သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်ရှိ ခြံဝင်းအတွင်း ရောက်လာသော ဝက်ဝံတစ်ကောင်အား ၀ိုင်းဝန်းဖမ်းဆီးပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်

သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်ရှိ ခြံဝင်းအတွင်း ရောက်လာသော ဝက်ဝံတစ်ကောင်အား ၀ိုင်းဝန်းဖမ်းဆီးပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်
Published 27 April 2020
အောင်မျိုးသန့်

သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်ရှိ ခြံဝင်းအတွင်းသို့ ရောက်ရှိနေသော ဝက်ဝံ အား ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးကာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက် နယ်မြေ (၁၀) ဘောဂလမ်းအတွင်း ၄ ဒသမ ၈ ဧကရှိ ခြံဝင်းအတွင်း ရောက်ရှိနေသော ဝက်ဝံကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အနီးပတ်ဝန်းကျင် နေထိုင်သူများ ပူးပေါင်းကာ ဖမ်းဆီးခဲ့ပြီး မွန်းလွဲ ၂ နာရီကျော်တွင် ဝက်ဝံကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သတင်းရရချင်း Drone တွေယူလာတယ်။ အဓိက ဒီခြံထဲမှာ ချုံတွေထူထပ်တယ်။ ချုံတွေ ထူထပ်နေတဲ့အတွက် ရိုးရိုး Drone နဲ့အပေါ်ကကြည့်ရင် မမြင်နိုင်ဘူး။ မမြင်နိုင်တဲ့အတွက် ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးမှာ အဓိကသုံးတဲ့ Drone နဲ့ ချုံတွေအောက်မှာ သူရှိနေခဲ့ရင် ဝက်ဝံရဲ့ အပူချိန်ကို လိုက်ထောက်ပြီး ဘယ်နေရာမှာ ရှိနိုင်လဲ ဆိုတာကို ရှာဖွေပါတယ်။ မနက်က သူ့ကို ချုံအောက်မှာတွေ့တယ်။ တွေ့တော့ လူအားနဲ့ဝင်တဲ့အခါ သူကတခြားနေရာကို ရောက်ရောက်သွားပါတယ်။ ဖမ်းဆီးရမိခဲ့တာက မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ကပါ။ ဖမ်းဆီးခဲ့တာ ပတ်ဝန်းကျင်က လူအုပ်နဲ့ တောနင်း ခြောက်လှန့်ပြီး ပိုက်ကွန်တွေ ဆင်ထားတဲ့ ဘက်ကိုမောင်းတော့ ဝက်ဝံက ပိုက်ကွန်နဲ့ ငြိနေပါတယ်။ အဲဒီအချိန် တိရစ္ဆာန်ရုံက လူတစ်ယောက်က လုံးထွေးဖမ်းပြီး မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းခဲ့တာပါ။ ဝက်ဝံကိုတော့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို သယ်သွားပါပြီ။ ဖမ်းမိတဲ့ ဝက်ဝံက အမပါ” ဟု အဆိုပါဝက်ဝံ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ တပ်ကြပ် ဝင်းဟံသာက ပြောကြားသည်။

အဆိုပါ ဝက်ဝံကို ၀ိုင်းဝန်း၍ ဖမ်းဆီးခဲ့မှုကြောင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ လူတစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးကြည်စိုးက “ကျွန်တော်တို့အဖွဲ့ကို အုပ်ချုပ်ရေးမှူးရုံးက ဧပြီ ၂၆ ရက်မှာ အကြောင်းကြားတယ်။ ဒီနယ်မြေ ၁၀ ထဲက ဘောဂလမ်းမှာရှိတဲ့ အမှတ် ၃၁ ခြံဝန်းထဲမှာ တောရိုင်းတိရစ္ဆာန်လို့ ပြောလို့ရတဲ့ ဝက်ဝံတစ်ကောင် ရောက်နေပါတယ်။ ဟိုရောက်တော့ အဲဒီဝက်ဝံကို လာကြည့်တဲ့လူ အရမ်းများနေပါတယ်။ ခြံထဲမှာလည်း ချုံတွေက တအားထူနေပါတယ်။ ဝက်ဝံဓာတ်ပုံရိုက်ဖို့ မလွယ်ကူပေမယ့် ဒေသခံတစ်ယောက်ကနေ ဗီဒီယိုမှတ်တမ်း ရိုက်ထားပါတယ်။ အရွယ်အစားကတော့ အလျား လေးပေလောက်ရှိတယ်။ အနံက နှစ်ပေခွဲလောက်ရှိတယ်။ အရောင်က အမဲပါ။ ပုံမှန်မှာ သူကအနေအေးပါတယ်။ ဒီနေ့ မွန်းလွဲ ၂ နာရီကျော်မှာ ဖမ်းမိခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ဝက်ဝံဖမ်းဆီးရမိခဲ့သည့် ခြံဝင်းမှာ အခြားသစ်သီးဝလံများ စိုက်ပျိုးထားခြင်းမရှိဘဲ သဘာဝအလျောက် ပေါက်နေသည့် ချုံနွယ်များသာရှိပြီး ခြံဝန်းအတွင်း နေထိုင်သူများက ဝက်ဝံအား မွေးမြူထားခြင်း မရှိကြောင်း ဦးကြည်စိုးက ဆက်လက် ပြောကြားသည်။

 

Most Read

Most Recent