နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ မည်သည့် Quarantine မှလုပ်ဆောင်ရခြင်း မရှိဘဲ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ မည်သည့် Quarantine မှလုပ်ဆောင်ရခြင်း မရှိဘဲ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
မတ် ၂၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးတို့ တွေ့ဆုံစဉ် (Photo: Myanmar State Counsellor Office)
မတ် ၂၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးတို့ တွေ့ဆုံစဉ် (Photo: Myanmar State Counsellor Office)
Published 31 March 2020
နေရိုင်း

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ မည်သည့် Quarantine မှ လုပ်ဆောင်ရခြင်း မရှိဘဲ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ (မတ် ၃၁ ရက်) မွန်းလွဲပိုင်းတွင် ပြောကြားသည်။

လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့သူသည် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရခြင်းကြောင့် နိုင်ငံတော်အကြီးအကဲ ပုဂ္ဂိုလ်များအနေဖြင့် Quarantine ပြုလုပ်နေရကြောင်း သတင်းများ ထွက်ပေါ်လာမှုအပေါ် နိုင်ငံတော်သမ္မအိမ်တော် သတင်းထောက်များ၏ မေးမြန်းမှုကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ကျန်းမာရေး ကောင်းမွန်းပါတယ်၊ နိုင်ငံ့တာဝန်တွေကို ပုံမှန်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါတယ်၊ Self Quarantine ရော၊ Home Quarantine ရော ဘာမှလုပ်ဆောင်တာ မရှိပါ၊ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်" ဟု ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မတ် ၂၃ ရက်က တွေ့ဆုံခဲ့သူသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးဖြစ်ပြီး COVID-19 ရောဂါပိုး တွေ့ရှိမှုကြောင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံးကြီးတွင် သီးသန့်ခံယူနေရသူမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ရုံးဝန်ထမ်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

COVID-19 ကူးဆက်ရောဂါ ဖြစ်ပွားနေသည်အချိန်တွင် နိုင်ငံတော်အကြီးအကဲများအနေဖြင့် ဧည့်သည်လက်ခံ တွေ့ဆုံမှုများအား အထူးသတိထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် မြန်မာနိုင်ငံ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးတို့ တွေ့ဆုံခဲ့သည့် ဓာတ်ပုံများကိုအသုံးပြု၍ လူမှုကွန်ရက် စာမျက်နှာများ၌ ဖြန့်ဝေနေသူများကိုတွေ့ရှိရပြီး အကောင့်အတုများမှ ကောလာဟလများ ဖြန့်နေခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

Most Read

Most Recent