အကျပ်အတည်းကာလနှင့် အစိုးရ၏ စီမံခန့်ခွဲနိုင်စွမ်း

အကျပ်အတည်းကာလနှင့် အစိုးရ၏ စီမံခန့်ခွဲနိုင်စွမ်း
Published 25 March 2020

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သည့် COVID-19 သည် မြန်မာနိုင်ငံပေါ်လည်း ကြီးစွာရိုက်ခတ်လျက်ရှိသည်။ ယမန်နေ့ ညနေပိုင်းအထိ အစိုးရ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦးရှိပြီ ဖြစ်သည်။ မတ် ၂၃ ရက်ညပိုင်းက မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိသည်ဟု ထုတ်ပြန်လိုက်သည့် နောက်တွင် လူအများကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အကြောက်တရားကြောင့် အလုအယက်စျေးဝယ်သူများ ရှိခဲ့သည်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် အီတလီအပါအဝင် ဥရောပနိုင်ငံများ၊ အမေရိကန်၊ အီရန်စသော နိုင်ငံများတွင် လျင်လျင်မြန်မြန်ကူးစက်ပြီး ကြောက်ရွံ့ထိတ်လန့်ဖွယ် သေဆုံးမှုများ ရှိခဲ့သည်။ ထိုသို့သော အခြေအနေတွင် တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံးနိုင်ငံတွင် ပါဝင်သော မြန်မာနိုင်ငံအနေဖြင့် တတိယလှိုင်းသဖွယ် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ရိုက်ခတ်လာမှုကို စတင်ကြုံတွေ့ရသည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအနေဖြင့် COVID-19 ကို ရင်ဆိုင်ရန် အချိန်များစွာရရှိသည်ဟုပင် မှတ်ယူရမည့်အခြေအနေ ဖြစ်သည်။

COVID-19 ရောဂါ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိပြီဟု ကြေညာသည့်အချိန်တွင် တာဝန်ရှိသည့်အစိုးရအနေဖြင့် ၎င်းတို့၏အစီအမံများကို ပြည်သူလူထုထံ အလျင်အမြန် စီးဆင်းနိုင်ရန်၊ သက်ရောက်ရန် ကြိုးစားအားထုတ်ကြရတော့မည် ဖြစ်သည်။ လက်ရှိအခြေအနေကို ကြည့်လျှင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ် ဝေဖန်မှုအချို့လည်း ရှိနေသည်။ အထူးသဖြင့် ထိုင်းနိုင်ငံမှ အုံနှင့်ကျင်းနှင့် ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ရောဂါပိုးပါဝင်လာမှု ရှိ မရှိ စိစစ်ခြင်း၊ အကန့်အသတ်များဖြင့် စောင့်ကြည့်လုပ်ဆောင်ခြင်း အားနည်းခဲ့သည်ဆိုသည့်အချက်ကို အများက ထောက်ပြကြသည်။ ထို့ပြင် သက်ဆိုင်ရာအာဏာပိုင်များ၏ ရောဂါကာကွယ်မှုနှင့် ယင်းသို့ကာကွယ်ရာတွင် လုပ်ဆောင်ရမည့် အချက်အလက်များ နိုင်ငံသားတို့၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ် အများသိရှိရန် ထုတ်ပြန်နိုင်စွမ်းတွင် အားနည်းချက်များရှိခဲ့သည်ဟု ဝေဖန်ခဲ့ကြသည်။ မှားယွင်းသောသတင်းများ၊ ကောလာဟလများ ဖြန့်ချိမှုများကို အရေးယူရန်လုပ်ဆောင်ခြင်းထက် မှန်ကန်သောသတင်းများ၊ အများပြည်သူအတွက် ထိရောက်သော လုပ်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လုပ်ဆောင်နိုင်စွမ်းသည် လက်ရှိကာလတွင် ပို၍အရေးကြီးနေပေသည်။ ပြည်သူအကျပ်အတည်းဖြစ်နေချိန်တွင် အစိုးရက အချိန်မလပ်ပြန်ကြားပေးနိုင်ရမည်။ လူထုသိချင်သော မေးခွန်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေကြားပေးနိုင်ရမည်။ ထိုသို့ဖြေကြားရာတွွင် ရိုးသား၍ ပွင့်လင်းမြင်သာမှုရှိရန် အရေးကြီးသည်။ မှန်ကန်သောအချက်အလက်၊ ယုတ္တိရှိသောအကြောင်းအရာများနှင့် ထိရောက်အကျိုးရှိသော အခြေအနေများကို ချပြရှင်းလင်းနိုင်ရမည်။ ထိုသို့ဆိုလျှင် လူအများကြား ပျံ့နှံ့နေသော မှန်ကန်မှုမရှိသည့် သတင်းများ၊ ကောလာဟလများသည် ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ လူထုအနေဖြင့်လည်း အစိုးရအာဏာပိုင်တို့အပေါ် အယုံအကြည်ရှိစွာဖြင့် နောက်မှမှန်ကန်စွာ လိုက်နာလုပ်ဆောင်ကြလိမ့်မည်။

အကျပ်အတည်းကာလတွင် အခြေအနေနှင့် အချိန်အခါအပေါ်လိုက်၍ လူထုသိသင့်သည့် အကြောင်းအရာများ၊ လိုအပ်ချက်များကို လုပ်ဆောင်ပေးရမည်မှာ အစိုးရ၏တာဝန် ဖြစ်သည်။ ကပ်ဘေးမကြုံမီ ရင်ဆိုင်ရမည့် အခြေအနေများ၊ ပြင်ဆင်ရမည့်အရာများနှင့် ကပ်ဘေးဖြစ်ပွားသည့်အချိန်တွင် ရင်ဆိုင်ရမည့်အခြေအနေနှင့် ပြင်ဆင်လုပ်ဆောင်မှုသည် တူနိုင်မည်မဟုတ်ပေ။ ကပ်ဘေးပြီးဆုံးသွား၍ ပြန်လည်ထူထောင်ရတော့မည့် အချိန်တွင်လည်း ရင်ဆိုင်ကြုံတွေ့ရမည့်အခြေအနေနှင့် ပြင်ဆင်ရမည့်အရာများသည် ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် အခြေအနေနှင့် အချိန်အခါပေါ်လိုက်၍ ဦးဆောင်သူအစိုးရ၏ လုပ်ဆောင်ချက်များသည် ပြည်သူတို့အပေါ် သက်ရောက်ပေလိမ့်မည်။ လက်ရှိရောဂါကပ်ဘေးသည် တစ်ကမ္ဘာလုံးကို ရိုက်ခတ်နေပြီဖြစ်ရာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုနှောင့်နှေးနေသော နိုင်ငံအနေဖြင့် သက်ရောက်နိုင်မှုအတိုင်းအဆသည် ခန့်မှန်းရန်ပင်ခက်ပေလိမ့်မည်။ ထိုအခါ အစိုးရ၏ Disaster Management ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲနိုင်မှုသည် များစွာအရေးကြီးသည်ဟု ပြောကြားခြင်းဖြစ်သည်။ ထိုသို့စီမံခန့်ခွဲရာ၌ အလွယ်ကူဆုံးနှင့် အရေးကြီးဆုံးသည် မှန်ကန်သောသတင်းများအား အချိန်နှင့်တစ်ပြေးညီ ပြည်သူထံ ပို့ဆောင်ပေးမှုဖြစ်သည်။ သို့ဖြစ်ရာ ယခုကဲ့သို့ အရေးပေါ်ကာလမျိုးတွင် ပွင့်လင်းရိုးသား၍ တိကျမှန်ကန်သော သတင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များ စနစ်တကျလုပ်ဆောင်ထားသော ဆောင်ရွက်ချက်များကို အစိုးရအနေဖြင့် ပြည်သူထံ တင်ပြနိုင်ရေးသည် များစွာလိုအပ်သော ကိစ္စတစ်ခုဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 (မတ်လ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent