မြဝတီမြို ့ရပ်ကွက်တစ်ခုတွင် အစိုးရရိက္ခာ ထောက်ပံ့ရာ၌ အိမ်ထောင်စု ငါးထောင်ကျော်ကျန်ခဲ့သဖြင့် ရပ်ကွက်ရုံးအနီး လူစုလူဝေးဖြစ်ပေါ်

မြဝတီမြို ့ရပ်ကွက်တစ်ခုတွင် အစိုးရရိက္ခာ ထောက်ပံ့ရာ၌ အိမ်ထောင်စု ငါးထောင်ကျော်ကျန်ခဲ့သဖြင့် ရပ်ကွက်ရုံးအနီး လူစုလူဝေးဖြစ်ပေါ်
Published 30 April 2020
ရွှေသိန်း

 

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို ့အမှတ် (၅) ရပ်ကွက်တွင် နိုင်ငံတော်အစိုးရမှ ​ထောက်ပ့ံသည့် ဆန် အပါအဝင် ရိက္ခာ ငါးမျိုး မရရှိသူ အိမ်ထောင်စု ငါးထောင်ကျော် ကျန်ရစ်ခဲ့သဖြင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၌ ဧပြီ၂၉ ရက်က လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

COVID-19 အရေးပေါ်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသူများအား နိုင်ငံတော်မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့် စားနပ်ရိက္ခာများ ပေးနိုင်ရန်အတွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ရပ်ကွက်အလိုက် စာရင်းကောက်ယူကြရာတွင် အမှတ် (၅) ရပ်ကွက်အတွင်း အိမ်ထောင်စု ၇၂၀၂ စာရင်းကောက်ယူရရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှု ရောက်ရှိပြီး ဖြန့်ဝေသောအခါတွင် အိမ်ထောင်စု ၁၂၀၀ အတွက်သာ ပါဝင်သဖြင့် ကျန်သည့်အိမ်ထောင်စုများမှာ မရရှိကြသည့်အတွက် ရပ်ကွက်ရုံးသို့ လာရောက်တင်ပြကြခြင်း ဖြစ်ကြောင်း သိရသည်။

"အစိုးရက ပေးတာတော့ လိုချင်တာပေ့ါ။ ယောကျင်္ား အလုပ်ရပ်နားထားရလို့ ဝင်ငွေမရှိချိန်မှာ အထောက်အကူ ဖြစ်တာပေါ့။ ခုတော့ မိသားစုတွေ အခက်အခဲ ဖြစ်နေရပါတယ်"ဟု အမှတ် (၅) ရပ်ကွက် ဆင်းရွှေလီလမ်းတွင် နေထိုင်သည့် မဖြူဝင်းက ဆိုသည်။

ယင်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း " ကြည့်လိုက်ရင် ဆန်ဝေပြီ။ ပြေးပြန်ပြီ။ လမ်းမတွေပဲ ပေးသွားတယ်။ လမ်းကြိုလမ်းကြားတွေက အလုပ်အကိုင်မရှိလို့ ငတ်နေကြပြီ။ စာရင်းလည်း နှစ်ခါ ကောက်တယ်။ နောက်နေ့ဝေလည်း မရဘူး။ ဆင်းရဲသားတွေမို့လား။ အရမ်းဝမ်းနည်းဖို့ကောင်းတယ်"ဟု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက "ကျွန်တော်တို့ရပ်ကွက် ရာအိမ်မှူးတွေကို ဧပြီ ၇ ရက်နေ့က ညတွင်းချင်း စာရင်းကောက်ခိုင်းပါတယ်။  ၈ ရက်နေ့ မနက် ၅ နာရီထိ စာရင်းလက်ခံ၊ အပြီးသတ်ပြီးမှ ရုံးစာရေးကိုအပ်ကာ အိမ်ပြန်ခဲ့ပါတယ်။ ၈ ရက်နေ့ မနက် ၁၁ နာရီးခွဲအမီ ရုံးစာရေးက ဒီစာရင်းတွေကို မြို့နယ်ကို တင်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။ တကယ့် တကယ်မှာ မြို ့နယ်အုပ်ချုပ်ရေးမှူး ခန့်မှန်းတင်လိုက်တဲ့ စာရင်းအရသာ ရိက္ခာရရှိခဲ့တာပါ။ ကျွန်တော်တို့ ကောက်ယူထားတဲ့ စာရင်းတွေက ပြည်ထောင်စုအဆင့်ကို မရောက်သွားဘူးလို့ သိရပါတယ်"ဟု ပြောကြားသည်။

မြဝတီမြို ့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုကလည်း အမှတ် (၅) ရပ်ကွက်မှ အိမ်ထောင်စုစာရင်း အချိန်မီ တက်မလာသည့်အတွက် လစဉ်ပြန်တမ်း လူဦးရေစာရင်းကို ကြည့်၍ အိမ်ထောင်စု ၁၂၀၀ ကို ပြည်နယ်သို ့စာရင်းတင်​ပေးလိုက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး​တွေက ညတွင်းချင်း စာရင်းကောက်တယ်၊ အုပ်ချုပ်ရေးမှူးကလည်း မနက် ၅ နာရီမှာ လက်မှတ်ထိုးပြီး ရုံးစာရေးကို အပြီးအပ်ခဲ့တာ ဖြစ်ပါတယ်။ မနက် ၁၁ နာရီ မြို့နယ်ကို တင်ရမယ်။ မြို့နယ်ကတဆင့် ပြည်နယ်ကို တင်ရမှာဖြစ်ပါတယ်။ ရိက္ခာဝေ​တော့ အသုတ်လိုက်ရပါတယ်။ ကျွန်တော်တို့ ယူဆတာက ဖြည်းဖြည်းချင်းရမယ် ထင်တာပါ။ အိမ်ထောင်စု ၁၂၀၀ လောက် ရတဲ့အခါမှ လုံးဝ မလာတော့ဘူး။ အဲအချိန်မှ ဘာကြောင့်လဲ စုံစမ်းတာ စာရင်းတင်တာ နောက်ကျလို့ဆိုတာ သိရပါတယ်" ဟု ပုံမှန်ဝင်ငွေ မရှိသူများစာရင်းကို ကိုယ်တိုင်လိုက်လံ ကောက်ယူခဲ့သူ ရာအိမ်မှူးတစ်ဦးက ဆိုသည်။

 

Most Read

Most Recent