ပဲခူးမြို့ရှိ PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ ထုတ်လုပ်နေသော စက်ရုံ နှစ်ရုံမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုကြောင့် ယာယီပိတ်ပေးခဲ့ရ

ပဲခူးမြို့ရှိ PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ ထုတ်လုပ်နေသော စက်ရုံ နှစ်ရုံမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုကြောင့် ယာယီပိတ်ပေးခဲ့ရ
Published 23 April 2020
မောင်အေး (ပဲခူး)

COVID-19 ရောဂါ ကာကွယ်ရေးတွင် လိုအပ်နေသော PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ ထုတ်လုပ်နေသော စက်ရုံ နှစ်ရုံအား အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုကြောင့် ယာယီပိတ်သိမ်းပေးခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၂၀ ကျော်ရှိလာခဲ့ပြီး စက်ရုံတစ်ရုံလျှင် လုပ်သားအင်အား တစ်ထောင်နှင့်အထက်ရှိသော စက်ရုံအလုပ်သမားများမှာ ရောဂါကူးစက်ခံရမည်ကို အလွန်စိုးရိမ်နေသော်လည်း စက်ရုံအလုပ်ရုံများကို ပိတ်သိမ်းပေခြင်း မရှိကြောင်း သိရသည်။

နိုင်ငံတော်မှ စက်ရုံများကို တရားဝင်ပိတ်သိမ်းခိုင်းရန် ထုတ်ပြန်ထားခြင်း မရှိခြင်း၊ လုပ်ငန်းလိုအပ်ချက်များ ရှိခြင်းတို့ကြောင့် ကျန်းမာရေးအတွက် လိုအပ်သော ခွဲစိတ်ခန်းသုံးပစ္စည်း ထုတ်သော စက်ရုံများနှင့် အခြားစက်ရုံများမှာ သင်္ကြန်ရက်များ ပြီးချိန်တွင် စက်ရုံများကို ပြန်လည်ဖွင့်လှစ် လည်ပတ်ခဲ့သည်

ပဲခူးစက်မှုဇုံရှိ စက်ရုံများတွင် စက်ရုံဖွင့်လှစ်ခြင်းများကြောင့် ရောဂါကူးစက်ခံရမည်ကို စိုးရိမ်သော အလုပ်သမားများနှင့် စက်ရုံအလုပ်ရုံမှ တာဝန်ရှိသူများ အဆင်မပြေမှုများ နေ့စဉ်ဆက်တိုက် ဖြစ်ပေါ်လာပြီး စက်ရုံအများစုမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်၍ စက်ရုံများပိတ်ပေးခဲ့ရပြီး PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းထုတ်စက်ရုံ နှစ်ရုံလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ သိထားတာ ဧပြီ ၃၀ ရက်အထိ ပိတ်ပေးမယ်လို့ သိထားတာ အခြားစက်ရုံတွေလည်း ပိတ်တယ် ကျွန်မတို့စက်ရုံကျတော့ မပိတ်ပေးဘူး ကျန်းမာရေး စစ်ဆေးမှုကလည်း သတိလောက်ပဲ စက်ရုံထဲဝင်တော့ စုပြုံပြီးဝင်ရတာ ဘယ်လိုမှ စိတ်ချလို့မရပါဘူး တစ်ယောက်ကူးရင် အကုန်ကူးမှာ ဒါ့ကြောင့်အများပိတ်ရင် ပိတ်ပေးပါ အများဖွင့်ရင် ဖွင့်ပေး၊ ဒါပဲလိုချင်တယ် သုံးပေအကွာ ဆိုတာလည်း မဟုတ်ပါဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ထပ်ယက်ပြီးနေရတာပါ၊ စစ်ဆေးရေးတွေ လာတော့ လိမ်ထားတာ ၊ အခုအချိန်မှာ ဘယ်သူမှ ရောဂါမရချင်ဘူး၊ အကုန်လုံးအိမ်ထဲမှာပဲ၊ နေချင်ကြတာပါ"ဟု စက်ရုံးဆင်းသူတစ်ဦးမှ ပြောကြားသည်။

"ကျွန်မတို့ အခုချိန်မှာ ဘယ်ဌာနကမှ စက်ရုံပိတ်ပါလို့ ညွှန်ကြားထားတာ မရှိပါဘူး၊ ကျွန်မတို့သွားစစ်တော့ KM စက်ရုံလည်း ဖွင့်ထားပါတယ်၊ စက်ရုံဖွင့်ထားမှလည်း စစ်ဆေးရတာ အဆင်ပြေပါတယ်၊ COVID-19 ကာကွယ်ရေးအတွက် လိုအပ်လို့ ဖွင့်တယ်လို့ပဲ ထင်ပါတယ်၊ သူတို့မှာ ဆင်းတဲ့သူတွေလည်း ရှိပါတယ်၊ မဆင်းချင်လည်း ရပါတယ်၊ မဆင်းရင်တော့ စက်ရုံက မပေးလည်း အစိုးရက လစာရဲ့ ၆၀ ရာခိုင်နှုန်းပေးရမှာပါ၊ မဆင်းတဲ့သူတွေကို အလုပ်မထုတ်ပါဘူး၊ ကျွန်မတို့ တာဝန်ယူပါတယ်၊ သုံးရက်အတွင်း စက်ရုံ နှစ်ဆယ်ကျော် စစ်ဆေးခဲ့ပါတယ်၊ လိုအပ်ချက်ရှိတာလေးတွေ ထပ်ဖြည့်ဖို့ ညွှန်ကြားတယ်၊ ကောင်တာပြန်လိုက်ဖို့တော့ ပြန်မလုပ်ရသေးဘူး၊ ဘယ်စက်ရုံမှ ပိတ်ဖို့ စာထုတ်ထားတာ အခုထိမရှိသေးပါဘူး"ဟု ပဲခူးတိုင်းဒေကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးမှုး ဒေါ်ဇင်ကေသွယ်မှ ပြောကြားသည်။

အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုကြောင့် ဧပြီ ၂၂ ရက်တွင် PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းပစ္စည်းများ ထုတ်လုပ်သော CIC စက်ရုံအားလည်းကောင်း၊ ဧပြီ ၂၃ ရက်တွင် KM စက်ရုံအားလည်းကောင်း တာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်း၍ ဧပြီ ၃၀ ရက်နေ့အထိ ယာယီပိတ်ပေးခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent