မြိတ်မြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချရန် ဆောင်ရွက်နေသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၅၀၀ ကျော်ရှိနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်အတိုင်း လိုက်နာဆောင်ရွက်မှသာလျှင် ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မြိတ်မြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များက စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် တာဝန်ရှိသူများ စီစဉ်နေပြီး စားသောက်ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်နေသည်။
COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ၁၈- ၅ -၂၀၂၀ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ကြေညာစာတွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့်အချက်များ ပါဝင်ပြီး အဆိုပါ စည်းကမ်းများအတိုင်း လိုက်နာမည့်ဆိုင်များကို စိစစ်ပြီး ပြန်လည် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
“ဆိုင်ထိုင်စနစ်နှင့် စားသုံးနိုင်ဖို့ ဒီနေ့ စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနှင့် သက်ဆိုင်ရာ လုပ်ငန်းရှင်တို့ ပုလဲရတနာခန်းမမှာ တွေ့ဆုံညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ဆိုင်မှာ ဝင်ရောက်စားသုံးတဲ့အခါမှာ စားသောက်ပိုင်ရှင်တွေအနေနှင့် ဆိုင်မှာ လူငါးဦးထက်မပိုတဲ့ စားပွဲတွေနှင့် ခင်းကျင်းရပါ့မယ်။ စားပွဲမှာလည်း တစ်ယောက်နှင့် တစ်ယောက် အမှုန်အမွှားတွေ လွင့်စင်ခြင်း မရှိစေဖို့ ကာရန်ထားရမယ်။ ဆိုင်ထဲကို မဝင်ခင် မှာလည်း Face Mask တွေ Face Shield တွေ တပ်ဆင်ပြီးမှ ဝင်ရောက်စေရမှာ ဖြစ်တယ်။ တစ်ကယ်လို့ စားသုံးသူတွေက Mask တွေ Face Shield တွေ မတပ်ဆင်လာဘူးဆိုရင် အဆင်သင့် ရောင်းချနိုင်ဖို့ စားသောက်ပိုင်ရှင်တွေက စီစဉ်ထားရပါ့မယ်။ ကျွန်တော်တို့ ကွင်းဆင်း စိစစ်ပြီးမှ စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ဖို့ ခွင့်ပြုချက်ချထားပေးမှာ ဖြစ်ပါတယ်။ ဆိုင်ထိုင်စနစ်နှင့်ပြန်ပြီး ရောင်းချလိုတဲ့ ဆိုင်တွေက စုစုပေါင်း ၅၀၀ ကျော် ရှိပါတယ်။ ကျွန်တော်တို့ကလည်း စနစ်တကျ ရောင်းချနိုင်ဖို့ စိစစ်ပြီးမှ ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။ စည်းကမ်းအတိုင်း မလိုက်နာတဲ့ ဆိုင်တွေကို ညွှန်ကြားချက်မှာ ပါတဲ့အတိုင်း ပထမအကြိမ် သတိပေးမှာ ဖြစ်တယ်။ဒုတိယအကြိမ်ကျရင် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၇၁ အရ ဒဏ်ငွေ ငါးသောင်းမှ ငါးသိန်းအထိ တပ်မှာပါ။ တတိယအကြိမ် ဖောက်ဖျက်ကျူးလွန်ရင် ဆိုင်ကို ၁၅ ရက် ပိတ်သိမ်းမှာပါ။ ပြန်ဖွင့်ချင်တယ်ဆိုရင် စည်ကမ်းချက်အတိုင်း ဆောင်ရွက်ထားပြီ ဖြစ်ကြောင်း တင်ပြရမယ်။ ကျွန်တော်တို့က စိစစ်ပြီးမှ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်”ဟု မြိတ်ခရိုင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောကြားသည်။
စည်းကမ်းချက်များတွင် စားသောက်ဆိုင်များ ပြင်ဆင်ထားရှိရမည့် အချက် ၁၁ ချက်၊ စားသောက်ဆိုင် တာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်နာရမည့်အချက် ၁၁ ချက်၊ စားသုံးသူများ လိုက်နာရမည့်အချက် ရှစ်ချက် နှင့် အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်း လေးချက် ပါဝင်ကြောင်း သိရသည်။
