မြို့ကလေးမှာရှိသည့် ကျွန်တော့်အိမ်ကိုပြန်တိုင်း အိမ်ရောက်ပြီဆိုသည်နှင့် ဖင်ပူအောင်မနေတတ်သည့် ကျွန်တော်သည် ယခုလည်း ဆိုင်ကယ်မောင်းပြီး ဦးတည်ချက်မဲ့ ထွက်လာခဲ့သည်။ ဤသို့နှင့် ကျွန်တော်သည် မမောင်းသည်မှာ ကြာပြီဖြစ်သည့် ဆိုင်ကယ်ကို ဖြည်းဖြည်းလေး မောင်းရင်း ဘေးဘီဝဲယာကို ကြည့်နေသည့်အချိန်တွင် လမ်းဘေးတွင် ခြေကားယား လက်ကားယားနှင့် လျှာလေးတစ်လစ်ထွက်ကာ သေနေသည့် ခွေးလေးတစ်ကောင်ကို တွေ့လိုက်ရသည်။ တဒင်္ဂလေးအတွင်း ကျွန်တော့်ရင်ထဲတွင် စို့နစ်ကြေကွဲသွားသည်။ ကြည့်ရသည်မှာ လမ်းပေါ်မှာ အရှိန်အဟုန်ပြင်းပြင်းနှင့် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးစီး၊ ကားတစ်စီးစီးမှ ခွေးလေးလမ်းဖြတ်ကူးနေသည့်အချိန် သို့မဟုတ် လမ်းပေါ်မှာ အိပ်နေသည့်အချိန် တိုက်သွားခြင်းဖြစ်လိမ့်မည်။ ပြီးသည့်အခါ ခွေးလေးသည် အဖြူရောင်နှင့် အညိုရောင်စပ်ထားသည့် အရောင်အဆင်းရှိပြီး နှုတ်သီးလေးမှာ မည်း၍နေကာ မြင်ရသူတိုင်းကို ချစ်ခင်နှစ်သက်စေလိမ့်မည်ဟု ကျွန်တော်ထင်မိပါသည်။
စစချင်း အတိုက်ခံလိုက်ရသည့်အချိန်တုန်းက ခွေးလေးသည် လမ်းပေါ်မှာ တုံးလုံးလေးလဲနေလိမ့်မည်။ ခွေးလေးပါးစပ်မှလည်း နာကျင်လွန်းသဖြင့် တဂိန်ဂိန်နှင့် အော်နေလိမ့်မည်။ ပြီးလျှင် ခွေးလေးသည် ဝေဒနာများကို အပြင်းအထန်ခံစားပြီး အသက်ထွက်သွားလိမ့်မည်။ ထို့နောက် အမြင်မတော်သည့် လူတစ်ယောက်ယောက်က လမ်းပေါ်မှာ သေနေသည့် ခွေးလေးကို တရွတ်တိုက်ဆွဲပြီး လမ်းဘေးသို့ နေရာရွှေ့ထားလိုက်ခြင်း ဖြစ်လိမ့်မည်။ အဘယ်ကြောင့် ထိုသို့ ကျွန်တော်ပြောရသနည်းဆိုသော် ကွန်ကရစ်လမ်းပေါ်မှာ တင်ကျန်နေသည့် ခွေးလေး၏ သွေးများကို မြင်လိုက်ရသောကြောင့်ပင် ဖြစ်ပါသည်။
ကျွန်တော်တို့အိမ်မှာမွေးထားသည့် ခွေးလေးသာ ယခုလိုမျိုး ဖြစ်သွားလျှင် ခွေး လေးကိုတိုက်သွားသည့် ယာဉ်သည် ဆိုင်ကယ်လား၊ ကားလားဆိုသည်ကို အရင်စုံစမ်းမည်။ ယာဉ်အတိအကျ သိရပြီဆိုသည်နှင့် ထိုယာဉ်ကို မောင်းနှင်သည့် လူ၏ နာမည် မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းမည်။ ပြီးလျှင် ထိုလူ၏ နေရပ်လိပ်စာကို ထပ်မံစုံစမ်းမည်။ အားလုံး