ရန်ကုန်တိုင်းအတွင်း လမ်းများကို ပိတ်ဆို့ထားရန် တိုင်းအစိုးရက စာထုတ်ထားခြင်း မရှိသော်လည်း ပြည်သူလူထုက စိုးရိမ်မှုဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ပြောကြား

ရန်ကုန်တိုင်းအတွင်း လမ်းများကို ပိတ်ဆို့ထားရန် တိုင်းအစိုးရက စာထုတ်ထားခြင်း မရှိသော်လည်း ပြည်သူလူထုက စိုးရိမ်မှုဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ပြောကြား
ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ တစ်နေရာအား ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ တစ်နေရာအား ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 23 April 2020
ဆန်းထူးအောင်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လမ်းများကို ပိတ်ဆို့ထားရန် တိုင်းအစိုးရက ညွှန်ကြားစာ ထုတ်ထားခြင်း မရှိသော်လည်း ပြည်သူလူထုက စိုးရိမ်မှုဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

“ကျွန်တော်တို့ ရန်ကုန်မှာ လမ်းပိတ်ဖို့ ဖွင့်ဖို့ စာထုတ်ထားတာ မရှိပါဘူး။ သို့သော်လည်း ပြည်သူလူထုအနေနဲ့ စိုးရိမ်ပြီးတော့ ဆောင်ရွက်ထားတာ တွေ့ရပါတယ်။ သင်္ကြန်မတိုင်ခင် ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ ကျွန်တော်တို့ Stay at Home အစီအစဉ် ဆောင်ရွက်ခဲ့တယ်။ ရန်ကုန်မြို့နယ် Stay at Home အစီအစဉ် ဆက်လုပ်နေတယ်။ အဲဒီအထဲမှာလည်း လမ်းတွေပိတ်ဖို့ ညွှန်ကြားထားတာ မရှိဘူး။ သို့သော်လည်းပဲ ခုနစ်မြို့နယ်မှာတော့ နည်းနည်းလေး တင်းကျပ်ထားတယ်။ ခုနစ်မြို့နယ်ထဲမှာမပါတဲ့ ရပ်ကျေးအဆင့် လမ်းတွေမှာ ဒီလိုဆောင်ရွက်ထားတာ တွေ့ရပါတယ်” ဟု ဦးနိုင်ငံလင်းက ဆိုသည်။

ထို့ပြင် ရန်ကုန်သို့ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများသည် ယခုကဲ့သို့ ကိစ္စများကြောင့် အခက်အခဲ ကြုံတွေ့နေရမှုများရှိကြောင်း ဦးနိုင်ငံလင်းက ဆိုသည်။

“ပိုဆိုးတာက အလုပ်သမားတွေက ရန်ကုန်ကို ပြန်ဝင်လာတဲ့အခါ လှိုင်သာယာတို့၊ ရွှေပြည်သာတို့ ဝင်လာတဲ့အခါ သိန်းနဲ့ချီတဲ့  အလုပ်သမားတွေ အခက်အခဲ ကြုံနေရတာရှိတယ်။ အဲဒီအတွက် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြည်သူလူထုအတွက် ညှိနှိုင်းဆောင်ရွက် ပေးနေပါတယ်။ နောက်တစ်ခုက ရန်ကုန်တိုင်းမှာ အခက်အခဲ တစ်ခုရှိတယ်။ ရန်ကုန်မှာ အခြေခူံတလန်းစား များပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အခြေခံလူတန်းစားကို အရမ်းတင်းကျပ်ရင် စီးပွားရေးနဲ့ စားဝတ်နေရေးက အရမ်းခက်ခဲ သွားနိုင်တယ်။ အရမ်းလျှော့ပေးလိုက်ရင် ကျန်းမာရေးကို ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒီတော့ ကြားထဲညှိပြီး ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီလိုမျိုး မပြေလည်မှုတွေရှိရင် ကျွန်တော်တို့နဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ ပြောကြားလိုပါတယ်” ဟု ဦးနိုင်ငံလင်းက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ဧပြီ ၁၈ ရက်မှ စတင်၍ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး Stay Home ကာလတိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဦးနိုင်ငံလင်းက ဧပြီ ၁၈ ရက်တွင် ပြောကြားထားသည်။

ယင်း ညမထွက်ရအမိန့်တွင် COVID-19 ရာဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ဧပြီ ၁၈ ရက်မှစတင်၍ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ဆောင်ရွက်မည်ဖြစ်သည်။

COVID-19 ရောဂါသည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေနိုင်သည့်အပြင် အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်ပွားလာနိုင်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အမိန့်ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့မှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီ ၁၇ ရက်တွင် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ညမထွက်ရအမိန့် ကြေညာစာတွင် ပါရှိသည်။

 

Most Read

Most Recent