COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း တရုတ်ပြည်တွင်းနှင့် မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်၊ ချင်းရွှေဟော်နှင့် မူဆယ်မြို့အနီးဝန်းကျင်တွင် အလုပ်သွားရောက် လုပ်ကိုင်ကြသည့် ရွှေ့ပြောင်း အလုပ်သမားများ မိမိနေရပ်များသို့ ပြန်လာကြသူဦးရေ အလွန်များပြားနေသည့်အပြင် မန္တလေး - ပြင်ဦးလွင် ပြည်ထောင်စုကားလမ်းမကြီး အနီးဝန်းကျင်၌ မန္တလေးဘက်သို့ ထွက်ခွာရန် ရောက်ရှိနေသူလူဦးရေ အလွန်များပြားနေသဖြင့် ဧပြီ ၂၉ ရက်က မူဆယ်နှင့် လောက်ကိုင် ၊ချင်းရွှေဟော်တို့ဘက်မှ လားရှိုးမြို့ရှောင်လမ်းသို့ ရောက်ရှိလာသည့် ယာဉ်များအား စိစစ်ပြီးမှ ဖြတ်သန်းခွင့် ပြုနေရကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ လားရှိုးမြို့ဒေသခံ ယာဉ်တွေဆိုရင် ဂိတ်ကနေ လွှတ်ပေးပါတယ်။ မန္တလေးဘက်ကို သွားမယ့်ကား ဆိုရင်တော့ ပြင်ဦးလွင်အနီး ဝက်ဝံက ဘောလုံးကွင်းထဲမှာ ကားတွေ အများကြီးပဲ ရောက်နေပါတယ်။ သူတို့ကိုလည်း မန္တလေးတိုင်းဒေသကြီးအစိုးရက သက်ဆိုင်ရာ ပြည်နယ်/တိုင်းတွေကို ပို့ရတာဖြစ်တော့ ဟိုမှာ မနိုင်တော့ဘူး။ ဟိုမှာ နေရပ်ပြန်သူတွေ များနေတဲ့အတွက် ဒီကနေ စိစစ်ပြီးတော့ ဆောင်ရွက်ပါဆိုတဲ့ ညွှန်ကြားချက်အရ ကျွန်တော်တို့ ဒီမှာစိစစ်တယ်။ ခရီးသည်တွေ တင်လာတဲ့ကားဆိုရင် တစ်စီး နှစ်စီးတည်း ပေးမလွှတ်တော့ဘူး။ စောင့်ခိုင်းထားတယ်။ များလာရင်တော့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သီးခြားကားငှားပြီးတော့ လွှတ်ပေးလိုက်မှာ ဖြစ်ပါတယ်” ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသွားလာမည့် ယာဉ်များအား လားရှိုးမြို့ရှောင်လမ်း တိုးဂိတ်တွင် မှတ်တမ်းရယူ၍ ထွက်ခွာခွင့်ပြုနေကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီကနေ့ မနက်ကတည်းက လားရှိုးမြို့ရှောင်လမ်းတိုးဂိတ်ကို ရောက်လာတာပါ။ နမ့်ခမ်းဘက်က ဖရဲခြံမှာ အလုပ်သွားလုပ်တာပေါ့။ ကျွန်တော်တို့ ကားပေါ်မှာတော့ ၁၅ ယောက် ပါတာပေါ့။ မနက်ကတည်းက ထမင်းမစားရသေးဘူး။ ဆိုင်တွေကလည်း မဖွင့်ဘူး။ အခက်အခဲဖြစ်တယ်။ ညလည်း အိပ်ဖို့ အခက်အခဲတော့ ဖြစ်တာပေါ့။ကျွန်တော်တို့ကားက မနက်ဖြန်မနက် ထွက်လို့ရမယ်လို့တော့ ထင်တယ်” ဟု ပေါက်မြို့နယ်ဘက်သို့ ပြန်မည့် နေရပ်ပြန်သူတစ်ဦးက ပြောကြားသည်။

လောက်ကိုင်၊ ချင်းရွှေဟော်မြို့ဘက်မှ နေရပ်ပြန်လာကြသူများ အလွန်များပြားနေပြီး အချို့မှာ ချင်းရွှေဟော်မြို့မှ လားရှိုးမြို့သို့ ယာဉ်စီးခစျေးကြီးပေး၍ စီးနင်းခဲ့ရကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ယာဉ်ပေါ်မှာ ငါးယောက် စီးလာရတယ်။ ပုံမှန်ကတော့ အရင်တုန်းက ချင်းရွှေဟော်-လားရှိုးဆိုရင် ကားခက တစ်သောင်းကျော်ပေါ့။ အခု တစ်ယောက်ကို သုံးသောင်းထိ ပေးစီးခဲ့ရတယ်။ နောက်ပြီး ကျွန်တော်တို့ကို ဒီဂိတ်မရောက်ခင် လမ်းမှာချသွားတယ်။ ကျွန်တော်တို့ ဒီထိလမ်းလျှောက်လာခဲ့ရတယ်။ ဒီမှာတော့ ထမင်းထုပ်တွေ ဝေပေးတယ်။ တချို့လည်းရတယ်။ တချို့လည်း မစားရဘူးပေါ့။ အခုတော့ ကျွန်တော်တို့ ကျန်းမာရေးစစ်ဆေးမှုတွေခံပြီး မနက်ဖြန်ဆို မန္တလေးကို ပြန်ကြမှာပါ” ဟု ချင်းရွှေဟော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်သူ ဧရာဝတီတိုင်းဒေသကြီးမှ ဦးမြိုင်က ပြောကြားသည်။

လားရှိုးမြို့ရှောင်လမ်းတိုးဂိတ်သို့ ရောက်ရှိလာပြီး မန္တလေးဘက်သို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များသည် ဧပြီ ၂၉ ရက် ညနေပိုင်းတွင် ယာဉ်စီးရေ သုံးရာဝန်းကျင်ခန့်ထိ ရှိသည့်အတွက် ညပိုင်းတွင် ၄င်းတို့၏ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် သက်ဆိုင်ရာက လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် တည်းခိုရန် စီစဉ်ပေးခဲ့သည်။

“ဒီနေ့ည လားရှိုးမှာ အိပ်ရတဲ့ယာဉ်တွေ အားလုံး မနက်ဖြန် မနက် ၆ နာရီမှာ ပြန်လည်ထွက်ခွာဖို့ ခွင့်ပြုချက်ရပါပြီ။ မြို့ရှောင်လမ်းမှာ ရောက်နေတဲ့ ခရီးသည်တင်ယာဉ်တွေ အားလုံး မန်ဆူရှမ်းကျောင်းမှာ တည်းခိုနိုင်ဖို့ စီစဉ်ပေးထားပါတယ်” ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောကြားသည်။

လားရှိုးမြို့အဝင် တိုးဂိတ်သို့ ရောက်ရှိလာသည့် ခရီးသည်တင်ယာဉ်ပေါ်ပါသူများ၊ ကုန်တင်ယာဉ်မောင်းများအား ကျန်းမာရေးစစ်ဆေးမှုများလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။