“ကျွန်တော်တို့ စည်းကမ်းတွေ ဖတ်ကြည့်တဲ့အခါမှာ လုပ်နိုင်တဲ့အရာတွေ ရှိသလို မလုပ်နိုင်ဘဲ အခက်အခဲ ဖြစ်နေတဲ့ အရာလေးတွေလည်း ရှိ ပါတယ်။ စားသောက်ဆိုင်ကြီးတွေ ဖွင့်မယ့်ပုံစံကိုလည်း အခြေအနေကြည့်ပြီးမှ ဖွင့်မယ် မဖွင့်ဘူးဆိုတာ စဉ်းစားပါ့မယ်။ ဖွင့်ဖို့တော့အတွက် ဆိုင်မှာ ပြင်ဆင်ရမယ့် အပိုင်းလေးတွေကိုတော့ လုပ်နေပါတယ်။ COVID-19 စဖြစ်တော့ မြိတ်မြို့မှာ မတ်လ ၂၉ ရက်နေ့မှာ ညွှန်ကြားချက် ရောက်လာတယ်။ မတ်လ ၃၀ ရက်မှာ ဆိုင်တွေ ပိတ်လိုက်ရတယ်။ အလုပ်သမားတွေကို ပြန်လွှတ်လိုက်ရတယ်။ ဆိုင်တွေ ဖွင့်မယ်ဆိုတော ့အခက်အခဲက ဝန်ထမ်းတွေ ပြန်ရှာရမယ်။ နယ်တွေကို ပြန်လွှတ်လိုက်ရတယ်။ ကျွန်တော်တို့ ဖွင့်မယ်ဆိုရင်လည်း ပြင်ဆင်ပြီးတာနှင့် စည်ပင်ကို လျှောက်လွှာတင်ပြီး အကြောင်းကြားရမယ်။ သူတို့ လာရောက် စစ်ဆေးမယ်။ အထက်ကို တင်ပြပြီး ခွင့်ပြုမိန့်ရရင် ဖွင့်လို့ရပြီလို့ ပြောထားပါတယ်။ တစ်နိုင်ငံလုံး အနေအထားနှင့်ဖြစ်နေတော့ ကျွန်တော်တို့လည်း အများနည်းတူ လိုက်လံ ဆောင်ရွက်ရမှာပေါ့။ အခက်အခဲတော့ ရှိပါတယ် ” ဟု မြိတ်မြို့၊ရေကန်ပေါင်မှ ပွင့်ကောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းအတွင်း COVID-19 Positive တွေ့ရှိသူ တစ်ဦး ရှိထားသော်လည်း မြိတ်နှင့် ကော့သောင်းမြို့များတွင် ရောဂါကင်းစင်နေဆဲ အခြေအနေတွင် ရှိနေကြောင်း သိရသည်။
“ကျန်းမာရေးဝန်ကြီးဌာနက ၁၈ ရက် ၅ လပိုင်းက ထုတ်ပြန်ထားတဲ့အတိုင်း Guide Line အတိုင်း ညွှန်ကြားထားပြီးသားပါ။ အဲဒီအတိုင်း စစ်ဆေး ဆောင်ရွက်ပေးပြီး ဖွင့်လှစ်ဖို့ သင့် မသင့် လုပ်ဆောင်မှာပါ။ အဲဒီလို လုပ်ဆောင်ရာမှာ ပါဆယ်စနစ်ကတော့ အရင်အတိုင်း သွားနေပြီးသား ဆိုင်ထိုင်ရောင်းချဖို့ လုပ်ဆောင်နေတဲ့ ဆိုင်တွေကသာ ဒီအချက်ကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်ရမှာပါ။ ပုံမှန်အတိုင်း ပါဆယ်စနစ်နှင့် ရောင်းချနေတဲ့ ဆိုင်တွေကတော့ လက်ဆေးရမယ်၊ Hand Gel တွေ ထားပေးရမယ်၊ Mask တပ်ရမယ် ဒါလေးတွေဆိုရင် လုံလောက်ပါပြီ။ မဖွင့်ခင်မှာ ကျွန်တော်တို့ စစ်ဆေးမယ်ပြီးရင်လည်း ဖွင့်နေဆဲ ကာလမှာလည်း ရှောင်တခင် ဝင်စစ်ဦးမယ်။ ကမ္ဘာနှင့်အဝန်း ဖြစ်နေတဲ့ရောဂါ ဖြစ်တဲ့အတွက် ပိတ်ထားရတဲ့ ဆိုင်တွေလည်း ရှိတယ်။ အဲဒီလိုဖြစ်နေတော့ ဆိုင်ပိုင်ရှင်တွေက သူတို့မှာ အခက်အခဲ ဖြစ်လာနေတယ်။ ပါဆယ်စနစ်ဖြစ်တဲ့အတွက် ပုံမှန်စားသုံးသူတွေက အရမ်းနည်းပါးသွားတယ်။ ဆိုင်မှာ လူဝင် နည်းသွားတယ်။ ဒါကို ကျွန်တော်တို့ဌာနက ပြန်ပြီး ဖြေလျော့ပေးတဲ့အနေနှင့် ဘယ်လိုဆိုင်တွေကတော့ ဖွင့်လို့ရပြီ ဖွင့်လို့ရတဲ့ ဆိုင်တွေကတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း စနစ်တကျ လုပ်ဆောင်ထားစေချင်တယ်။ တချို့ဆိုင်ငယ်လေး၊ လမ်းဘေးဆိုင်တွေ၊ လမ်းထိပ်ဆိုင်လေးတွေ ကတော့ ဒီလိုစနစ်အတိုင်းသွားဖို့ အခက်အခဲဖြစ်နေရင် ပါဆယ်စနစ်နှင့် ရောင်းပါလို့ ကျွန်တော်က တောင်းဆို မေတ္တာရပ်ခံချင်ပါတယ်” ဟု မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်ကိုအောင်က ပြောကြားသည်။















