မော်လမြိုင်တက္ကသိုလ်ရှိ မော်လမြိုင်အဆောင်တွင် ဖွင့်လှစ်ထားသော CBFQ Camp မှ ဧပြီ ၂၆ ရက် ည ၇ နာရီခွဲခန် ့က စောင့်ကြည့်ခံနေရသည့် လင်မယားနှစ်ဦး ထွက်ပြေးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်လမြိုင်မြို ့နယ်တရားရုံးမှ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ - ၁၄/၁၈ အရ ထောင်ဒဏ် သုံးလ အမိန် ့ချမှတ်ခဲ့သော်လည်း အသက် ၁၈ နှစ် မပြည့်သူများ ဖြစ်နေကြသည့့်အတွက် ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးများ ဥပဒေ - ၈၉ (ဃ) အရ စမ်းကြီး လူငယ်သင်တန်းကျောင်း ကြီးကြပ်သူအရာရှိ လက်အောက်တွင် သုံးလ ထိန်းသိမ်း စောင့်ရှောက်စေရန် အမိန် ့ချမှတ်ခဲ့ကြောင်း မော်လမြိုင်မြို ့နယ် ရဲတပ်ဖွဲ ့မှူး ရဲမှူးမျိုးညီညီ ၏ ပြောကြားချက်အရ သိရသည်။
“မော်လမြိုင်မြို ့နယ်တရားရုံးကနေ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ ဧပြီ ၂၈ ရက်က အမိန် ့ချလိုက်တာပါ။ လင်မယားနှစ်ဦးစလုံးကို ထောင်ဒဏ် (၃) လ ဆိုပေမယ့် သူတို ့က အသက် (၁၈) နှစ်အောက်ဘဲရှိသေးတော့ ကလေးသူငယ်ဥပဒေအရ ကလေးသူငယ်ကြီးကြပ်ရေး အုပ်ချုပ်မှုအောက်မှာဘဲ ထားရမှာလေ။ ပြစ်ဒဏ်က (၃) လချလိုက်ပေမယ့် ထောင်ကိုပို ့လို ့မရဘူး။ ကလေးသူငယ်အခွင့်အရေး အရပေါ့လေ။ အဲ့ဒီတော့ လူငယ် ထိန်းသိမ်းရေးကျောင်းမှာဘဲ ထားရပါတယ်" ဟု ရဲမှူးမျိုးညီညီ က ပြောကြားသည်။
၄င်းက ဆက်လက်ပြီး "ကောင်လေးကိုကျတော့ လူငယ်ထိန်းသိ်မ်းရေးကျောင်းကို ပို ့ဆောင်ထားပြီးတော့ ကောင်မလေးကိုကျတော့ မော်လမြိုင်မှာက အမျိုးသမီး ထိန်းသိမ်းရေးကျောင်းမရှိတော့ Facility Quarantine ထဲ ပြန်ထည့်ရတယ်။ အဲ့ဒီမှာ (၂၁) ရက်ပြည့်ရင်တော့ လူမှုဝန်ထမ်းဌာနက သူတို ့ဆောင်ရွက်ပေးပါ့မယ်လို ့ပြောပါတယ်။ အဲ့ဒီတော့ ကောင်မလေး က Quarantine (၂၁) ရက်ပြည့်သွားရင် လူမှုဝန်ထမ်းက (၃) လ တာဝန်ယူပေးမှာပေါ့ဗျာ။ အဲ့ဒီ (၃) လလုံးကို လူမှုဝန်ထမ်းရဲ ့ကြီးကြပ်မှုအောက်မှာ စောင့်ရှောက်ထားမှာပေါ့ဗျာ။ ထောင်ချတာတော့ မဟုတ်ဘူး။ ကလေးသူငယ်တွေကို ပေးတဲ့ ပြစ်ဒဏ်ပေါ့ဗျာ" ဟု ပြောကြားသည်။
ကရင်ပြည်နယ် မြဝတီမြို ့အမှတ် (၅) မွေးမြူရေးဇုန်နေ မောင် …………… (၁၆) နှစ် နှင့် မွန်ပြည်နယ် ရေးမြို ့နယ် အစင်ကျေးရွာ၊ ဓမင်းဆိပ် နေ မ…………. (၁၅) နှစ်တို ့ဇနီးမောင်နှံ (၂) ဦးမှာ ဧပြီ ၂၆ ရက် ည ၇ နာရီခွဲခန် ့က မော်လမြိုင်တက္ကသိုလ် ဆယ်မြို ့နယ်ဆောင်များရှိ မော်လမြိုင်အဆောင် CBFQ Camp မှ ထွက်ပြေးသွားကြောင်းကို ၎င်းတို ့၏ အုပ်ထိန်းသူများမှ ည ၁၀ နာရီခန် ့တွင် တာဝန်ရှိသူများထံ အကြောင်းကြားလာသည့်အတွက် လိုက်လံရှာဖွေခဲ့ရာ ဧပြီ ၂၈ ရက်တွင် ရေးမြို ့နယ် အစင်ကျေးရွာ၌ ပြန်လည်ရှာဖွေတွေ ့ရှိခဲ့ကြောင်း၊ ထို ့နောက် ၎င်းတို ့အား မော်လမြိုင်မြို ့သို ့ပြန်လည်ခေါ်ဆောင်လာပြီး မော်လမြိုင်ပြည်သူ ့ဆေးရုံကြီးတွင် ဆေးစစ်မှုများခံယူစေခဲ့ပြီးနောက် မော်လမြိုင်မြို ့နယ် တရားရုံးမှ ယင်းကဲ့သို ့ အမိန် ့ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် မောင်…………… အား စမ်းကြီးလူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဧရာဦး ထံသို့လည်းကောင်း၊ မ…………… အား မော်လမြိုင်အဆောင်ရှိ ၎င်း၏ အုပ်ထိန်းသူ ထံသို ့လည်းကောင်း စနစ်တကျ အပ်နှံပေးခဲ့ကြောင်း မော်လမြိုင်မြို ့နယ် ရဲတပ်ဖွဲ ့မှူးရုံးထံမှ သိရသည်။















