ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် AA အဖွဲ့အနေဖြင့် ပိုမိုအ ရေးနိမ့်လာသည့်အတွက် တပ်မတော်က ဓာတုလက်နက်သုံးစွဲသည်ဆိုသော စွပ်စွဲချက်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မတ် ၈ ရက်က ရန်ကုန် ခေတ်သစ်မီဒီ ယာ အွန်လိုင်းသတင်းဌာန၏ လူမှုကွန်ရက်တွင် “တပ်မတော်ဂျက်တိုက်လေယာဉ်များ မီးလောင်ဗုံးနှင့် ဓာတုအဆိပ်ငွေ့ပါသောဗုံး များဖြင့်တိုက်ခိုက်ဟု AA မှ ခိုင်သုခပြော၊ တပ်မတော် အတည်မပြု” ဆိုသည့် သတင်း ဖော်ပြချက်နှင့်ပတ်သက်၍ The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းရာတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန် ခေတ်သစ်မီဒီယာအွန်လိုင်း သတင်းဌာန၏ သတင်းတွင် ယမန်နေ့က ရခိုင်တိုက်ပွဲများတွင် တပ်မတော်ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ရာတွင် မီးလောင်ဗုံးနှင့် ဓာတုအဆိပ်ငွေ့ပါသော ဗုံး များကြဲချတိုက်ခိုက်သည်ဟု ယူဆရကြောင်း၊ ကျေးရွာသားအချို့နှင့် ကလေးအချို့ နှာ ခေါင်းသွေးယိုခြင်းနှင့် နားစည်မှသွေးယိုခြင်း များ ဖြစ်ပွားနေကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုသည်ဟု ဖော်ပြ ထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဓရခိုင်တိုက်ပွဲ နောက်ဆုံးအခြေအနေကတော့ AA ဖြစ်နေတာက အထက်မှာ လေပဲရှိပါတော့တယ်။ မည်သည့် နေရာကိုမှလည်း သူတို့ ရရှိနိုင်ခဲ့ခြင်းမရှိဘူး။ ဒါကြောင့်သူတို့ရဲ့ တိုက်ပွဲက ဘယ်နေရာကို ရွေ့လာလဲဆိုတော့ ရပ်ရွာအနီးအနားတွေမှာ ရွေ့လာတာရှိတယ်။ မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်တာတွေ လုပ်လာတာရှိတယ်။ တိုက်ပွဲဖြစ်ချင်ယောင်ဆောင်ပြီး ရွာထဲကို ပစ်တဲ့ဟာမျိုးတွေ ရှိလာတယ်။ အဲဒီလိုရှိလာ တဲ့အပြင် အခုအချိန်မှာ ပိုပြီးအရေးနိမ့်လာတဲ့အတွက်ကြောင့်မို့လို့ ဓာတုလက်နက်လို ဟာမျိုးတို့ စွပ်စွဲချက်တွေ ပေါ်ပေါက်လာခြင်း ဖြစ်တယ်” ဟု The Daily Eleven သတင်းစာကို ပြန်လည်ဖြေကြားသည်။
ထို့ပြင် တပ်မတော်အနေဖြင့် တိုက်ပွဲအ တွင်း တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြု၍ တိုက်ခိုက်မှုများရှိသော်လည်း ရန်သူ့စခန်းနှင့် ရန်သူ့နေရာများကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်း လင်းပြောကြားသည်။
“အဓိကကတော့ ရန်သူ့စခန်းရှိတဲ့နေ ရာ ရန်သူ့နေရာတွေကိုပဲ တိုက်တာပါ။ ကလေးတွေက သွေးယိုတယ်တို့ ဘာတို့ဆို တာတော့ မရှိပါဘူး။ သူတို့ AA က လုပ်ရင် တော့ မပြောတတ်ဘူး။ ဘယ်ရွာမှာမှလည်း မရှိခဲ့ဖူးပါဘူး။ ဒါနဲ့ပတ်သက်လို့ တစ်ဖက် သတ်စွပ်စွဲချက်ပဲဖြစ်တယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တိုက် လေယာဉ်တွေသုံးတာတို့၊ ရဟတ်ယာဉ်တွေ သုံးတာတို့ မရှိခဲ့ဘူးလားဆိုတော့ ရှိခဲ့ပါ တယ်။ ရှိခဲ့တာတွေကလည်း ရန်သူ့စခန်းပဲ တိုက်တာပါ။ ကျွန်တော်တို့က ရွာနားလေးမှာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက် တာ မဟုတ်ဘူး။ ရွာနားလေးမှာ တကယ် တိုက်ပွဲဖြစ်ခဲ့လို့ရှိရင် သူတို့ဘက်ကနေပြီး အရပ်ဝတ်နဲ့ AA တစ်ယောက်ထိမှန်ရင် တောင်မှ အရပ်သားဆိုပြီး အမြဲတမ်းစွပ်စွဲနေ တာပဲ။ ဒီလိုမျိုး လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ သာ ရွာမှာတကယ်လုပ်ခဲ့ရင် အုတ်အော်သောင်းတင်းဖြစ်နေတာ ကြာပြီ။ တပ်မတော် က လုပ်ရိုးထုံးစံလည်း မရှိဘူး။ လုပ်လည်း မလုပ်ဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
ထိုသို့ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် များ အသုံးပြု၍ တိုက်ခိုက်ခြင်းသည် တပ် မတော်အနေဖြင့် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး၌ သုံးသင့်သည့်အင်အားနှင့် သုံးသင့်သည့်လက်နက်ကို အသုံးပြုခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် မြန်မာ့တပ်မတော်တွင် ဓာတု လက်နက်မရှိသည့်အပြင် ထုတ်ရန်ရည်ရွယ်ချက်လည်းမရှိကြောင်းနှင့် အသုံးပြုဖူးခြင်းလည်း မရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆိုသည်။
“မြန်မာ့တပ်မတော်မှာ ဓာတုလက်နက် ရှိလည်းမရှိဘူး။ ထုတ်ဖို့လည်း ရည်ရွယ်ချက် လည်းမရှိဘူး။ အရင်တုန်းကလည်း မရှိခဲ့ဖူးပါ ဘူး။ သုံးလည်း မသုံးခဲ့ဖူးပါဘူး။ ဒီဟာနဲ့ပတ် သက်ပြီးတော့လည်း ကျွန်တော်တို့ ခဏခဏ ရှင်းလင်းပြီး ပြောပါတယ်။ AA အဖွဲ့အနေနဲ့ သူတို့အရေးနိမ့်လာတဲ့အချိန်မှာ ဒီလိုစွပ်စွဲ ချက်တွေတော့ ပေါ်ပေါက်နေဦးမှာပဲ ဖြစ်ပါ တယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် ဓာတုလက်နက်တား မြစ်ရေး တစ်ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်ထားပြီး ၁၉၈၀ ပြည့်နှစ် များမှစ၍ ဓာတုလက်နက်များ သိုလှောင် ထားဖွယ်ရှိသည်ဟု အမေရိကန်က ၂၀၁၉ ခု နှစ် နိုဝင်ဘာ ၂၅ ရက်က စွပ်စွဲထားသည်။















