အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများကို မထသအဖြစ်မှ YBS အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် YBS ယာဉ်လိုင်းတစ်ခုတွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်အချို့ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လေးနှစ်ကျော်ကာလအတွင်း ဆောင်ရွက်ချက်များသည် အောင်မြင်သည့် စီမံကိန်းများကို လက်ညှိုးထိုးပြစရာ မရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုကိုးကျွန်း မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောကြားသည်။
“အစိုးရအဖွဲ့ ဆောင်ရွက်တာတွေက လေးနှစ်ကျော်လာခဲ့ပြီ။ ငါးနှစ်ထဲရောက်လာပြီ ဖြစ်သော်လည်း လက်ညှိုးထိုးပြစရာ စီမံကိန်းတွေ မတွေ့သေးဘူး ဆိုတာပါ။ အတွင်း မြို့ပတ်လမ်းကို ဆောင်ရွက်ဖို့ဆိုပြီး လာရှင်းပြသွားတာရှိတယ်။ အခုထိလုပ်ငန်း မစနိုင်သေးဘူး။ အလားတူ ကော့မှူးမြို့နယ်မှာ ဘက်စုံသုံး ဆိပ်ကမ်းတစ်ခုအတွက် လေ့လာချက်တွေ လုပ်ပြီးပြီ။ ယနေ့အချိန်ထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိတာကို တွေ့ရတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စက်မှုဇုန် ၂၉ ဇုန်ရှိပါတယ်။ ဒီ၂၉ ဇုန်က မပြည့်စုံတာတွေ အများကြီးပါ၊ စက်မှုဇုန်တိုင်းကလည်း မဆောက်နိုင်ဘဲ ကျန်နေတဲ့ ကွက်လပ်တွေ အများကြီးပါ။ အဲဒီစက်မှုဇုန်တွေကို ပြည့်စုံအောင် မဆောက်ဘဲနဲ့ ရန်ကုန်ဧရိယာပြင်ပ ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ တည်ဆောက်ဖို့ မြေနေရာတွေ လျာထားတယ်။ လှည်းကူးနဲ့ ထန်းတပင်ဆို ခေါ်တောင် ခေါ်ထားပြီးပြီ။ အခုလို ဆောင်ရွက်တဲ့ အပေါ်မှာလည်း ယနေ့အထိ ပီပီပြင်ပြင် မဖြစ်ဘဲနဲ့ စက်မှုဇုန်တွေဟာ မြေအရောင်းအဝယ်ပဲ ဖြစ်နေတာကို သွားတွေ့နေရတယ်။ မကြာခင်မှာလည်း ရွေးကောက်ပွဲ စတော့မယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြနိုင်တဲ့ စီမံကိန်း၊ စီမံချက်တွေ မရှိသေးဘူး။ နောက်အစိုးရတွေက အပြောင်းအလဲ ရှိနေဦးမှာပဲ။ စီမံကိန်း စီမံချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း သတိထားပြီး ဆောင်ရွက်ပေးဖို့ ဒါလေးထောက်ပြ ဆွေးနွေးတာပါ” ဟု ဦးတင်ဝင်းက ပြောကြားသည်။
မြို့သစ်စီမံကိန်းအား ယခင်အစိုးရလက်ထက် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကုမ္ပဏီ သုံးခုအား အတည်ပြုခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီများကို စီမံကိန်း တာဝန်များ ပေးအပ်ခဲ့ကြောင်း၊ သို့သော် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် အစိုးရပြောင်းပြီးနောက် လက်ရှိအစိုးရ လက်ထက်တွင် ကုမ္ပဏီသုံးခုဖြင့် ဆောင်ရွက်မည့် မြို့သစ်စီမံကိန်းကို ဖျက်သိမ်းခဲ့ကြောင်း၊ အစိုးရ အဖွဲ့သည် ငါးနှစ်တစ်ကြိမ် ရွေးကောက် တင်မြှောက်ရကြောင်း၊ ထို့အတူ စီမံကိန်းများသည် ငါးနှစ်တည်းဖြင့် မပြီးကြောင်း ဦးတင်ဝင်းက ပြောကြားသည်။
“ငါးနှစ်တစ်ကြိမ် ရွေးကောက်တင် မြှောက်ရတဲ့ အစိုးရတစ်ရပ်အနေနဲ့ ရှေ့အစိုးရ ဆောင်ရွက်သွားတဲ့ စီမံကိန်းတွေကို နောက်အစိုးရက ဖျက်မယ်ဆိုရင် ငွေကြေး အမြောက်အမြားရင်းနှီးမြှုပ်နှံသူတွေက အစိုးရအဖွဲ့ပေါ်မှာ ယုံကြည်မှု ကင်းမဲ့သွားနိုင်ပါတယ်။ ရှေ့အစိုးရလုပ်တဲ့ ကိစ္စတွေကို အဆင်မပြေဘူး မိမိသဘောထားနဲ့ မတိုက်ဆိုင်ဘူး ဆိုရင်တောင်မှ ပြန်လည်ညှိနှိုင်းပြီးတော့မှ လိုလားတဲ့အတိုင်း စာချုပ်အသစ် ပြန်ချုပ်ဖို့ လိုအပ်ပါတယ်။ ချုပ်ဆိုမှုမလုပ်ဘဲ ဖျက်သိမ်းလိုက်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ပျက်ခဲ့ရပါတယ်” ဟု ဦးတင်ဝင်းက ပြောကြားသည်။
လက်ရှိအစိုးရအနေဖြင့် မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် NYDC ကို ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ဘီလျံ ၇၀၊ City Bank တွင်ရင်းနှီးမြှုပ်နှံရန် ၆၄ ဘီလျံအား လွှတ်တော်၌ တင်ပြတောင်းခံခဲ့သဖြင့် လွှတ်တော်အနေဖြင့် အတည်ပြုပေးခဲ့ကြောင်း၊ ၆၄ ဘီလျံထဲမှ ၁၀ ဘီလျံအား NYDC ၌ ရင်းနှီးမြှုပ်နှံမှုအဖြစ် သုံးစွဲထားကြောင်း ဦးတင်ဝင်းက ပြောကြားသည်။
“NYDC က ယနေ့အချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ ဟိုတလောက CCCC နဲ့ စာချုပ်ချုပ်ဆို လိုက်တာကို ကြားလိုက်တယ်။ ကျွန်တော့်အနေနဲ့ကတော့ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့အတွက် စာရင်းစစ်ချုပ် အစီရင်ခံစာအတိုင်း ပြောခြင်းဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာအရဆိုရင် မြို့သစ်စီမံကိန်းကို အကောင်အထည် မဖော်နိုင်ဘဲနဲ့ အုပ်ချုပ်မှုစရိတ် ၇၈၉ ဒသမ ၃၂၅ သန်းကို အသုံးပြုထားတာ တွေ့ရတယ်။ အမြတ်မရပဲ။ အဲဒီတော့ ပြည်သူ့ငွေစာရင်း ကော်မတီအနေနဲ့ ခေါ်ယူဆွေးနွေးတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဘာပြောလဲဆိုရင် CCCC နဲ့ ပဏာမ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်နေတာကို သိရပါတယ်။ ၂၀၁၇ မှာရော ၂၀၁၈ မှာရော လွှတ်တော်ကိုတင်ပြတဲ့ စီမံကိန်းတွေမှာ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ ယခင်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းကို ဖျက်သိမ်းလိုက်တဲ့အတွက် လက်ရှိ အစိုးရ အကောင်အထည်ဖော်မယ့် စီမံကိန်းပုံစံက မတူတော့ဘူး။ ရင်းနှီးမြှုပ်နှံသူလည်း ပြောင်းလဲသွားပြီ ဖြစ်တဲ့အတွက် ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော်ကို ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ အသေးစိတ် တင်ပြဖို့လိုမယ် ဆိုတာကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်” ဟု ဦးတင်ဝင်းက ပြောကြားသည်။
ယခုကဲ့သို့ အကြိမ်ကြိမ်ဆွေးနွေးခဲ့မှု အပေါ်တွင် တိုင်းဒေသကြီးအစိုးရ အနေဖြင့် လွှတ်တော်သို့ တင်ပြခြင်းမရှိဘဲ ယခင်လွှတ်တော်မှ အတည်ပြုထားသည်ကို စွဲကိုင်ကာ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ပေါ်တွင် ထားရှိသည့် စေတနာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို ဆောင်ရွက်ခြင်ကြောင်း၊ လွှတ်တော်သို့ တင်ပြပါက ဖြစ်သင့်သည့် ကိစ္စများကို ဆွေးနွေးကာ အတည်ပြု ပေးရမည်ဖြစ်ကြောင်း ဦးတင်ဝင်းက ပြောကြားသည်။
“ကျွန်တော်က အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပေမယ့် ပြည်သူအတွက် တကယ်ထိရောက်တဲ့ စီမံကိန်းတွေဆို ကန့်လန့်မတိုက်ပါဘူး။ အများစုက လက်ရှိအာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ လွှတ်တော်ကို ဘယ်စီမံကိန်းမှ တင်ပြတာ မရှိပါဘူး” ဟု ဦးတင်ဝင်းက ပြောကြားသည်။
မထသမှ YBS သို့ ပြောင်းလဲရာတွင်လည်း လွှတ်တော်မှ သိရှိခဲ့ခြင်း မရှိကြောင်း၊ လွှတ်တော်သို့တင်ပြပြီး လွှတ်တော်နှင့် ဆွေးနွေးပြီးမှသာ ဆောင်ရွက်သင့်သည်ဟု မြင်ကြောင်း၊ သို့သော်လည်း ခရီးစဉ်ပြောင်းလဲရန် အချိန်တစ်ပတ် အလိုမှသာ လွှတ်တော်သို့ အသိပေးကြောင်း၊ ပြောင်းလဲမည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ် အားလုံးက ပူပေါင်းဆောင်ရွက်ကြကြောင်း၊ ကျောင်းကားကိစ္စတွင်လည်း မထသထံမှ လွှဲပြောင်းရရှိသည့်ငွေမှ ကျပ် ၅ ဘီလျံအား ကျောင်းကားဝယ်ယူရန် ဆောင်ရွက်ကြောင်း၊ ငါးဘီလျံနှင့် မလောက်သည့်အတွက် ကမ္ဘောဇဘဏ်မှ ၅ ဒသမ ၅ ဘီလျံချေးငွေရယူပြီး ကိုရီးယားနိုင်ငံမှ ဒေဝူးကားများကို ကျောင်းကားအဖြစ် ဝယ်ယူခြင်းကို စာရင်းစစ်ချုပ် အစီရင်ခံစာရမှသာ သိရှိရကြောင်း၊ အဆိုပါ ကိစ္စတွင်လည်း ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းခြင်း၊ လွှတ်တော်သို့ တင်ပြခြင်း၊ လွှတ်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါက ယခုကဲ့သို့ အခြေအနေများ ရောက်ရှိမည် မဟုတ်ကြောင်း၊ ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာအရ မေးမြန်းရာတွင် ၁၀၇ စီး ကျောင်းကား ပြေးဆွဲနိုင်ပြီး ၉၃ စီးသည် ရပ်နားထားရကြောင်း၊ ဘဏ္ဍာရေးအရ ပြန်ကြည့်မည်ဆိုပါက ဆုံးရှုံးရသည့် အနေအထားဖြစ်ကြောင်း ဦးတင်ဝင်းက ပြောကြားသည်။