သိရပြီဆိုသည်နှင့် ထိုလူ၏ အိမ်သို့သွားပြီး ခွေးလေးကို ဘယ်လိုကြောင့် တိုက်မိသွားသည်ဆိုသည်ကို အရင်ဆုံးမေးမည်။ ပြီးမှ ကျွန်တော်သည် ထိုလူကို ဘာလုပ်သင့်သည်၊ ညာလုပ်သင့်သည်ဆိုသည်ကို စဉ်းစားဆုံးဖြတ်မည်ပင်ဖြစ်ပါသည်။ ကျွန်တော်ကသာ ခွေးလေးအတွက် မည်သို့တုံ့ပြန် ဆောင်ရွက်မည်ဆိုသည်များကို စိတ်ကူးနှင့် Plan များ တစ်သီတစ်တန်းကြီး ချနေသော်လည်း ထိုခွေးလေးမှာ ပိုင်ရှင်ရှိ၊ မရှိ ကျွန်တော် မသိပါ။
ခွေးလေးသည် ဝဝကစ်ကစ်လေး ဖြစ်သောကြောင့် ခွေးလေးသေနေသည့် အနီးမှာရှိသည့်လူများက အစားအသောက်များ ပိုလျှံနေ၍သော်လည်းကောင်း ချစ်ခင်နှစ်သက်၍သော်လည်းကောင်း ကျွေးကြပေလိမ့်မည်။ ခွေးလေးအသက်ရှိစဉ်တုန်းက ထိုလူများသည် ခွေးလေးကို နာမည်တစ်မျိုးမျိုးနှင့် ခေါ်ပြီး ချော့မြှူကြပေလိမ့်မည်။ သို့သော်လည်း ယခုခွေးလေးသေနေချိန်တွင်မူ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ကြည့်ရှုခြင်း မရှိကြတော့ပေ။ ထို့ကြောင့် လူ့စိတ်သည် ဆန်းကြယ်လှပေသည်။
ယခုဖြစ်နေသည့် ဖြစ်ရပ်လေးနှင့် ခပ်ဆင်ဆင်တူသည့် ဖြစ်ရပ်လေးတစ်ခုကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။ ထိုဖြစ်ရပ်လေးကို ပြောပြလိုသည်။ ကျွန်တော်နေသည့် အဆောင်အောက်ထပ်ရှိ ဘယ်ဘက်အစွန်ဆုံးအခန်းတွင် မိသားစုတစ်စုနေသည်။ ထိုမိသားစုသည် လမ်းပေါ်တွင် ပိုင်ရှင်မရှိဘဲ လျှောက်သွားနေသည့် ခွေးတစ်ကောင်ကိုခေါ်ပြီး ကျွေးမွေးထားသည်။ ထိုသို့ ကျွေးမွေးထားသည့်အတွက် အဆောင်ကို သူခိုးများ ကပ်ခြင်းမှ ကာကွယ်နိုင်သည်ဟုလည်း အဆောင်ပိုင်ရှင် ငြိုငြင်မည်စိုး၍ ကြွေးကြော်ထားသေးသည်။ အဆိုပါခွေးသည် တစ်နေ့တွင် အခြားခွေးတစ်ကောင်နှင့် ကိုက်သည့်အချိန်တွင် ခံလိုက်ရသည်။ ထိုအခါ သူတို့ မိသားစုသည် အကြင်နာများ မေတ္တာများ ဂရုဏာများပြည့်ဝနေသည့် အသံပေါင်းစုံနှင့် ဆေးများဝိုင်းထည့်ပေးနေကြသည်။ ထိုအချိန်တွင် မြင်လိုက်ရသည့် ကျွန်တော့်မှာ ပီတိဖြစ်မိသည်။ ထို့ပြင် ကျွန်တော်ကိုယ်တိုင်ကလည်း ခွေးချစ်တတ်သူတစ်ယောက် ဖြစ်သောကြောင့် သူတို့မိသားစု၏ စိတ်ဓာတ်ကို လေးစားနေမိသည်။
