မူးယစ်ဆေးဝါးကြောင့် တစ်ခန်းရပ်သွားသည့် ကောင်းခါးပြည်သူ့စစ်အဖွဲ့

မူးယစ်ဆေးဝါးကြောင့် တစ်ခန်းရပ်သွားသည့် ကောင်းခါးပြည်သူ့စစ်အဖွဲ့
ကောင်းခါးကျေးရွာနှင့် လွယ်ခမ်းကျေးရွာ စစ်ဆင်ရေးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို တွေ့ရစဉ်
ကောင်းခါးကျေးရွာနှင့် လွယ်ခမ်းကျေးရွာ စစ်ဆင်ရေးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို တွေ့ရစဉ်
Published 24 May 2020
ဇော်မင်းနိုင်

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂၆ ရက်အတွင်း ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်က စံချိန်တင် မူးယစ်ဆေးဝါးဖမ်းဆီးရ မိခဲ့သည်။

တစ်လနီးပါးပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းတွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ လွယ်ခမ်ကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများကို ပူးပေါင်းအဖွဲ့များက ပိုက်စိပ်တိုက်ရှာဖွေရာတွင် ကျပ်ဘီလျံ ၃၉၀ နီးပါးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးမျိုးစုံ၊ ဘိန်းဖြူ၊ ICE ၊ ဘိန်းဆီခဲ၊ ဘိန်းဖြူခဲ၊ ဘိန်းညို စသည့် မူးယစ်ဆေးဝါးများအပြင် ဆေးပြားရိုက်စက်၊ ဓာတုဗေဒပစ္စည်းများ၊ ဆေးပြားမွှေစက် အစရှိသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်။

တပ်မတော်၊ ရဲ စသည့် ပူးပေါင်းအဖွဲ့များဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၁ ရက်အထိ လွယ်ခမ်ကျေးရွာရှိ အိမ်ခြေ ၃၃၃ လုံးအနက် နေအိမ် ၂၆၆ လုံးကို ရှာဖွေစစ်ဆေးခဲ့ရာမှ နေအိမ် ၂၉ လုံးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကောင်းခါးကျေးရွာနှင့် လွယ်ခမ်းကျေးရွာ စစ်ဆင်ရေးတွင်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်း စုစုပေါင်းမှာ ၃၀၀ ကျော်ရှိခဲ့သည်။

ယင်းဒေသကို ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက် စက်တင်ဘာ ၁၂ ရက်နှင့် အောက်တိုဘာ ၁၅ ရက်များ တွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ၂၈ ရက်အထိလည်းကောင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးများကိုလည်း လုပ်ကိုင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအကြိမ်ဖမ်းဆီးရမိမှုမှာ စံချိန်တင်ဖမ်းဆီးရမိမှုဟု ဆိုရမည်ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရေးစီမံချက်တွင် ရဲတပ်ဖွဲ့မှ အင်အား ၃၀၀ ခန့်ကို ယင်းဒေသသို့ အမြန်ပို့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၄၄ ကြိမ်အထိ ရှိခဲ့သည်။

ယင်းအပြင် မူးယစ်ဆေးဝါးများသာမက လက်နက်မျိုးစုံ ၇၃ လက်နှင့် ယာဉ်မျိုးစုံ ၂၂ စီးကို သိမ်းဆည်းရမိခဲ့သည်။

လက်နက်မှု တစ်မှု၊ မူးယစ်ဆေးဝါးမှု ၅၂ မှု၊ ဖမ်းဆီးရမိသည့် တရားခံအမျိုးသား ၂၈ ဦး၊ အမျိုးသမီး လေးဦးဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် တရားခံများမှာ အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး နှစ်ဦး၊ စုံစမ်းဆဲ ရှစ်ဦးရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု စံချိန်တင်ဖြစ်ပွားခဲ့သည့် နေရာမှာ လွယ်ခမ်း (ဌာနေ) ပြည်သူ့စစ်ထိန်းချုပ်ထားသည့် နေရာများဖြစ်ပြီး လွယ်ခမ်း (ဌာနေ) ပြည်သူ့စစ်အဖွဲ့မှာ ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့၏ လက်အောက်ခံအဖွဲ့ဖြစ်သည်။ ကောင်းခါးပြည်သူ့စစ်များ ထိန်းချုပ်ထားသည့်နေရာဖြစ်ပြီး စံချိန်တင် ဖမ်းဆီးရမိမှုအပြီးတွင် ကောင်းခါးပြည်သူ့စစ်မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ ပါဝင်ပတ်သက်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုအပြီး မတ် ၂၅ ရက်တွင် ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင်အချို့ကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးမေးမြန်းခဲ့သည်။

 

ကောင်းခါးပြည်သူ့စစ်ဆိုတာ ဘယ်လိုအဖွဲ့အစည်းလဲ

ကောင်းခါးပြည်သူ့စစ်အဖွဲ့မှာ ၁၉၆၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကချင်လွတ်မြောက်ရေး အစည်းအရုံး (KIO) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထံ မှ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ခွဲထွက်လာခဲ့ခြင်းဖြစ်သည်။

