မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် နှစ်နှစ်၊ သုံးနှစ်လျှင် တစ်ကြိမ် ကပ်ရောဂါအသွင် ဖြစ်ပွားလေ့ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အမြင့်ဆုံးအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၄၃၈၄၅ ဦး ဖြစ်ပွားခဲ့ပြီး အမြင့်ဆုံးသေဆုံးမှု ၄၄၄ ဦးကို ၁၉၉၄ ခုနှစ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သွေးလွန်တုပ်ကွေးရောဂါ၏ သေဆုံးနှုန်းမှာမူ ၁၉၇၀ ပြည့်နှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်တွင် သုည ဒသမ ၃၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။
ကမ္ဘာပေါ်တွင် ခြင်အမျိုးအစားပေါင်း ၃၀၀၀ ခန့်ရှိပြီး လူပေါင်း နှစ်သန်းခန့်သည် ခြင်မှတစ်ဆင့် ကူးစက်သည့်ရောဂါများကို ခံစားနေရပြီး ခြင်မှတစ်ဆင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ အဝါရောင်အဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါများ ဖြစ်ပွားနိုင်သည်။
မြန်မာနိုင်ငံတွင် ခြင်အမျိုးအစား သုံးမျိုးရှိပြီး Anopheles ခြင်မှတစ်ဆင့် ငှက်ဖျားရောဂါ၊ Aedes ခြင်မှတစ်ဆင့် သွေးလွန်တုပ်ကွေးရောဂါ၊ အဝါရောင်အဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါတို့ကို ဖြစ်စေသည်။ Culex ခြင်မှတစ်ဆင့် ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ဆင်ခြေထောက်ရောဂါကို ဖြစ်စေပြီး ငှက်ဖျားခြင်၊ သွေးလွန်တုပ်ကွေးခြင် (ခေါ်) Anopheles ခြင်မှာ ရေကြည်၊ ရေသန့်၊ ရေငြိမ်တွင် ပေါက်ဖွားလေ့ရှိရာ Culex ခြင်သည် ရေပုပ်ရေသိုး (အုတ်မြောင်း၊ မိလာကန်၊ မိလာကျင်း၊ အသုံးမပြုနိုင်သည့် အိုးခွက်များ၊ မြေတွင်း၊ မြေချိုင့်များနှင့် အသုံးမပြုသည့် ရေတွင်းရေကန်များတွင် ပေါက်ဖွားလေ့ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသည့် ရောဂါအများစုဖြစ်ပွားမှုရှိနေပြီး ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါများမှာ ဖြစ်ပွားနှုန်းမြင့်မားပြီး ပြည်သူ့ကျန်းမာရေး ပြဿနာများတွင် ပါဝင်နေဆဲဖြစ်သည်။ ယင်းရောဂါများသည် တစ်နှစ်ပတ်လုံး ရာသီမရွေးဖြစ်ပွားမှုရှိနေပြီး ယခုကဲ့သို့ မိုးဦးကျကာလများတွင် သွေးလွန်တုပ်ကွေးရောဂါသည် ကလေးငယ်များတွင် ဖြစ်ပွားနှုန်း မြင့်မားလာလေ့ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်အများဆုံး ပေါက်ဖွားလေ့ရှိသည့် မိုးဦးကျနှင့် မိုးရာသီကာလတစ်လျှောက်လုံးတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး ပူအိုက်စွတ်စိုသည့်အချိန် ဥပမာ မိုးရွာပြီး နေပြန်ပူသည့်အချိန်များတွင် ဖြစ်ပွားလေ့ရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မိုးများသည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အများဆုံးဖြစ်ပွားတတ်ပြီး မိုးရွာနောက်ကျတတ်သော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင်မူ စက်တင်ဘာ၊ နိုဝင်ဘာလများတွင် ဖြစ်ပွားနှုန်းမြင့်မားလေ့ရှိသည်ဟု သိရသည်။ တစ်နှစ်နှင့် တစ်နှစ် ဖြစ်ပွားချိန် အနည်းငယ်ကွာခြားတတ်ပြီး တစ်နှစ်ပတ်လုံး အချိန်မရွေး ဖြစ်ပွားနိုင်သည့် ရောဂါလည်း ဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေ
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် မိုးရာသီတွင် မြင့်တက်လေ့ရှိပြီး ဇူလိုင် လလယ်ခန့်တွင် အမြင့်ဆုံး ဖြစ်ပွားလေ့ရှိသည်။ ၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၄၁၇၈ ဦးရှိပြီး ၁၃၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ယခင်က မြို့ကြီးများတွင်သာ အဖြစ်များသော်လည်း ယခုအခါတွင် ကျေးလက်ဒေသများတွင်ပါ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။ အသက် ငါးနှစ်မှ ကိုးနှစ်အရွယ် ကလေးများတွင် ဖြစ်ပွားမှုများသည်ကို တွေ့ရှိရပြီး အသက်အရွယ်မရွေး၊ ကျားမ မရွေးဖြစ်ပွားနိုင်ရာ ၂၀၁၉ ခုနှစ်အတွင်း ဓာတ်ခွဲစမ်းသပ်မှုများအရ သွေးလွန်တုပ်ကွေး Serotype လေးမျိုးရှိသည့်အနက် Serotype (1,2,3) တို့ ဖြစ်ပွားခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်း၌ သွေးလွန်တုပ်ကွေးရောဂါပိုး အဓိကသယ်ဆောင်သော ခြင်ကျားမှာ Aedes aegypti ဖြစ်ပြီး မိုးရာသီစတင်သည်နှင့် အဆိုပါ ခြင်များ ပေါက်ပွားလေ့ရှိသည့်အတွက် ကပ်ရောဂါအသွင် မဖြစ်ပွားစေရန် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု၏ ၇၇ ရာခိုင်နှုန်းကို တိုင်းဒေသကြီး ပြည်နယ်ရှစ်ခု (ကချင်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်၊ ရခိုင်၊ မွန်နှင့် မကွေး) တို့တွင် တွေ့ရပြီး သေဆုံးမှု၏ ရာခိုင်နှုန်းထက်ဝက်ခန့်မှာ ရန်ကုန်နှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ မေလ ဒုတိယပတ်အထိ ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃၀ ကျော်ရှိပြီး သေဆုံးသူလေးဦး ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါအဖြစ် အများဆုံးမြို့နယ်များမှာ တောင်ဒဂုံမြို့နယ်တွင် ၂၄ ဦး၊ ထန်းတပင် မြို့နယ်တွင် ၁၆ ဦး၊ ရွှေပြည်သာမြို့နယ်တွင် ၁၆ ဦး၊ လှိုင်သာယာမြို့နယ်တွင် ၁၅ ဦး၊ ဒလမြို့နယ်တွင် ၁၄ ဦး၊ မြောက်ဒဂုံမြို့နယ်တွင် ၁၁ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၁၀ ဦး၊ အင်းစိန်မြို့ နယ်တွင် ၁၀ ဦး၊ သန်လျင်မြို့နယ်တွင် ရှစ်ဦးနှင့် မြောက်ဥက္ကလာပမြို့နယ်တွင် ခုနစ်ဦး ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးနှုန်း နှစ်အလိုက် တဖြည်းဖြည်း ကျဆင်းလာသော်လည်း ရောဂါဖြစ်ပွားနှုန်းမှာမူ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည်ကို နှစ်စဉ် ဖြစ်ပွားသေဆုံးနှုန်း ကိန်းဂဏန်းများက ဖော်ပြနေသည်။ ပြီးခဲ့သော ၂၀၀၉ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါ စံချိန်တင်ကပ်အသွင် ဖြစ်ပွားခဲ့ပြီး လူဦးရေ နှစ်သောင်းကျော် ဖြစ်ပွားမှုရှိခဲ့သည်။ စံချိန်တင်မဟုတ်သော်လည်း ဖြစ်ပွားနှုန်း မြင့်တက်ခဲ့သည့် နှစ်များကို ကြည့်မည်ဆိုလျှင် ၂၀၀၅၊ ၂၀၀၇၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇ ခုနှစ်များတွင်လည်း ဖြစ်ပွားနှုန်း မြင့်တက်ခဲ့သည့် ခုနှစ်များဖြစ်သည်။
COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် တစ်ချိန်တည်းတွင် ကမ္ဘာ့နိုင်ငံအမြောက်အမြား၌ သွေးလွန်တုပ်ကွေးနှင့် arbovirus ကြောင့်ဖြစ်သော အခြားရောဂါ ဖြစ်ပွားမှုများလည်း မြင့်တက်လျက် ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုကဲ့သို့ COVID-19 ကာလအတွင်း ငှက်ဖျား၊ သွေးလွန်တုပ်ကွေးကဲ့သို့ ပိုးမွှားများမှ ကူးစက်သောရောဂါများကို ကာကွယ်ရေး၊ ရှာဖွေဖော်ထုတ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် အလေးထား ပြောကြားထားသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ တိုက်တွန်းပန်ကြားချက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပန်ကြားချက်ကို ဧပြီလ နောက်ဆုံးပတ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း၊ ယခုအချိန်တွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပုံမှန်ဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေးစီမံချက် လုပ်ငန်း ၆၈ ခု၏ လုပ်ငန်းဆောင်ရွက်မှုများကို လစ်ဟာမှုမရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မကြာခင် မိုးရာသီကျရောက်တော့မည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် မိုးရာသီ၌ အဖြစ်များသော ရောဂါများအနက်မှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်ဖြစ်ပွားရခြင်းဖြစ်၍ ခြင်ကျား မရှိပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်မည်မဟုတ်ကြောင်း ရေးသားထားသည်။
သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် ခြင်သည် နေအိမ်တွင်းနှင့် နေအိမ်ပတ်ဝန်းကျင်ရှိ ရေကြည်ရေသန့်တွင် ပေါက်ဖွားခြင်းဖြစ်သဖြင့် ပြည်သူများမှ မိမိတို့နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်း နှိမ်နင်းရေး လုပ်ငန်းများကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ အိမ်တိုင်း ရွာတိုင်း ရပ်ကွက်တိုင်း မြို့တိုင်းတွင် ခြင်ကျားပိုးလောက်လန်းတစ်ကောင်မျှ မရှိအောင် နှိမ်နင်းခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ အောင်မြင်မှုရရှိစေရေး၌ အဓိကအရေးကြီးဆုံး အချက်မှာ ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေး ရောဂါနှင့်ပတ်သက်သော ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်များကို ရပ်ကွက်ကျေးရွာများတွင် အသံချဲ့စက်များ အသုံးပြု၍ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ အခြေခံကျန်းမာရေး ဝန်ထမ်း ပညာရှင်များနှင့် ရပ်ရွာပြည်သူလူထု ဒေသခံလူမှုရေးအဖွဲ့အစည်းများ မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ကြမည်ကို မြို့နယ်အလိုက် စီမံချက်များ ရေးဆွဲနိုင်ရန် ဗဟိုမှ လုပ်ငန်းလမ်းညွှန်များ ချမှတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ပြည်သူ့ကျန်းမာရေး အခြေခံနိယာမများကို အသုံးပြု၍ ဆောင်ရွက်ပါက ရောဂါဖြစ်ပွားမှုနှုန်းကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လာချိန်တွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အသိပညာပေး နှိုးဆော်မှုများကိုလည်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသအာဏာပိုင်များအားလုံးက ၀ိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာတစ်ခုဖြစ်သော အဖျားတက်ခြင်းသည် COVID-19 ကပ်ရောဂါ စစ်ဆေးမှုများအပေါ် မှားယွင်းသက်ရောက်မှုရှိနိုင်၍ COVID-19 ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ပူးတွဲဆောင်ရွက်လျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြို့ပြလူဦးရေများပြားခြင်းသည် ရောဂါနှစ်မျိုးလုံးအတွက် ကူးစက်နိုင်စွမ်း အမြင့်မားဆုံးဖြစ်စေသောကြောင့် အရေးကြီးသည်ဟု ဆိုထားပြီး COVID-19 ကပ်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုနှစ်ခု ပေါင်းစပ်ဖြစ်ပွားမှုသည် လူသားများအတွက် အန္တရာယ်ကြီးမားသော အကျိုးဆက်များဖြစ်စေနိုင်သည်ဟု ဆိုသည်။ ထိုသို့ သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် လူစုလူဝေး ပြုလုပ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များ၊ လိုအပ်သည့် ရောဂါကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အသုံးပြုခြင်းဖြင့် COVID-19 ကပ်ရောဂါ ကူးစက်မှုမရှိစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဝန်ကြီးဌာနအနေဖြင့် COVID-19 ဖြစ်ပွားစဉ်ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စံကိုက်လုပ်ငန်းလမ်းညွှန်ကို ၂၀၂၀ ပြည့်နှစ် မေ ပထမပတ်အတွင်းက ထုတ်ပြန်ကာ လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ် သုံးနှစ်တာအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့သူ ရှစ်သောင်းကျော်ရှိပြီး သေဆုံးသူ ၄၅၀ ခန့်ရှိရာ သွေးလွန်တုပ်ကွေးရောဂါသည် ယခုဖြစ်ပွားနေသည့် COVID-19 ကဲ့သို့ပင် သီးခြားကုသရန် ဆေးမရှိဘဲ ရောဂါလက္ခဏာများ သက်သာရန်သာ ကုသပေးနိုင်သည့် ရောဂါဖြစ်၍ နှစ်စဉ်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများမှာ လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါထက်ပင် များပြားနေ၍ ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှုများ လျှော့ချရန် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်မှာ အရေးကြီးပြီး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းနှိုးဆော်ထားသည်။










