COVID-19 ရောဂါပိုးတွေ့ရှိသည့် တီးတိန်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ဆရာဝန်အား ဆေးစစ်ပေးရန် ညွှန်ကြား

COVID-19 ရောဂါပိုးတွေ့ရှိသည့် တီးတိန်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ဆရာဝန်အား ဆေးစစ်ပေးရန် ညွှန်ကြား
Published 6 April 2020

COVID-19 ရောဂါပိုးတွေ့ရှိသည့် တီးတိန်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ဆရာဝန်အား ဆေးစစ်ပေးရန် ညွှန်ကြားလာကြောင်း သိရသည်။

တီးတိန်လူနာနှင့် တွေ့ဆုံခဲ့သည့် ဆရာဝန်မှာ ချင်းပြည်နယ် ကပ်တဲလ်ကျေးရွာရှိ ဒေါက်တာ ဖြိုးကျော်ဝင်း ဆိုသူဖြစ် ပြီး လူနာနှင့် အနီးကပ်စမ်းသပ်ခဲ့သူဖြစ်သည်။

ဒီနေ့မနက် (ဧပြီ ၆ ရက်) ပဲ ကျွန်တော့်ဆီ ဖုန်းဆက်လာပါတယ်။ နေပြည်တော်ကနေ စစ်ပေးဖို့ ညွန်ကြားလာတယ်ဆိုပြီးတော့။ ဘယ်လို စစ်ရမလဲဆိုတာတော့ မသိသေး။ ကျွန်တော်ကပဲ သွားရမလား။ သူတို့ပဲ လာမလားဆိုတာ ဟု ဒေါက်တာ ဖြိုးကျော်ဝင်း က ပြောကြားသည်။

တီးတိန်လူနာတွင် ရောဂါပိုးတွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ပြီး ကတည်းက မိမိအနေဖြင့် ကလေးမြို့ နေအိမ်တွင် Quarantine နေထိုင်ခဲ့ကြောင်း၊ ယင်းသို့ နေထိုင်နေစဉ်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ မည်သူမျှ လာရောက်စစ်ဆေးခြင်းမရှိကြောင်း ဒေါက်တာဖြိုးကျော်ဝင်း က ပြောကြားသည်။

ယင်းသို့ စစ်ဆေးခြင်းမရှိသည့်အကြောင်းကို ဒေါက်တာ ဖြိုးကျော်ဝင်း က ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပြီး နောက်ပိုင်းမှသာ ဆေးစစ်ပေးရန် ညွှန်ကြားလာခြင်းဖြစ်သည်။

ဒေါက်တာ ဖြိုးကျော်ဝင်း ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် “ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Covid-19 positive လူနာကို ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ကပ်တဲလ်ကျေးရွာတွင် ကျနော် ဒေါက်တာဖြိုးကျော် ၏ UHC clinic မှ 19/3/2020 ရက်နေ့တွင်စတင်တွေ့ရှိခဲ့ပါတယ်။ ၎င်း ၁၉ ရက်နေ့တွင်ပဲ တီးတိန် TMO ထံသတင်းပို့ ပေးခဲ့ပါတယ်။ တီးတိန် TMO ၏ ညွှန်ကြားချက်အတိုင်း လူနာကို Home Quarantine ထားခဲ့ပါတယ်။ 21/3/2020 တွင် တီးတိန်ဆေးရုံသို့လွှဲပြောင်းပေးခဲ့ပြီး ဆေးစစ်မှုပြုလုပ်ခဲ့ရာ 23/3/2020 ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏အဖြေအရ လူနာတွင် Covid-19 ပိုးတွေ့ရှိရကြောင်းသိရှိရပါသည်။ ထိုလူနာ Positive ဖြစ်ပြီဆိုတာနဲ့ ကျနော် ကိုယ်တိုင်လည်း Home Q. (၁၄) ရက်ကို ကလေးမြို့နေအိမ်တွင် ပြုလုပ်ခဲ့ပါသည်။ ထို့အတူ ကပ်တဲလ်ကျေးရွာကိုလည်း အစိုးရက Lock down ချမှတ်ပြီး ရွာကိုအဝင်အထွက်ပိတ်ထား လိုက်ပါသည်။ Positive လူနာနှင့်ထိတွေ့ခဲ့သူများကိုလည်း ကျန်းမာရေးဌာနမှ Home Q. (၁၄) ရက်စီချမှတ်ပေးခဲ့ပါသည်။ ထို Home Q. (၁၄) ရက်စီချမှတ်ပြီးသော်လည်း ကျနော်အပါအဝင် Positive လူနာနှင့်ထိတွေ့ခဲ့သူ Closed contact များအား swab test လုပ်ခြင်းတစုံတရာမပြုလုပ်ပေးခဲ့ပါ။ ကျနော်သည် Home Q. (၁၄) ပြည့်ပြီး အိမ်အပြင်ထွက်ခွင့်ရနေသော်လည်း ကျနော့ကို မည်သည့် ဆေးစစ်ဆေးမှုကိုမျှ မပြုလုပ်ပေးထားသောကြောင့် မိမိ မိသားစုထံကိုတောင် မပြန်ရဲသေးပါ။ ထို့နည်းတူပဲ ရွာမှ Home Q. ယူနေသူ (၃၆) ယောက်ကိုလည်း ဆေးစစ်မှုတစုံတရာမပြုလုပ်ထားပါဘဲ ရောဂါကင်းရှင်းသည်ဟုဆိုကာ မနက်ဖန် 7/4/2020 နေ့တွင် Home Q. ဖြုတ်ပေးပါတော့မည်။ ထိုသူများသည် ကျနော်ကဲ့သို့ ရောဂါအကြောင်းနားလည်၍ အိမ်တွင်ဆက်လက်နေနေလျှင်ကိစ္စမရှိ၊ အပြင်ထွက်ခွင့်ရပြီဆိုကာ နယ်တကာလှည့်လျှင်မည်သူတာဝန်ယူမည်နည်း။ swab ယူရန်ကျနော်ပြောတိုင်း criteria နှင့်ညီမှ ယူမည်ဟုသာအဖြေရရှိခဲ့ပါသည်။ ထို criteria သည် တနယ်နှင့်တနယ်မတူတာလား။ swab ယူမယူ မည်သူဆုံးဖြတ်သလဲ သိချင်လှပါသည် အစရှိသဖြင့် မတ် ၆ ရက် နံနက်ပိုင်းတွင် ရေးသားထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၆ ရက်နံနက်အထိ စာရင်းများအရ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၁ ဦးရှိပြီဖြစ်သည်။

Most Read

Most Recent