အိန္ဒိယနိုင်ငံမှပြန်လည်ရောက်ရှိလာပြီး စစ်ကိုင်းမြို့ရှိ သီတဂူဝိပဿနာအကယ်ဒမီတွင် Quarantine ပြုလုပ်နေသည့် သံဃာတော်များအားလုံး Covid-19 ရောဂါပိုး မတွေ့ရှိကြောင်း နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ Quarantine ဝင်နေသည့် လူပုဂ္ဂိုလ်များအားလုံးတွင် Case 145 မှလွဲ၍ ကျန်သူများတွင် ရောဂါပိုးမတွေ့ရှိကြောင်း လည်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အုပ်ချုပ်ရေးမှူး ဆရာတော် အရှင်သုန္ဒရ၏ မိန့်ကြားချက်အရ သိရသည်။
သီတဂူ ဆရာတော်ဘုရားကြီး၏ ဦးဆောင်စီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံမှ ဧပြီ ၂၂ ရက် တွင် ပြန်လည်ခေါ်ဆောင်လာခဲ့သည့် သံဃာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များကို စစ်ကိုင်းမြို့ရှိ သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့တွင် နှစ်နေရာခွဲ၍ Quarantine ထားရှိခြင်း ဖြစ်ပြီး သီတဂူဝိပဿနာအကယ်ဒမီတွင် သံဃာတော် ၂၁၁ ပါး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် သီလရှင်ငါးပါးနှင့် လူပုဂ္ဂိုလ် ၄၁ ဦးတို့ကို Quarantine ထားရှိထားကြောင်း သိရသည်။

“စစ်ကိုင်းတိုင်း တိုင်းကျန်းမာရေးကနေပြီးတော့ ဖုန်းဆက်ပြီးတော့ အကြောင်းကြားလာပါတယ်။ အခုလက်ရှိ သီတဂူဝိပဿနာအကယ်ဒမီမှာ Quarantine ဝင်ရောက်နေတဲ့ သံဃာတော်တွေအားလုံး COVID-19 ရောဂါပိုးမတွေ့ရှိဘူး။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ လက်ရှိ Quarantine ဝင်ရောက်နေကြတဲ့ သီလရှင်ငါးပါးနဲ့ လူပုဂ္ဂိုလ်တွေလည်း COVID-19 ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရတယ်။ အဲဒီ လူပုဂ္ဂိုလ်တွေထဲကလည်း ဧပြီ ၂၆ ရက်က ရောဂါတွေ့ရှိတဲ့ အမျိုးသားတစ်ဦးကလွဲလို့ ကျန်တဲ့သူတွေအားလုံး ရောဂါကင်းသွားကြပါပြီ။ ဦးဇင်းတို့ကတော့ အခုလိုသိရတော့ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်မိတာပေါ့။ အစကတည်းက ဦးဇင်းတို့ရဲ့ သီတဂူဆရာတော်ဘုရားကြီးက ဒီလို ရောဂါတွေမဖြစ်စေချင်လို့ အခုလိုတွေ စီစဉ်ဆောင်ရွက်ပေးထားတာ ဖြစ်တယ်။ အခုလို သံဃာတော်တွေရော လူပုဂ္ဂိုလ်တွေရော အားလုံးက ရောဂါကင်းတယ်ဆိုတော့ ဦးဇင်းတို့လို ဝေယျာဝစ္စကိစ္စတွေဆောင်ရွက်ပေးနေရတဲ့သူတွေကလည်း ဝမ်းသာပီတိဖြစ်ရတာပေါ့”ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အုပ်ချုပ်ရေးမှူး ဆရာတော် ဒေါက်တာအရှင်သုန္ဒရက မိန့်ကြားသည်။
သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့တွင် Quarantine ပြုလုပ်ရာ၌ သီးသန့် တစ်ဦးတည်းနေ အခန်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး Case 145 သည်လည်း သီးသန့် ခန်းတွင် နေထိုင်ခြင်းဖြစ်သဖြင့် ထိတွေ့ထားသူ မရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက “ဧပြီ ၂၆ ရက်က ရောဂါပိုးတွေ့တဲ့ အမျိုးသားတစ်ဦးကလွဲပြီး ကျန်တဲ့ သံဃာတော်အားလုံး သီလရှင်နဲ့လူပုဂ္ဂိုလ်တွေအားလုံး ရောဂါပိုးမတွေ့ရှိရပါဘူး။ ဓာတ်ခွဲစမ်းသပ်မှုအဖြေက Negative ထွက်ရှိပါတယ်”ဟု အတည်ပြု ပြောကြားသည်။
ထိုသို့ Community based facility quarantine နှစ်နေရာ သီးခြားခွဲ၍ထားရှိမှုအနက် သီလရှင်ငါးပါးနှင့် လူပုဂ္ဂိုလ် ၄၁ ဦးတို့အား Quarantine သတ်မှတ်ထားရှိထားသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အသက် ၄၈ နှစ်အရွယ် လူပုဂ္ဂိုလ်အမျိုးသားတစ်ဦးတွင် Covid-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၂၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။















