မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းအချို့နှင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီး

မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းအချို့နှင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီး
Published 7 May 2020
အောင်ကျော်မျိုး (ဟင်္သာတ)

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့တွင် မေလ ၆ ရက်နေ့၊ ညနေပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းအချို့နှင့် လူနေအိမ် (၁၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မြန်အောင်မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃ လုံး အမိုးလန် ပျက်စီးခဲ့ပြီးတော့ စုစုပေါင်း လူဦးရေ ၉ ဦး လေဘေးသင့်ခဲ့ပါတယ်။ ကြံခင်းမြို့နယ်မှာတော့ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅) အုပ်စု၊ ကျေးရွာခွဲ (၂၀) မှာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၅) လုံး ပြိုကျပျက်စီးပြီးတော့ တစ်စိတ်တစ်ပိုင်း အမိုးလန်တဲ့ လူနေအိမ် ၁၀၇ လုံးရှိခဲ့ပါတယ်။ သာသနိက အဆောက်အဦးအနေနဲ့ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းမှာ အမိုးလန် ပျက်စီးခဲ့ပါတယ်။ အခြားအဆောက်အဦး ၅ လုံး ပျက်စီးခဲ့ပါတယ်။ ဒီအခြား အဆောက်အဦးထဲမှာ ဆိုရင်တော့ စာသင်ကျောင်းနှစ်ကျောင်း ပါဝင်ခဲ့ပါတယ်။ စာသင်ကျောင်း တစ်ကျောင်းကတော့ အမိုးလန်ပျက်စီးခဲ့ပြီး အခြားစာသင်ကျောင်း တစ်ကျောင်းကတော့ အမိုးလန်တာတွေ ဒိုင်းမြှားပျက်စီးတာတွေ၊ အုတ်တံတိုင်း ပျက်စီးတာတွေ ရှိခဲ့ပါတယ်” ဟု ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ထိုက်က အတည်ပြု ပြောကြားသည်။

အဆိုပါ လေပြင်းဘေး ဖြစ်စဉ်တွင် ထိခိုက်မှု များပြားခဲ့သည့် ကြံခင်းမြို့နယ်၌ ဒဏ်ရာရလူနာနှစ်ဦး၊ လေဘေးသင့် လူဦးရေ ၄၂၉ ဦးထိရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

“မနေ့ကပဲ လေပြင်းတိုက်ခတ်ပြီးတဲ့ အချိန်အတွင်းမှာ ထိခိုက်မှုရှိတဲ့ ဒေသတွေကို ကျွန်တော်တို့ ကွင်းဆင်းခဲ့ပါတယ်။ စာရင်းဇယား တိကျစွာ ရရှိအောင် ကောက်ပါတယ်။ အိမ်ပြို သစ်ပင်ပိတဲ့အိမ်က ဆိုရင်တော့ မီးဖွားပြီးခါစ ၁၅ ရက်လောက်ပဲ ရှိသေးတဲ့ မိခင်နဲ့ကလေးက အရမ်းကြီး ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ကယ်တင်လိုက်နိုင်တယ်။ ခရိုင်လူကယ်ပြန်အဖွဲ့ ရောက်ရှိတာနဲ့ တစ်ပြိုင်နက် မြို့နယ်သဘာဝဘေး ကော်မတီလည်းရှိတော့ ပူးပေါင်းဆောင်ရွက်ပြီး ထောက်ပံ့မှုတွေ ပြုလုပ်နိုင်ဖို့ စီစဉ်ထားပါပြီ။ လောလောဆယ်မှာတော့ ကြံခင်းမြို့နယ်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီ၊ အရပ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ လေပြင်းတိုက်ခတ်ခဲ့တဲ့ ဒေသတွေမှာ သန့်ရှင်းရေး ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ကြံခင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောကြားသည်။

ကြံခင်းမြို့နယ်၌ လေပြင်းဘေးကြောင့် ထိခိုက်ပျက်စီးမှုများမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ် ကြုံတွေ့ခြင်းဖြစ်ပြီး ပထမအကြိမ် အနေဖြင့် ပြီးခဲ့သည့် မြန်မာနှစ်ဆန်း တစ်ရက်နေမှာ လူအိမ်ခြေ ၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent