မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တာဝန်ခံ ဒေါက်တာ သက်အောင်သန်းသည် မြို့နယ်ရှိ ကျေးရွာတစ်ခုအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း ဆောင်ရွက်မှုအား နှောင့်ယှက်ဟန့်တားသည်ဆိုကာ စဉ့်ကိုင်မြို့နယ်တရားရုံးက ဧပြီ ၂၉ ရက်တွင် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
စဥ့်ကိုင်မြို့နယ် မုန့်ပေါင်းကျေးရွာတွင် ဧပြီ ၂ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်အပေါ် ကျေးရွာတာဝန်ရှိသူက တရာလိုပြုလုပ်၍ စဥ့်ကိုင်မြို့နယ် တရားရုံးတွင် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ကနဦး အမှုဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် ပုဒ်မ ၂၆ ဖြင့် ပြောင်းလဲဖွင့်လှစ်၍ ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တွင် နှစ်ဖက် သက်သေများအား စစ်ဆေးကာ ဧပြီ ၂၉ ရက် နံနက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောကြားသည်။
"ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့တကွ Quarantine စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ရဲစခန်းနဲ့ တရားရုံးမှာ ထွက်ထားတဲ့ စစ်ဆေးချက်တွေ၊ ထွက်ချက်တွေ၊ တိုင်းကြားစာတွေနဲ့ သက်သေခံတွေ အားလုံးက ဘာပြောလဲဆိုတော့ သူတို့က Quarantine ဧရိယာကို လာပြီးတော့ ဒီပုဂ္ဂိုလ်တွေကို ဒီစာသင်ကျောင်းမှာ မထားရဘူးဆိုပြီး လာရောက် နှောက်ယှက်တယ် ၊ တားဆီးတယ်ပေါ့။ အဲဒီလိုမျိုး တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုလည်း ခြိမ်းခြောက် ပြောဆိုမှုတွေ ရှိတယ်လို့ တင်ပြကြတယ်။ ဒါတွေက ခိုင်မာတဲ့အတွက်ကြောင့်မို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ နဂိုမူလက ၂၅ နဲ့စွဲတယ်။ တရားရုံးရောက်တော့ ပုဒ်မ ၂၆ နဲ့ ဖြစ်သွားတယ်ပေါ့။ အဲဒီလို ၂၆ နဲ့ စွဲတာကို ဒီကနေ့ မနက်ခင်းမှာပဲ အမိန့်ချလိုက်ပါတယ်" ဦးလှိုင်ဝင်းက ပြောကြားသည်။
ဧပြီ ၂ ရက်က စဉ့်ကိုင်မြို့နယ် မုန့်ပေါင်းကျေးရွာတွင် မူဆယ်မြို့နယ်မှ ပြန်လာသည့် ကျေးရွာသားတစ်ဦးကို ကျေးရွာရှိ စောင့်ကြည့်သတ်မှတ်နေရာတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူစေရန် စီစဉ်စဉ် ဒေါက်တာ သက်အောင်သန်းက လုပ်ငန်းဆောင်ရွက်မှုအပေါ် ခြိမ်းခြောက်ဟန့်တားမှုများ ပြုလုပ်ခဲ့သည်ဟု မုန့်ပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ စဥ့်ကိုင်မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံ တိုင်ကြားစာတွင် ဖော်ပြထားသည်။
ဒေါက်တာ သက်အောင်သန်းသည် စဉ့်ကိုင်မြို့နယ် ပါတီတာဝန်ခံ ဖြစ်သော်လည်း ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ပါတီဝတ်စုံ ဝတ်ဆင်ထားခြင်း မရှိသလို ပါတီတာဝန်ဖြင့် ဆောင်ရွက်ခြင်းလည်း မဟုတ်ကြောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြုမူဆောင်ရွက်မှုသာ ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရုံးချုပ်မှ ဦးကိုကိုနိုင်က ပြောကြားသည်။
ပါတီအနေဖြင့် စုံစမ်းချက်အရ ဒေါက်တာ သက်အောင်သန်းနှင့် အမှုဖွင့်သူ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူကြားတွင် COVID-19 ဆေးဖြန်းရာတွင် သုံးစွဲသည့် ငွေကြေးကိစ္စနှင့် ပက်သက်၍ အချင်းများမှု ဖြစ်ပွားခဲ့ကြောင်း ဦးကိုကိုနိုင်က ပြောကြားသည်။
“ဆိုလိုတာက ပုဂ္ဂိုလ်ရေးဖြစ်တဲ့ကိစ္စ။ အဲဒါကို ဘယ်သူ ဘယ်ဝါကနေ လုပ်လိုက်လဲ မသိဘူး။ ပါတီကိစ္စလိုလို၊ နိုင်ငံရေးခုတုံး လုပ်သလိုလို၊ အတိုက်အခံ လုပ်သလိုလို၊ ဒါမျိုးတွေ အပြင်မှာ သတင်းက ပွသွားတယ်။ အဲ့တော့ ပါတီကိစ္စ မဟုတ်ဘူး ဆိုတာကတော့ တရားရုံးမှာ နှစ်ဖက် သက်သေထွက်ဆိုတဲ့ဟာတွေ ကြားနာတဲ့ ဟာတွေမှာလည်း ပါတီနဲ့ ပက်သက်လို့ တရားလိုဘက်ကရော၊ တရားခံဘက်ကရော သက်သေထွက်ဆိုချက်တွေမှာ ပါတီနာမည်လည်း မပါဘူး။ ပါတီကိစ္စလည်း ဘာမှမပါဘူး။ ဖြစ်တာကတော့ ပုဂ္ဂိုလ်ရေးအရ အချင်းများပြီး ဖြစ်တဲ့ကိစ္စပါ” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရုံးချုပ် မှ ဦးကိုကိုနိုင်က ပြောကြားသည်။
ဒေါက်တာ သက်အောင်သန်းနှင့် ပက်သက်၍ မိသားစုဘက်မှ အယူခံ ဆက်လက် တင်သွင်းရန်ရှိသည်ဟု သိရပြီး အယူခံတင်သွင်းရာတွင် ပါတီအနေဖြင့် ဝင်ရောက် ဆောင်ရွက်မည် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ အကူအညီပေးမှုသာ လုပ်ဆောင်မည်ဟု ၄င်းက ဆိုသည်။
သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူခံရသည့် ဒေါက်တာ သက်အောင်သန်းကို ပါတီက ထပ်မံအရေးယူရန် ရှိ၊ မရှိကိုမူ ဖြစ်စဉ်နှင့်ပက်သက်၍ တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများ၏ စုံစမ်းစစ်ဆေးမှုအပေါ် မူတည်ကာ ပါတီဗဟိုမှ ဆုံးဖြတ်မည်ဟု ဦးကိုကိုနိုင်က ပြောကြားသည်။















