COVID-19 ကြောင့် ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသိန်းကျော် အလုပ်လက်မဲ့ ဖြစ်နေကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
Migrants Working Group (MWG) ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း၏ စစ်တမ်းအရ ပြောခြင်းဖြစ်ကြောင်း ဦးထူးချစ်က ဆိုသည်။
ရန်ကုန်သတင်းစာ ပညာကျောင်းက ပြုလုပ်သည့် “COVID-19 ကပ်ရောဂါအတွင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ” Webinar တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
MWG ၏စစ်တမ်းတွင် ကိုဗစ်ကြောင့် ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ရွှေ့ပြောင်းအလုပ်သမား ငါးသိန်းကျော် အလုပ်လက်မဲ့ ဖြစ်သွားကြောင်း ဖော်ပြထားသည်။
“ရွှေ့ပြောင်းအလုပ်သမားများထဲမှာ မြန်မာတွေက သုံးပုံနှစ်ပုံ ရှိနေတာကြောင့် မြန်မာအလုပ်သမားတွေက အနည်းဆုံး အကြမ်းဖျင်း သုံးသိန်းလောက် အလုပ်ပြုတ်သွားပြီဆိုတာ ပြောလို့ရတယ်” ဟု ဦးထူးချစ်က ပြောသည်။
COVID-19 ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံများ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများတွင် အဓိက လုပ်ကိုင်နေကြသည့်အတွက် အလုပ်လက်မဲ့ ဖြစ်သွားခြင်း ဖြစ်သည်။
ထိုသို့ အလုပ်ပြုတ်များသူများတွင် လုံးဝအလုပ်ပြုတ်သူများ၊ အလုပ်ချိန် အလျော့ခံရသူများ၊ အလုပ်ပြန်ဖွင့်မည့် အချိန်အား စောင့်နေကြသူများနှင့် အထောက်အထားမဲ့ အလုပ်ပြုတ်သူများဟူ၍ အခြေအနေများ ရှိနေကြောင်း သိရသည်။
“အလုပ်ပြုတ်သူတွေထဲမှာ ဘာအထောက်အထားမှ မရှိတဲ့သူတွေက ပိုပြီးတော့ များသလို အဲဒီအလုပ်သမားတွေက ပိုပြီးတော့ အထိနာတယ်ဆိုတာ ကျွန်တော်တို့ မှန်းဆလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများတချို့သည် မသမာသည့် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ မတရားလုပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရသင့်ရထိုက်သည့် လုပ်အားခများ လျော်ကြေးများ မရှိသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ဦးထူးချစ်က ပြောသည်။ ထို့ကြောင့် ထိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် စာရင်းပေးသွင်းသူ သုံးသောင်းကျော်ရှိကြောင်း သိရသည်။
မတ်လကလည်း ထိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ခုနှစ်သောင်းမှ တစ်သိန်းကြား ပြန်လည်ဝင်ရောက်ခဲ့ကြောင်း ဦးထူးချစ်က ခန့်မှန်းသည်။















