Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ကံဆိပ်ကျေးရွာနှင့် ကန့်ဘလာကျေးရွာတွင် တည်ဆောက်ပေးနေသည့် ရေဝေကန်တည်ဆောက်မှုပြီးစီး၍ မကြာမီရေပေးဝေနိုင်မည်

Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ကံဆိပ်ကျေးရွာနှင့် ကန့်ဘလာကျေးရွာတွင် တည်ဆောက်ပေးနေသည့် ရေဝေကန်တည်ဆောက်မှုပြီးစီး၍ မကြာမီရေပေးဝေနိုင်မည်
ကံဆိပ်ကျေးရွာရှိ ရေပေးဝေရေးရေလှောင်ကန်ကို တွေ့ရစဉ်
ကံဆိပ်ကျေးရွာရှိ ရေပေးဝေရေးရေလှောင်ကန်ကို တွေ့ရစဉ်
Published 8 March 2020
မင်းသူဝင်းထွဋ်

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ နှစ်စဉ်သောက်သုံးရေ ရှားပါးပြတ်လပ်လေ့ရှိသည့် လပွတ္တာမြို့နယ် ကံဆိပ်ကျေးရွာနှင့် ကန့်ဘလာကျေးရွာများတွင် တည်ဆောက်ပေးနေသည့် ရေဝေကန်တည်ဆောက်မှုများ ပြီးစီးပြီဖြစ်ကာ ကျေးရွာအတွင်း ရေပေးဝေ ရေးပိုက်လိုင်းများ စတင်သွယ်တန်းလျက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း နေအိမ်များ အရောက်ရေပေးဝေရေးလုပ်ငန်းများ စတင်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၆ ခုနှစ်တွင် Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ကံဆိပ်ကျေးရွာ၌ တူးဖော်လှူဒါန်းခဲ့သည့် သောက်သုံးရေ ဂါလန်တစ်သိန်းငါးသောင်းကျော် သိုလှောင်နိုင်သည့် မြေသားရေလှောင်ကန်မှတစ်ဆင့် ကျေးရွာအတွင်းသို့ ရေသယ်ယူကာ အုတ်ရေလှောင်ကန်တွင် ထပ်ဆင့်သိုလှောင်၍ ကျေးရွာအတွင်းရှိ နေအိမ်များရှေ့အရောက် ရေပိုက်လိုင်းများ သွယ်တန်းကာ ရေလှူဒါန်းမှုပြုလုပ်နိုင်ရေးအတွက် ရေဂါလန် ၁၃၅၀ ဆံ့ ရေပေးဝေရေး အုတ်ရေလှောင်ကန် တည်ဆောက်နေမှုမှာ ပြီးဆုံးသွားပြီဖြစ်ပြီး အုတ်ရေကန်သန့်ရှင်းခိုင်ခံ့ရေးနှင့် ကျေးရွာအတွင်း ရေပိုက်သွယ်တန်းမှုများကို စတင်ပြုလုပ်နေပြီဖြစ်သည်။               

ထို့အတူ ၂၀၁၆ ခုနှစ်အတွင်း Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ကန့်ဘလာကျေးရွာတွင် တူးဖော်လှူဒါန်းခဲ့သည့် သောက်သုံးရေဂါလန် ၁၄ သိန်းကျော် သိုလှောင်နိုင်သည့် မြေသားရေလှောင်ကန်မှတစ်ဆင့် ကျေးရွာအတွင်းသို့ ရေသယ်ယူကာ အုတ်ရေလှောင်ကန်တွင် ထပ်ဆင့်သိုလှောင်၍ ကျေးရွာအတွင်းရှိ နေအိမ်များရှေ့အရောက် ရေပိုက်လိုင်းသွယ်တန်းကာ ရေလှူဒါန်းမှု ပြုလုပ်နိုင်ရေးအတွက် ရေဂါလန် ၁၃၅၀ ဆံ့ အုတ်ရေ လှောင်ကန်တည်ဆောက်မှုမှာ ပြီးဆုံးသွားပြီဖြစ်ပြီး အုတ်ရေကန်သန့်ရှင်းခိုင်ခံ့ရေးနှင့် ကျေးရွာအတွင်း ရေပိုက်သွယ်တန်းမှုများကို စတင်ပြုလုပ်နေပြီကြောင်း သိရသည်။

“ အုတ်ရေလှောင်ကန်ကတော့ အကုန်ပြီးသွားလို့ ကွဲမထွက်အောင် ရေကျင့်သားရအောင် စထည့်ထားနေပြီ။ ကန်ကနေ စက်တွေလည်း အကုန်ဆင်ပြီးတော့ ကန်ထဲရေပို့တာ လုပ်ပြီးပြီ။ ရေဝေကန်ကနေ ရွာတွေထဲကို ပိုက်လိုင်းသွယ်တာကို လုပ်နေပြီဆိုတော့ နောက်ငါးရက်လောက်ဆို ရွာထဲမှာ ရေကိုကန်မှာ သွားခပ်စရာမလိုတော့ဘဲ ကိုယ့်အိမ်ရှေ့က ရေပိုက်မှာ ကိုယ်ယူလို့ရပြီ။ တစ်ခါမှ ကျွန်တော်တို့ မကြုံဖူးတဲ့ လှူဒါန်းမှုပါပဲ။ ရေကန်တူးဖို့ မြေနေရာလာရှာတုန်းက အခုလောက်အထိ လုပ်ပေးမယ်လို့မထင်မိဘူး။ ကျွန်တော့် လယ်ယာမြေကို ရေကန်တူးဖို့ လှူဒါန်းခွင့်ရတာကို အခုမှ ပိုဝမ်းသာရတယ်။ ကျွန်တော်တို့ ရွာလေး အတော့်ကို အဆင်ပြေသွားတာ” ဟု ကန့်ဘလာကျေးရွာတွင် Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ မြေသားရေလှောင်ကန် တူးဖော်လှူဒါန်းနိုင်ရန် မြေနေရာအား ကျေးရွာသို့ လှူဒါန်းပေးသူ ဦးမြင့်ဌေးက ဆိုသည်။

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ လပွတ္တာမြို့နယ်တွင် ကုန်းကြီးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ ရွေးစုစည်းကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ စလူဆိပ်ကျေးရွာ၊ ပြင်ကနုကုန်းကျေးရွာ၊ ငပုတောမြို့နယ်တွင် မကျီးချိုင်ကျေးရွာ၊ ကုန်းသာယာကျေးရွာ၊ ဘိုကလေးမြို့နယ်တွင် ချောင်းဗြဲကြီးကျေးရွာ၊ သမစိတ္တကျေးရွာ၊ ခြောက်ဂငယ်ကျေးရွာ၊ လိပ်သောင်ရေကျော်ကျေးရွာ၊ လမုအုပ်ကလေးကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လမုတပင်ကျေးရွာ၊ သစ်နီဇွဲကျေးရွာ၊ ကန်စုကျေးရွာ၊ ငပုတောမြို့နယ်တွင် ဘီလူးချောင်းကျေးရွာတို့တွင် မြေသားနှင့် ကျောက်သား ရေလှောင်ကန်များ တူးဖော်လှူဒါန်းပေးထားခဲ့ပြီး သာပေါင်းမြို့နယ်တွင် မြတောင်ညိုဒေသတွင် စက်ရေတွင်းတစ်တွင်းအား တူးဖော်လှူဒါန်းပေးထားနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent