သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို MAI လေကြောင်းလိုင်းဖြင့် ဒုတိယအကြိမ် ထပ်မံခေါ်ဆောင်ခဲ့

သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို MAI လေကြောင်းလိုင်းဖြင့် ဒုတိယအကြိမ် ထပ်မံခေါ်ဆောင်ခဲ့
Published 16 May 2020
မင်းလတ်

သီရိလင်္ကာ နိုင်ငံတွင် သွားရောက် ပညာသင်ကြားနေသော မြန်မာရဟန်းတော်များနှင့်လူပုဂ္ဂိုလ်များကို MAI မှ စင်းလုံးငှား လေယာဉ်ဖြင့် မေ ၁၆ ရက်တွင် ဒုတိယအကြိမ် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း စစ်ကိုင်းတောင်ရိုး သီတဂူ အပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်မှ သိရသည်။

သီတဂူ ဆရာတော်ကြီး၏ စီစဉ်မှုဖြင့် သီရိလင်္ကာနိုင်ငံရှိ မြန်မာရဟန်းတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ကိုလံဘို အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၁၆ ရက်တွင် Myanmar Airways International မှ Repatriation Flight ဖြင့် ပြန်လည်ခေါ်ဆောင်ရန် မြန်မာ နိုင်ငံအစိုးရနှင့်သီရိလင်္ကာနိုင်ငံအစိုးရတို့အကြား ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူသွားမှှုကို သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ခေါ်ယူခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့ရှိ မြန်မာ ရဟန်းတော်များကို တစ်ပြိုင်တည်း ပြန်လည်ပင့်ဆောင်ခေါ်ယူရန် ယခင်က စီစဉ်ခဲ့သော်လည်း နေရာအခက်အခဲရှိခဲ့သဖြင့် အိန္ဒိယနိုင်ငံသို့ သွားရောက်ပညာသင်ကြားနေသည့် မြန်မာ ရဟန်းတော်များကိုသာ ပထမအသုတ်ဖြင့် ပြန်လည်ပင့်ဆောင်ခေါ်ယူခဲ့ပြိး ယခုအခါ ဒုတိယအကြိမ်အဖြစ် သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာ ရဟန်းတော်များနင့် လူပုဂ္ဂိုလ်များကို ပြန်လည်ခေါ်ယူရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရပါသည်။

"ယနေ့ ညနေပိုင်း ခြောက်နာရီခွဲလောက် ရောက်မယ် ။ သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတအကယ်ဒမီ မှာပဲထားမယ် ။ ပထမအကြိမ်အဖြစ် အိန္ဒိယက ရောက်နေတဲ့ သံဃာတော် တွေ က ၁၃ ရက်နေ့ က ထွက်ကြတော့ အခန်းတွေ သန့်ရှင်းရေး ပြန်လုပ်နေရတာ ရောက်မှာက ရဟန်းသံဃာ သီလရှင် လူပုဂ္ဂုလ် က တစ်ရာကျော် ဆိုတော့ အခုထိ စီစဉ် နေရတုန်း ပါပဲ ။ ရဟန်းသံဃာ အပါး ၁၃၀ ။ လူပုဂ္ဂိုလ် ၃၇ ဦး စုစုပေါင်း ၁၆၇ ဦး တို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် နှင့် သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်များတွင် Facility Quarentine ဝင်ရောက်ကြမယ်" လို့ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်မှ အုပ်ချုပ်ရေးဆရာတော် ဒေါက်တာအရှင် သုန္ဒရမှ မြွတ်ကြားသည်။

သီရိလင်္ကာနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသော မြန်မာနိုင်ငံမှ သံဃာတော် အပါး ၁၃၀ နှင့် လူပုဂ္ဂိုလ် ၃၇ ဦးတို့သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီးနောက် စစ်ကိုင်းမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ဝိပဿနာတက္ကသိုလ်ရှိ ယောဂီဆောင်များတွင် Quarantine ၂၁ ရက် သီတင်းသုံး နေထိုင်ခြင်း၊ ထို့နောက် မိမိတို့၏ ဘုန်းတော်ကြီးကျောင်း/နေအိမ်၌ ၇ ရက် သီခြားနေထိုင် စောင့်ကြည့်ခြင်း (Home Quarantine) စုစုပေါင်း ၂၈ ရက်ကို မဖြစ်မနေ တိကျစွာ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသော မြန်မာနိုင်ငံမှ သံဃာတော် အပါး ၂၁၀ ၊သီလရှင် ခြောက်ပါး နှင့် လူပုဂ္ဂိုလ် ၄၂ ဦးတို့သည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် နှင့် သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်များတွင် Facility Quarentine ဝင်နေပြီးQuarentine ရက် ပြည့်ပြီဖြစ်၍ နေရပ်သို့ မေ ၁၄ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး Quarantine ဝင်နေခဲ့သည့် သံဃာ၊သီလရှင် နှင့် လူပုဂ္ဂိုလ်အပါအဝင်ဦးရေ ၂၅၀ ကျော်အနက် အမျိုးသားတစ်ဦးတွင်သာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ယင်း Covid -19 ပိုးတွေ့ လူနာကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စစ်ကိုင်းခုတင်၂ဝဝဆံ ဆေးရုံသို့ပြောင်းရွှေ့ထားကြောင်း သိရသည်။

 

Most Read

Most Recent