ဘေးအန္တရာယ်များနှင့် စီမံခန့်ခွဲရေး

ဘေးအန္တရာယ်များနှင့် စီမံခန့်ခွဲရေး
Published 14 March 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှုအား ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် မတ် ၁၁ ရက်က သတ်မှတ်ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံ၌လည်း အဆိုပါရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာနိုင်ခြေ ရှိနေခြင်းသည် အများပြည်သူကျန်းမာရေးနှင့် အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်တစ်ရပ် ဖြစ်လာသည်။ ထို့ကြောင့် သင့်တော်မှန်ကန်ပြီး စနစ်ကျသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု (Risk Management) က အရေးတကြီး လိုအပ်လာသည်။

ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အမျိုးအမည် ဖော်ထုတ်ခြင်း၊ ချင့်ချိန် ဆုံးဖြတ်ခြင်းနှင့် ဦးစားပေးလုပ်ငန်းများ ရွေးချယ်ခြင်းတို့ ပြုလုပ်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု (Risk Management) ဟုခေါ်သည်။ ယင်းနောက်တွင် အခွင့်အလမ်းများကို သိမြင်နိုင်မှု အမြင့်ဆုံးဖြစ်စေရန် သို့မဟုတ် ကံမကောင်းသော အဖြစ်အပျက်များ၏ ရိုက်ခတ်ချက် သို့မဟုတ် ဖြစ်နိုင်ခြေကို အနည်းဆုံးဖြစ်စေရန် စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့အတွက် ရင်းမြစ်များ အသုံးချမှုကို ငွေကြေးကုန်ကျမှု သက်သာစေရန်နှင့် အချိုးညီစွာ ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲမှုက ကပ်လျက်လိုက်လာသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်မှာ မရေရာမှုများက လုပ်ငန်းဆောင်ရွက်မှု ရည်မှန်းချက်များအတွက် အားထုတ်မှုများကို လွဲချော်တိမ်းစောင်းသွားမှု မရှိစေရေး သေချာစေရန်ဖြစ်သည်။

ဘေးအန္တရာယ်များသည် အမျိုးမျိုးသော ဇာစ်မြစ်များမှ ဖြစ်ပေါ်လာနိုင်သည်။ ယင်းတွင် စီးပွားရေးစျေးကွက်များ၊ စီမံကိန်း မအောင်မြင်မှုမှလာသော ခြိမ်းခြောက်မှုများ၊ ဥပဒေရေးရာ ဝန်ထုပ်ဝန်ပိုးများ၊ အကြွေးတင်ရှိခြင်းနှင့် ပတ်သက်သော အန္တရာယ်များ၊ မတော်တဆမှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ရန်သူများက တမင်ရည်ရွယ် တိုက်ခိုက်မှုများနှင့် မရေရာသော ကြိုတင်ခန့်မှန်း၍မရသော အဖြစ်အပျက်များ ပါဝင်သည်။ အဖြစ်အပျက်များအား အမျိုးအစားနှစ်ခုခွဲနိုင်သည်။ အနုတ်လက္ခဏာ သဘောဆောင်သော အဖြစ်အပျက်များကို ဘေးအန္တရာယ်များဟု သတ်မှတ်ပြီး အပေါင်းလက္ခဏာ သဘောဆောင်သော အဖြစ်အပျက်များကို အခွင့်အလမ်းများဟု သတ်မှတ်သည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စံသတ်မှတ်ချက် အများအပြားကို သက်ဆိုင်ရာ အဖွဲ့အသီးသီးက သတ်မှတ်ထားကြသည်။ စီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှု၊ လုံခြုံရေး၊ အင်ဂျင်နီယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာ၊ အများပြည်သူကျန်းမာရေးနှင့် အများပြည်သူဘေးကင်းလုံခြုံရေး အစရှိသော အကြောင်းအရာများနှင့် အခြေအနေရပ်များအပေါ် မူတည်လျက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၏ နည်းလမ်းများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ရည်မှန်းချက်များသည် အလွန်ကွဲပြား ခြားနားလှသည်။

ခြိမ်းခြောက်မှုများကို စီမံခန့်ခွဲသည့် မဟာဗျူဟာများ၌ ခြိမ်းခြောက်မှုကို ရှောင်ရှားနိုင်ရေး၊ မကောင်းသော သက်ရောက်မှု သို့မဟုတ် မကောင်းသော ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရေး၊ ခြိမ်းခြောက်မှု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးကို အခြားဘက်သို့ ရွှေ့ပြောင်းနိုင်ရေး၊ သက်ဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်၏ ဖြစ်နိုင်ခြေရှိသော သို့မဟုတ် အမှန်တကယ် ဖြစ်လာမည်ဖြစ်သော အကျိုးဆက်များ အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပိုမိုဆိုးရွားမလာအောင် ထိန်းထားနိုင်ရေးနှင့် အခွင့်အလမ်းများ ရှာဖွေနိုင်ရေး အစရှိသည်တို့ ပါဝင်တတ်သည်။ သို့သော် ဘေးအန္တရာယ်နှင့်ပတ်သက်၍ တိုင်းတာ၍ရသော တိုးတက်မှုမရှိခြင်းကြောင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စံသတ်မှတ်ချက် အများအပြားသည် အချို့သော ရှုထောင့်များမှနေ၍ ဝေဖန်မှုခံရတတ်သည်။

မည်သို့ပင်ဖြစ်စေ သက်ဆိုင်ရာဘေးအန္တရာယ်အား လျော့ပါးသွားစေရန်နှင့် ဆက်လက်ကြီးထွားမလာအောင် တားဆီးပေးရန်တို့အတွက် သင့်တော်မှန်ကန်ပြီး စနစ်ကျသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများဖြင့် မည်သည့်ဘေးအန္တရာယ်ကိုမဆို စံသတ်မှတ်ချက်များအတိုင်း စနစ်တကျ စီမံခန့်ခွဲနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

 (မတ်လ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent