နေပြည်တော်တွင် ပြည်ပမှပြန်လာသူ ၂၆ ဦးကို ပုဗ္ဗသီရိ ခုတင် ၅၀ ဆေးရုံတွင် သီးခြားထားပြီး စောင့်ကြည့်မည်

နေပြည်တော်တွင် ပြည်ပမှပြန်လာသူ ၂၆ ဦးကို ပုဗ္ဗသီရိ ခုတင် ၅၀ ဆေးရုံတွင် သီးခြားထားပြီး စောင့်ကြည့်မည်
Published 27 March 2020
နေရိုင်း၊ အောင်ကိုကို

နေပြည်တော်တွင် ပြည်ပမှပြန်လာသူ ၂၆ ဦးကို ပုဗ္ဗသီရိ ခုတင် ၅၀ ဆေးရုံတွင် သီးခြားထား စောင့်ကြည့်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၏ ပြောကြားချက်အရ သိရသည်။

မတ် ၂၅ ရက် နေ့လယ်ပိုင်းက တရုတ်ပြည်မှ ပြန်လည်ဝင်ရောက်သူများကို ထားရှိထားခြင်းဖြစ်ပြီး ယင်းနောက်ထိုင်းမှ ဝင်ရောက်လာသူ အပါအဝင်စုစုပေါင်း ၂၆ ဦးရှိသွားပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောကြားသည်။

“အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီးက ရှစ်ယောက် စုစုပေါင်း ၂၆ ယောက်ပါ။ ဒါတွေက လူနာတွေမဟုတ်ပါဘူး။ WHO ညွှန်ကြားချက်နဲ့ အစိုးရလမ်းညွှန်ချက်အတိုင်း ကျွန်တော်တို့ ကနဦး စောင့်ကြည့်သူတွေပါ။ လောလောဆယ် သူတို့ကို ဒီဆေးရုံမှာ ထားတယ်။ အဲဒီကနေမှ ဖျားတဲ့လူနာတွေ တွေ့ပြီဆိုရင်တော့ နေပြည်တော် ခုတင် ၁၀၀၀ ဆးရုံပို့မှာပါ။ အဲဒီမှာ ဆေးကုသမှုအပိုင်း တွေလုပ်မှာပေါ့။ ဒါကတော့ ကာယကံရှင်တွေ ကိုယ်တိုင်က Home Quarantine မလုပ်နိုင်လို့ ဒီလိုဆေးရုံတွေမှာ စောင့်ကြည့်စောင့်ရှောက်တာ ခံမယ်ဆိုပြီး ရောက်လာသူတွေပါ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောကြားသည်။

ထိုင်းမှ အလုပ်လုပ်ပြီး ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်စောင့်ကြည့်သူ တစ်ဦး၏ မိသားစုဝင် တစ်ဦးက “ဒီထဲမှာ ကျွန်တော့်ညီနှစ်ယောက်လည်း ပါပါတယ်။ သူတို့က ထိုင်းမှာသွားအလုပ်လုပ်နေရာက နေရောဂါတွေ ဖြစ်တယ်ဆိုပြီး ပြန်လာကြတာ။ ရွာအဝင်ပေါက်တောင် မရောက်သေးဘူး၊ ရပ်ကွက်လူကြီးက ရွာထဲ အဝင်မခံဘဲ ဆေးရုံပို့လိုက်လို့ လိုက်လာတာပါ။ သူတို့ထိုင်းမှာ အလုပ်သွားလုပ်နေတာ ၂၀၀၈ ကတည်းကပါ” ဟု ပြောကြားသည်။

မတ် ၂၄ ရက်က နေပြည်တော်စည်ပင် သာယာရေး ကော်မတီထုတ်ပြန်ချက်တွင် COVID- 19 သံသယလူနာများ ပေါ်ထွက်လာပါက နေပြည်တော်စည်ပင်သာယာပိုင် ဇမ္ဗူသီရိအထူးကုဆေးရုံတွင် ကြိုတင်ပြင်ဆင်ခြင်း၊ စည်ပင်ဧည့်ရိပ်သာ (၂) တွင် ၁၄ ရက် သီးခြားခွဲခြားထားခြင်း၊ လိုအပ်ပါက သီးသန့်အဆောင်များ သတ်မှတ်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။                              

 

 

Most Read

Most Recent