နေ့များ၊ လများ၊ နှစ်များသည် တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားသည်။ ထို့အတူ နွေ၊ မိုး၊ ဆောင်း ရာသီဥတုတို့သည်လည်း တစ်လှည့်စီ ပြောင်းလဲသွားသည်။ ထို့ကြောင့် သူတို့မိသားစု မွေးထားသည့်ခွေးသည် ကျွန်တော်တို့အဆောင်မှ လူများနှင့် နေထိုင်ရသည်ကို အသားကျသွားပြီဖြစ်သည်။ ထို့ပြင် ရံဖန်ရံခါဆိုသလို သူတို့မိသားစုမွေးထားသည့်ခွေးသည် အဆောင်ပေါ်သို့ လာတက်အိပ်တတ်သည်။ အခန်းတိုင်း၏ရှေ့တွင် ထားရှိသော အမှိုက်အိတ်များကို ကိုက်ဖောက်ပြီး စားကြွင်းစားကျန်များကို စားတတ်သည်။ တစ်ညတွင်ဖြစ်သည်။ ကျွန်တော်သည် တစ်ရေးနိုးလာပြီး အပေါ့ထသွားသည့်အချိန်တွင် လျှောက်လမ်းတစ်လျှောက်တွင် စားကြွင်း စားကျန်များ ပြန့်ကျဲ၍နေသည်။ ထိုစားကြွင်း စားကျန်များအနီးတွင် သူတို့မိသားစုမွေးထားသည့်ခွေးသည် အိပ်နေသည်။ ဒင်းလက်ချက်ပင်ဖြစ်သည်။ ကျွန်တော်အချိန်မဆိုင်းနေဘဲ အဆောင်အောက်သို့ မောင်းချလိုက်သည်။ ထိုသို့ မမောင်းချလျှင် အဆောင်အပေါ်ထပ် တစ်ထပ်လုံး စာကြွင်းစားကျန်များနှင့် ပေရေညစ်ပတ်သွားလိမ့်မည်ပင် ဖြစ်သည်။
တနင်္ဂနွေနေ့၏ နွေနေ့လယ်ခင်းတစ်ခုတွင် သူတို့ မိသားစုမွေးထားသည့်ခွေးသည် တစ်အိုင်အိုင်နှင့် အော်ကာ အဆောင်ဆီသို့ ပြေးလာနေသည်ကို ကျွန်တော်ဝရန်တာမှာ ထွက်ရပ်နေသည့်အချိန်တွင် တွေ့လိုက်ရသည်။ ထိုအခါ သူတို့မိသားစုသည် အော်ကြီးဟစ်ကျယ်နှင့် ပတ်ဝန်းကျင်ကို ပတ်ရမ်းတော့သည်။ ကျွန်တော်သည်လည်း ထိုသို့ဖြစ်လျှင် သူတို့မိသားစုလို ပြုလုပ်လိမ့်မည်ဖြစ်သည်။ သူတို့မိသားစုသည် ဒဏ်ရာရလာသည့် ခွေးကို ၀ိုင်းဝန်းကြည့်ရှုပြီး ဆေးထည့်ပေးနေကြသည်။ ကြည်နူးဖွယ်ကောင်းလှသည့် မြင်ကွင်းလေးတစ်ခုပင် ဖြစ်သည်။
အချိန်များကြာလာလေလေ သူတို့မိသားစုမွေးထားသည့် ခွေးသည်အဆောင်မှ လူများနှင့် ခင်မင်ရင်းနှီးသွားသဖြင့် အခန်းအသီးသီးတွင် နေထိုင်သည့်လူများမှ စားကြွင်းစားကျန်များကို လွှင့်မပစ်တော့ဘဲ ထိုခွေးကို ကျွေးကြသည်။ ထို့ပြင် အဆောင်နေသူအားလုံးမှလည်း တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ကိုက်ထားခြင်းမရှိဘဲနှင့် ခွေးပိုင်ရှင်မှာ သူတို့မိသားစုဖြစ်သည်ဟု တညီတညွတ်တည်း သတ်မှတ်လိုက်ကြသည်။