KIA တပ်မဟာ (၄) နှင့် လက်အောက်ခံ တပ်ရင်းအချို့ဖြစ်ပြီး ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ အစိုးရ) လက်ထက်တွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီး ဦးမထုနော် ခေါင်းဆောင်ကာ အင်အား နှစ်ထောင်၊ လက်နက်မျိုးစုံ ၂၀၀၉ လက် ပါရှိခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၅)၊ ကချင်တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA) အဖြစ် ကွတ်ခိုင်မြို့နယ်အတွင်း နေရာချထားပေးခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

KDA အဖွဲ့မှာ ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းရန် အင်အား ၈၅၀၊ လက်နက်အင်အား ၉၆၁ လက်ဖြင့် နာယကအဖွဲ့ ၁၁ ဖွဲ့နှင့် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းရန် တပ်မတော်သို့ တင်ပြခဲ့ရာတွင် အမာခံအင်အား ၂၉၀၊ အရံအင်အား ၅၆၀ စုစုပေါင်း ၈၅၀၊ လက်နက်ကြီး/ ငယ် ၁၁၀၈ လက်ဖြင့် ကောင်းခါးပြည်သူ့စစ်အဖြစ် ၂၀၀၉ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ကောင်းခါးပြည်သူ့စစ် (ဌာန) အဖွဲ့တွင် ကောင်းခါးကြီးကြပ်ရေး၊ ကောင်းခါး(၁)၊ ကောင်းခါး(၂)၊ ကောင်းခါး(၃)၊ ဟိုဖျက်၊ လွယ်ခမ်၊ ကာလိုင်၊ မန်ယုံမော်၊ မန်လင်၊ ဟိုခိုနှင့် မန်မတ် စသည့်အဖွဲ့ ၁၁ ဖွဲ့ရှိသည်။ မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိမှုတွင် ပါဝင်ပတ်သက်ခဲ့သည့်အဖွဲ့မှာ ကောင်းခါးပြည်သူ့ စစ်လက်အောက်ခံ လွယ်ခမ်အဖွဲ့ ဖြစ်သည်။

ကောင်းခါး ပြည်သူ့စစ်မှာ တပ်မတော်နှင့်အတူ စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေအနေများလည်း ရှိသည်ဟု သိရသည်။

အနီးစပ်ဆုံးဖြစ်သည့် ၂၀၁၉ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ရှေ့တန်းအမှတ် (၂၉၀) ခြေလျင်တပ်ရင်းမှ စုရုံး ၁ စိတ်နှင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ ဦးလီတာဖ ဦးစီးအင်အား ၂၂ ဦး ပူးပေါင်းပြီး နမ့်ခိုင်ယာယီခြေကုပ်စခန်း၌ တာဝန်ထမ်းဆောင်နေစဉ် MNDAA/TNLA အဖွဲ့နှင့်လည်းကောင်း၊ သြဂုတ် ၁၉ ရက်တွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ကောင်းခါးပြည်သူ့စစ်အဖွဲ့မှာ ဒေသတွင်း ရေအားလျှပ်စစ်စက်ရုံ နှစ်ရုံ၊ အခြေခံပညာစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းများ ဆောက်လုပ်လှူဒါန်းခဲ့သည်ဟုလည်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် စံချိန်တင်မူးယစ်ဆေးဝါ ဖမ်းဆီးရမိမှုအပြီးတွင် ရှမ်းပြည်မြောက်ပိုင်းတွင် အင်အားတောင့်တင်းသည့် ပြည်သူ့စစ်အဖွဲ့များတွင် တခုအပါအဝင်ဖြစ်သည့် ကောင်းခါး ပြည်သူ့စစ်မှာ မတ်လလကုန်ပိုင်းတွင် ချုပ်ငြိမ်းသွားခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးကွင်းဆက်များကြောင့် တပ်မတော်လက်အောက်ခံအဖြစ် ဖွဲ့စည်းထားသည့် ကောင်းခါးပြည်သူ့စစ်မှာ ဖွဲ့စည်းပြီး ဆယ်စုနှစ်တစ်ခုအကြာတွင် ဖျက်သိမ်းခဲ့ရပြီ ဖြစ်သည်။

မတ် ၂၉ ရက်တွင် ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ လက်နက်မျိုးစုံ ၁၈၅၈ လက်၊ ကျည်မျိုးစုံ ၅၀၈၉၃၇ တောင့်၊ ဗုံးသီး၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၀၉၅ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများကို တပ်မတော်ထံ အပ်နှံခဲ့သည်။

ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့အနေဖြင့် သာမန်အရပ်သားအနေဖြင့်သာ ရေရှည်တွင် တရားဝင်စီးပွားရေး လုပ်ငန်းများအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံး ထူထောင်လုပ်ကိုင် ဆောင်ရွက်လိုခြင်း၊ ရှိပြီး ကုမ္ပဏီများဖြင့် နိုင်ငံတော်မှ ခွင့်ပြုသည့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုများကြောင့် ကောင်းခါးပြည်သူ့စစ် မတိုင်မီကလည်း ပြည်သူ့စစ်အဖွဲ့အချို့မှာ ဖျက်သိမ်းခံရခြင်းများလည်းရှိသည်ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ကောင်းခါးပြည်သူ့စစ်အဖွဲ့မှာလည်း အဖွဲ့၏ အလယ်အလတ် ခေါင်းဆောင်အချို့ကိုလည်း အမှုဖွင့်အရေးယူနေသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

 

ကောင်းခါးနှင့် AA ဆက်စပ်မှုရှိလား

ဧပြီ ၂၁ ရက်တွင် နိုင်ငံတကာ စစ်ရေးစာစောင်တစ်ခုဖြစ်သည့် ဗြိတိန်အခြေစိုက် Jame’s Defense Weekly စာစောင်က စာတမ်းတစ်ခုကို ရေးသားဖော်ပြခဲ့သည်။

ယင်းစစ်တမ်းမှာ ‘New Strategy to address escalating insugency in western Myanmar Leaves military locked into conflict’ အမည်ရှိ စာတမ်းဖြစ်ပြီး ယင်းစာတမ်းတွင် လက်နက်အပ်နှံလိုက်သည့် ကောင်းခါး ပြည်သူ့စစ်အဖွဲ့နှင့် AA တို့ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ဆက်စပ်မှုရှိကြောင်း ဖော်ပြထားသည်။

ယင်းစာတမ်းတွင် AA အဖွဲ့မှာ ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကိုဝယ်ယူကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်သွင်းခြင်းဖြင့်် အကျိုးအမြတ်များ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းမတိုင်မီကလည်း တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စံချိန်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ AA အဖွဲ့နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ပြောဆိုခဲ့ဖူးသည်။

မေ ၂၃ ရက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဗုုိလ်မှူးချုပ် ဇော်မင်းထွန်းက ထပ်မံပြောဆိုခဲ့သည်။

“ဆက်စပ်တဲ့ လမ်းကြောင်းရှိတယ်လို့ အခိုင်အမာပြောနိုင်တယ်။ ဆက်စပ်တဲ့ လမ်းကြောင်းလည်း ရှိတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တိကျသည့် သတင်းအချက်အလက်များ ထပ်မံရရှိရန်နှင့် ဖော်ထုတ်စုံစမ်းမှုများကို ဆောင်ရွက်နေသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

AA အဖွဲ့မှာ ရခိုင်လူမျိုးများအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စသည့် လိုလားချက်များကြောင့် လက်နက်ကိုင်တော်လှန်နေသည့် အဖွဲ့အစည်းဟု ဆိုသော်လည်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

AA အဖွဲ့အား မတ် ၂၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မတရားအသင်းဟု ထုတ်ပြန်ကြေညာထားပြီး တစ်ဆက်တည်းမှာပင် ပြည်ထဲရေးဝန်ကြီးဌာနကလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

ယင်းသို့ သတင်းများ ထွက်ပေါ်လာမှုနှင့်ပတ်သက်ပြီး AA အဖွဲ့သို့ မေးမြန်းရန်အတွက်မူ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းကြောင့် မေးမြန်းရန် မလိုအပ်ခဲ့ချေ။

ရှမ်းပြည်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ ရှိနေခြင်းကြောင့် တပ်မတော်အနေဖြင့် ၁၉၇၅ ခုနှစ်တွင် ပထမဆုံးဘိန်း တိုက်ဖျက်မှုစစ်ဆင်ရေးမှာ ပန်ပိစစ်ဆင်ရေးဖြင့် စတင်ခဲ့သည်။ အကြီးမားဆုံး စစ်ဆင်ရေးမှာ မိုးဟိန်းစစ်ဆင်ရေး အဆင့် (၁) မှအဆင့် (၁၂)  ဖြစ်ပြီး ၁၉၇၆ ခုနှစ် ဧပြီ ၂၆ ရက်မှ ၁၉၈၈ ခုနှစ် ဧပြီ ၁၁ ရက်အထိ ဆင်နွှဲခဲ့ကာ ၆၉ ဦးကျဆုံးပြီး ၄၅၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးများ ပြုလုပ်ခဲ့သော်လည်း မူးယစ်ဆေးဝါးလုပ်ငန်းများမှာ ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် ဆယ်စုနှစ်တစ်ခုသာ သက်တမ်းရှိသေးသည့် AA အဖွဲ့၏ ဘဏ္ဍာရေးထောက်ပံ့မှုလမ်းကြောင်းမှာ မူးယစ်ဆေးဝါးပင်ဖြစ်နေသေးသည်ဟု သတင်းများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

Most Read

Most Recent