နျူကလီးယားလက်နက်အစီအစဉ်ကြောင့် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားရန် ကမ္ဘာလုံးဆိုင်ရာ ဘဏ်များမှတစ်ဆင့် ဒေါ်လာဘီလျံပေါင်းများစွာ ရွှေ့ပြောင်း၍ ငွေကြေးခဝါချမှု ပူးပေါင်းလုပ်ဆောင်သည့် ကွန်ရက်ကို လှုပ်ရှားလည်ပတ်နေမှုအတွက် မြောက်ကိုရီးယားနိုင်ငံသား ၂၈ ဦးနှင့် တရုတ်နိုင်ငံသား ငါးဦးကို အမေရိကန်တရားရေးဌာနက မေ ၂၈ ရက်တွင် စွဲချက်တင်ခဲ့သည်။
ငွေကြေးခဝါချမှုများလုပ်ဆောင်သော အဆိုပါကွန်ရက်သည် စီးပွားရေးပိတ်ဆို့မှုများကို ရှောင်ရှားရန်အတွက် ထိုင်း၊ လစ်ဗျား၊ သြစတြီးယား၊ ရုရှား၊ တရုတ်၊ ကူဝိတ်နိုင်ငံ တစ်ဝန်းရှိ အမည်ခံကုမ္ပဏီ ၂၅၀ ကျော်မှ တစ်ဆင့် ဒေါ်လာ ၂.၅ ဘီလျံကျော်ကို ငွေကြေးခဝါချမှု ဆောင်ရွက်ခဲ့ပြီး မြောက်ကိုရီးယားအတွက် လိုအပ်သော ကုန်ပစ္စည်းများကို ဝယ်ယူခြင်းဖြစ်ကြောင်း ၀ါရှင်တန်ရှိ ဖက်ဒရယ်ခရိုင်တရားရုံးသို့ တင်သွင်းထား သည့်စွဲချက်အရ သိရသည်။
စွဲချက်တင်ခံရသူအများစုမှာ အမည်ပျက်စာရင်းသွင်းခံထားရသော မြောက်ကိုရီးယားဘဏ် Foreign Trade Bank ၏ လျှို့ဝှက်ဘဏ်ခွဲများ၏ ကွန်ရက်နှင့်ဆက်နွှယ်နေခဲ့ပြီး စွဲချက်တင်ခံရသူများထဲတွင် ဘဏ် ဥက္ကဋ္ဌနှစ်ဦးနှင့် ဘဏ်ဒုတိယဥက္ကဋ္ဌနှစ်ဦးတို့ ပါဝင်ကြသည်။
အမေရိကန်ပြည်ထောင်စုတွင် လည်ပတ်ဖြန့်ကြက်ထားသော ဘဏ္ဍာရေးကွန်ရက်များမှတစ်ဆင့် အမေရိကန်ဒေါ်လာငွေကြေးလဲလှယ်မှုများပြုလုပ်ရခြင်းကို ရှောင်ရှားရန်အတွက် ထိုသူများသည် အမည်ခံ ကုမ္ပဏီအတုများကို အသုံးပြုကြကြောင်း စွပ်စွဲခံထားရသည်။ အမေရိကန်က မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော နျူကလီးယားနှင့် ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှု များအရ ထိုသို့အမည်ခံကုမ္ပဏီများအား အသုံးချခြင်းသည် Foreign Trade Bank နှင့် အခြားသောလုပ်ငန်းအဖွဲ့အစည်းများအတွက် တရားမဝင်ပေ။
၂၀၁၃ ခုနှစ်မှ ယခုနှစ်အထိ လည်ပတ် လုပ်ဆောင်ခဲ့သော ထိုလျှို့ဝှက်အစီအစဉ်အတွင်း စွဲချက်တင်ခံရသူများနှင့် ပူးပေါင်း ကြံစည်သူများသည် ဘဏ်များအား ငွေပေး ချေမှုများစီမံဆောင်ရွက်လာအောင် လှည့် စားရန်အတွက် သက်ဆိုင်ရာဘဏ်များမှ အမေရိကန်ဒေါ်လာဖြင့် ငွေပေးချေမှုများ တွင် FTB ဘဏ် ပါဝင်ပတ်သက်နေမှုကို ဖုံးကွယ်ခဲ့ကြသည်။ လျှို့ဝှက်အစီအစဉ် လုပ်ဆောင်ခဲ့သည့်ကာလအတွင်း ငွေကြေးခဝါချထားသော ဒေါ်လာ ၆၃ သန်းခန့်ကို အမေရိကန်က သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ ငွေပမာဏအမြောက်အမြားကို မြောက်ကိုရီးယားက မည်သို့ လက်ခံရရှိနေ သည့်အကြောင်းနှင့်ပတ်သက်၍ စွဲချက်တင်မှုအတွင်း ဖော်ပြထားခြင်းမရှိသော်လည်း ထိုငွေများကို ဇိမ်ခံပစ္စည်းများမှသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လက်နက်အစီအစဉ်အတွက် လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများအထိ ဝယ်ယူရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးလုပ်ငန်း အများစုအပေါ် တင်းကျပ်စွာချမှတ်ထား သော ကုလသမဂ္ဂကျောထောက်နောက်ခံပြု ကုန်သွယ်မှုပိတ်ပင်မိန့်ကို ကျော်လွှားနိုင်ရန် အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အစိုးရအဖွဲ့က မကြာသေးမီ နှစ်များအတွင်း အပြင်းအထန်ကြိုးပမ်းခဲ့ကြ သည်။ နျူကလီးယားလက်နက်များ တီထွင် ထုတ်လုပ်မှုကို ရပ်တန့်ရန် တောင်းဆိုမှုများ အား မြောက်ကိုရီးယားက ဖီဆန်ခဲ့ခြင်း ကြောင့် ၎င်းင်းအပေါ် ကုန်သွယ်မှုပိတ်ပင်မိန့် ချမှတ်ထားခြင်းဖြစ်သည်။
စွဲချက်တင်မှုမှတစ်ဆင့် အမေရိကန်သည် ၎င်း၏ဘဏ္ဍာရေးစနစ်အတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်စွမ်းရှိနေသော မြောက်ကိုရီးယား၏စွမ်းရည်ကို ဟန့်တားရန်နှင့် ထိုသို့တရားမဝင် လှုပ်ရှားမှုများမှ ရရှိလာသော အကျိုးအမြတ်ကို အသုံးပြုနိုင် စွမ်းရှိနေမှု၊ ဖျက်အားပြင်းသည့် တရားမဝင် လက်နက်များ၏စွမ်းရည်ကို မြှင့်တင်ရန် ကြိုးပမ်းနေမှုတို့ကို ပိတ်ပင်ကန့်သတ်ရန် အမေရိကန်က သန္နိဋ္ဌာန်ချထားသည်ကို ပြသလိုက်ခြင်း သဘောဆောင်နေကြောင်း အမေရိကန်ရှေ့နေ မိုက်ကယ်ရှာဝင်က ပြော ကြားခဲ့သည်။
စွဲချက်တင်ခံရသူအရေအတွက်ကို ထောက်ရှုခြင်းဖြင့် ထိုစွဲချက်တင်မှုသည် မြောက်ကိုရီးယားအပေါ် လုပ်ဆောင်သော အမေရိကန်၏ အကြီးမားဆုံးအရေးယူပိတ် ဆို့မှုဖြစ်လာနိုင်ဖွယ် ရှိသည်။