တစ်ညနေ အလုပ်မှ ကျွန်တော်ပြန်လာကာ အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး မှေးခနဲ အိပ်ပျော်သွားတော့မလိုဖြစ်နေသည့်အချိန်တွင် အခန်းအပြင်ဘက်မှ ဆူဆူညံညံအသံများကြောင့် လူးလဲထကာ အခန်းတံခါးဖွင့်ပြီး ကြည့်လိုက်သည်။ လူတစ်ယောက်သည် ပါးစပ်မှ ဆဲရေးတိုင်းထွာရင်း တုတ်တစ်ချောင်းကိုင်ကာ ဟိုဘက်လျှောက်လိုက် သည်ဘက်လျှောက်လုပ်နေသည်ကို ကျွန်တော်တွေ့လိုက်ရသည်။ တစ်ခုခုကို ရှာဖွေနေခြင်းပင်ဖြစ်သည်။ ထိုသို့ ကျွန်တော်ကြည့် နေရင်း တခဏမျှကြာသည့်အချိန်တွင် ကျွန်တော်သိလိုက်ရပါသည်။ သူတို့မိသားစု မွေးထားသည့် ခွေးသည် ထိုလူကို စက်ဘီးနင်းလာသည့်အချိန်တွင် လိုက်ဆွဲခြင်းဖြစ်သည်။ ထို့ကြောင့် ထိုလူမှအိမ်တွင် စက်ဘီးထားကာ ပြန်လာပြီး သူတို့မိသားစုမွေးထားသည့် ခွေးကို ရိုက်ဖို့ ပြန်လာရှာခြင်းပင်ဖြစ်သည်။ ထိုအချိန်တွင် သူတို့မိသားစုထံမှ မည်သည့်အသံကိုမျှ မကြားရဘဲ တိတ်ဆိတ်၍နေသည်။ ထို့ပြင် သူတို့မိသားစုခွေးသည်လည်း တစ်နေရာရာသို့ ထွက်ပြေးသွားပြီဖြစ်သည်။ ထိုလူသည် မပြန်ခင်အချိန်တွင် ပြောသွားသေးသည်။ “ခွေးကိုရိုက်ရင်တော့ ပိုင်ရှင်တွေပေါ်လာတယ်။ ခွေးက ကိုက်ရင်တော့ ပိုင်ရှင်တွေ မပေါ်လာတော့ဘူး” ဟုပင် ဖြစ်သည်။
ကျွန်တော်သည် အအေးဆိုင်တစ်ဆိုင်တွင် ထိုင်ကာ အအေးသောက်ရင်း လမ်းမပေါ်ကို ငေးနေမိသည်။ အအေးဆိုင်အနီးရှိ ဗာဒံပင်မှ ခြောက်သွေ့နေသည့် ရွက်ခြောက်များသည် လေပူများ တိုက်လိုက်သည့်အချိန်တွင် တစ်ရွက်ပြီးတစ်ရွက် ကြွေကျ၍နေသည်။ နေရောင်သည် အငြိုးတကြီး ပူပြင်း၍နေသည်။ လမ်းပေါ်တွင်လည်း တံလျှပ်များ ထ၍နေသည်။ ယခုလိုဖြစ်နေချိန်တွင် လမ်းဘေးမှာ သေနေသည့် ခွေးလေးကို ပုရွက်ဆိတ်များ တက်နေပြီလား။ အိမ်တစ်အိမ်အိမ်ကများ မြှုပ်လိုက်ပြီလား။ လမ်းဘေးမှာ သေနေသည့် ခွေးလေးကို ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်လိုက်လျှင် ကမ်းခြေတစ်ခုတွင် အသက်ကင်းမဲ့ကာလဲနေသည့် ကလေးငယ်လေးတစ်ယောက်၏ ဓာတ်ပုံတစ်ပုံလို ကမ္ဘာကျော်သွားမည်လား စသည့်အတွေးများနှင့် ကျွန်တော့်မှာ တစ်ယောက်တည်း ချာချာလည်နေပါတော့သည်။










