ယုဇနပလာဇာကို ဧပြီ ၂၄ ရက်တွင် ပြန်လည် ဖွင့်လှစ်ရန် ထုတ်ပြန်ထားခဲ့သော်လည်း COVID-19 ရောဂါကူးစက်မှု အခြေအနေကို ထည့်သွင်းစဉ်းစားသည့်အနေဖြင့် ဧပြီလ ၃၀ ရက် နောက်ပိုင်းမှ ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် စျေးကော်မတီတို့ ပြန်လည် ဆွေးနွေးရာမှ ဧပြီ ၃၀ ရက် အထိ ယာယီပိတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
“အခုလို ဧပြီ ၃၀ ရက်အထိ ရွေ့ဆိုင်းတာကို သဘောကျပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်အတွက်လည်း လေးစားပါတယ်။ အခုက ကူးစက်ရောဂါ ပြန့်ပွားမှုအခြေအနေကို စိုးရိမ်နေကြတဲ့အချိန် ဖြစ်တဲ့အတွက် ပလာဇာကို ဒီရက်မှာ မဖွင့်တော့ဘူးလို့ ဆုံးဖြတ်တာက ရောဂါကူးစက်မှု အခြေအနေအတွက် ထည့်သွင်း စဉ်းစားပေးတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အခုလိုပူးပေါင်း ဆောင်ရွက်ပေးတာကို ကြိုဆိုပါတယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
ဧပြီ ၂၄ ရက်တွင် ယုဇနပလာဇာကို ပြန်လည်ဖွင့်လှစ်မည့် ထုတ်ပြန်ချက်အပေါ် ဒေသခံပြည်သူများက ရောဂါကူးစက်မှုများအတွက် စိုးရိမ်ပူပန်မှုများရှိခဲ့ကြောင်းနှင့် ဆိုင်ခန်းအချို့ကလည်း ပြန်လည်ဖွင့်လှစ်မှုအပေါ် ကန့်ကွက်မှုများရှိခဲ့ကြောင်း သိရသည်။
ယခင်က မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စျေးဝယ်စင်တာများကို မတ် ၃၁ မှ ဧပြီ ၁၈ ရက်အထိ ယာယီ ပိတ်သိမ်းရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ညွှန်ကြားထားပြီး ယခုအခါတွင် ဧပြီ ၃၀ ရက်အထိ ယာယီ ပိတ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။