Read

Most Recent